တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေသော ဖုန်ကြားရှင်ဦးဆောင်သည့် MNDAA (ကိုးကန့်အဖွဲ့) တွင် ၁၅ နှစ်အရွယ်ကလေးများကို စစ်သားအဖြစ်အသုံးပြုလျက်ရှိကြောင်း ရိုက်တာသတင်းဌာနဖော်ပြ

တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေသော ဖုန်ကြားရှင်ဦးဆောင်သည့် MNDAA (ကိုးကန့်အဖွဲ့) တွင် ၁၅ နှစ်အရွယ်ကလေးများကို စစ်သားအဖြစ်အသုံးပြုလျက်ရှိကြောင်း ရိုက်တာသတင်းဌာနဖော်ပြ
Published 20 March 2015
ကျော်ဇင်ဝင်း၊ အောင်ဇော်ထွန်း

တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေသော ဖုန်ကြားရှင်ဦးဆောင်သည့် MNDAA (ကိုးကန့်အဖွဲ့)တွင် အသက် ၁၅ နှစ်အရွယ်ကလေးများကို စစ်သားအဖြစ်အသုံးပြလျက်ရှိကြောင်း ရိုက်တာသတင်းဌာနက မတ် ၁၇ ရက်တွင် ဓာတ်ပုံဆရာ Stringer China ရိုက်ကူးထားသော မှတ်တမ်းတင်ဓာတ်ပုံများအား သတင်းဓာတ်ပုံအဖြစ် ပြန်လည်ဖော်ပြချက်အရ သိရသည်။MNDAA (ကိုးကန့်အဖွဲ့) ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြေပြုလှုပ်ရှားနိုင်ရေးရည်ရွယ်ကာ ဝင်ရောက်ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၉ ရက်မှ လက်ရှိအချိန်အထိ တပ်မတော်နှင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။လက်ရှိအစိုးရက ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တွင် MNDAA အဖွဲ့ပါဝင်ခြင်းမရှိပေ။သို့ရာတွင် အစိုးရနှင့်တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့်အဖွဲ့ဖြစ်သည်။ဗမာပြည်ကွန်မြူနစ်ပါတီမှခွဲထွက်လာသည့် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့သည် စစ်အစိုးရလက်ထက်က အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်ပြီး စစ်အစိုးရက အထူးဒေသများသတ်မှတ်ပေးကာ စီးပွားရေးလုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် သြဂုတ်လတွင် လောက်ကိုင်မြို့အထွက် ရန်လုံကျိုင်းဂိတ်အနီးရှိ စက်ရုံတစ်ခုသို့ဝင်ရောက်စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်များအား ကိုးကန့်လက်နက်ကိုင်များက ဖမ်းဆီးခြင်းပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးထားသည့်ရဲတပ်ဖွဲ့ဝင်များအား ပြန်လွှတ်ပေးရန် သွားရောက်စေ့စပ်ညှိနှိုင်းသည့် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များအား ကိုးကန့်အဖွဲ့မှပစ်သတ်ခဲ့ကြောင်း၊ ယင်းသို့ ရဲတပ်ဖွဲ့ဝင်များအားပစ်ခတ်ခြင်းကြောင့် တပ်မတော်နှင့် ကိုးကန့်အဖွဲ့ဝင်များ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကာလလေးရက်အကြာတွင် ကိုးကန့်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်သွားကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။လက်ရှိ လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော MNDAA (ကိုးကန့်အဖွဲ့)ကိုလည်း ယခင်ကိုးကန့်လက်နက်ကိုင်အဖွဲ့အားဦးဆောင်သူ အသက် ၈၅ နှစ်အရွယ် ဖုန်ကြားရှင်ကပင် ဆက်လက်ဦးဆောင်နေကြောင်း MNDAA (ကိုးကန့်အဖွဲ့)၏ ပြောရေးဆိုခွင့်ရှိသူက မီဒီယာများအားဖြေကြားထားသည်။တပ်မတော်အပါအဝင် မြန်မာနိုင်ငံ၌ ကလေးစစ်သားများ စုဆောင်းအသုံးပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်းရှိပြီး ယင်းတို့ထဲတွင် UWSA, KIA, DKBA,SSA/S,MNDAA စသည်တို့ပါဝင်ကြောင်း ၂၀၀၇ ခုနှစ် ကုလသမဂ္ဂ၏ထုတ်ပြန်ချက်များအရ သိရသည်။        မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့သည် ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ်အား ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းက သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ထို့နောက် ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် မြန်မာနှင့်ကုလသမဂ္ဂအဖွဲ့အစည်းတို့အကြား အရွယ်မရောက်သေးသည့်ကလေးသူငယ်များ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များတွင် စစ်မှုထမ်းခြင်းမှကာကွယ်ရန်နှင့် အသက်မပြည့်သေးသောတပ်သားသစ်များကို လွတ်မြောက်ခွင့်ပြုရန် လုပ်ငန်းဆောင်ရွက်မှုစီမံချက် (Action Plan) ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။တပ်မတော်မှ ကလေးစစ်သားများအား စီမံချက်စတင်ချိန်မှ လက်ရှိအချိန်အထိ စုစုပေါင်းဦးရေ ၆၀၀ နီးပါးနုတ်ထွက်ခွင့်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ် တစ်နှစ်တာအတွင်း ကလေးစစ်သားစုဆောင်းခဲ့သူ အရာရှိနှင့် စစ်သည် ၃၂၇ ဦးအား တပ်မတော်မှ စစ်စည်းကမ်းဖြင့် အရေးယူထားကြောင်း ထုတ်ပြန်ချက်များအရသိရသည်။ကမ္ဘာပေါ်တွင် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးများပါဝင်မှုဆိုင်ရာ ကလေးအခွင့်အရေးကွန်ဗင်းရှင်းအရ အနိမ့်ဆုံးအသက်ကန့်သတ်မှုမှာ ၁၈ နှစ်ဖြစ်ကြောင်း သိရသည်။အဆိုပါကွန်ဗင်းရှင်းအပေါ် ကမ္ဘာတစ်ဝန်းက လက်ခံလိုက်နာရန်အတွက်လည်း နိုင်ငံတကာကလေးစစ်သားများဆိုင်ရာအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

Most Read

Most Recent