သပိတ်မှောက်ကျောင်းသားများနှင့် ညှိနှိုင်းသဘောတူထားသည့် ကျောင်းသားသမဂ္ဂ၊ တက္ကသိုလ်ဝင်ခွင့်စနစ်၊ ပညာရေးအသုံးစရိတ် ရာခိုင်နှုန်း ၂၀ သုံးစွဲရန်အချက်များအပါအဝင် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်း

သပိတ်မှောက်ကျောင်းသားများနှင့် ညှိနှိုင်းသဘောတူထားသည့် ကျောင်းသားသမဂ္ဂ၊ တက္ကသိုလ်ဝင်ခွင့်စနစ်၊ ပညာရေးအသုံးစရိတ် ရာခိုင်နှုန်း ၂၀ သုံးစွဲရန်အချက်များအပါအဝင် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်း
Published 20 March 2015
စိုးမင်းထိုက်

သပိတ်မှောက်ကျောင်းသားများနှင့် ညှိနှိုင်းသဘောတူညီခဲ့သည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းရေး၊ တက္ကသိုလ်ဝင်ခွင့်စနစ်၊ ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းသုံးစွဲရန် စသည့်အချက်များအပါအဝင် ဥပဒေကြမ်းကော်မတီက မတ် ၂၀ ရက်တွင် အမျိုးသားလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့သည်။    မတ် ၂၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခဲ့သည်။    အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာတွင် အမျိုးသားပညာရေး မူဝါဒကော်မရှင်ဟုပြင်ဆင်ရန် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ နိုင်ငံရေးပါတီအချို့နှင့် သဘောတူခဲ့ကြောင်းဖော်ပြထားသည်။    ဥပဒေကြမ်း၏ အပိုဒ် ၆ တွင် အထူးပညာရေးအစီအစဉ်ဆိုသည်မှာ မသန်စွမ်းသူများအတွက် အထူးအစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရန် ကျောင်းများတည်ထောင်ဖွင့်လှစ်၍ သင့်လျော်သောသင်ကြားနည်းစနစ်ဖြင့် ပညာသင်ကြားခြင်းကိုဆိုလိုကြောင်း၊ အကဲဖြတ်ဆောင်ရွက်ရန် ဖွဲ့စည်းထားသော စကားရပ်အစား အကဲဖြတ်ဆောင်ရွက်ရန် အမှီအခိုကင်းသည့်ပညာရှင်များပါဝင်၍ ဖွဲ့စည်းထားသောဟုအစားထိုးရန် ထည့်သွင်းထားကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။    ထို့ပြင် တက္ကသိုလ်ကောင်စီဆိုသည်မှာ သက်ဆိုင်ရာတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာပါမောက္ခများ၊ ဌာနမှူးများ၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်ဆရာသမဂ္ဂ၏ ကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂမှ အမည်စာရင်းတင်သွင်းသော ဘွဲ့ရပုဂ္ဂိုလ်များ၊ အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များနှင့် အမှီအခိုကင်းသည့် ပညာရှင်များပါဝင်၍ သက်ဆိုင်ရာတက္ကသိုလ်ပဋိညာဉ်အရ ဖွဲ့စည်းထားသည့်ကောင်စီဟု ဥပဒေကြမ်းတွင်ထည့်သွင်းထားကြောင်း သိရသည်။ဥပဒေကြမ်းတွင် ကျောင်းသားများတောင်းဆိုခဲ့သည့် အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာတက္ကသိုလ်ပဋိညာဉ်နှင့်အညီ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်မှု လှုပ်ရှားခွင့်ရှိရေးဟု ထည့်သွင်းထားကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။    ထို့ပြင် တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့်ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်သည် အခြေခံပညာအထက်တန်းစာမေးပွဲရမှတ်ဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ တက်ရောက်မည့်တက္ကသိုလ်၏လိုအပ်ချက်အရ စိစစ်ရွေးချယ်သည့်စနစ်ထားရှိရေးဟု ပြင်ဆင်ထားကြောင်း သိရသည်။    အမျိုးသားပညာရေးမူဝါဒကော်မရှင်အားဖွဲ့စည်းရာတွင် အစိုးရအဖွဲ့က ရွေးချယ်အဆိုပြုသည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ပညာရှင်နှစ်ဦး၊ ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများမှရွေးချယ်သော နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ပညာရှင်နှစ်ဦး စသည်ဖြင့်ပြင်ဆင်ထားကြောင်း၊ ကော်မရှင်၏ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ကော်မရှင်က ရွေးကောက်တင်မြှောက်ရမည်ဟု ထည့်သွင်းထားကြောင်း သိရသည်။    ဥပဒေကြမ်း၏ ပုဒ်မ ၁၇ တွင် အခမဲ့မသင်မနေရ မူလတန်းပညာရေးကို အကောင်အထည်ဖော်ဆောင်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ရမည်ဟု ပြင်ဆင်ထားကြောင်း၊ ပုဒ်မ ၁၉ တွင် မိခင်တိုင်းရင်းသားဘာသာစကား အခြေပြုဘာသာစုံသင်ကြားရေးစနစ်ကို ရှေးဦးကလေးသူငယ်ပညာရေးမှစ၍ ကျင့်သုံးရမည်ဟု ပြင်ဆင်ဖြည့်စွက်ထားသည်။    တက္ကသိုလ်၏စီမံခန့်ခွဲရေးကို တက္ကသိုလ်ကောင်စီက တာဝန်ယူဆောင်ရွက်ရမည်၊ အဆင့်မြင့်ပညာကျောင်းများသည် ပညာရေးဆိုင်ရာလုပ်ငန်းများကို လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရှိရမည်ဟု ပြင်ဆင်ထားသည်။    အမျိုးသားပညာရေး ဥပဒေပုဒ်မ ၄၃ တွင် သင်ကြားရေး၌ ဘာသာစကားသုံးစနစ်ဖြစ်သော မိခင်တိုင်းရင်းသားဘာသာစကား၊ မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတို့ကို အသုံးပြုသင်ကြားနိုင်သည်။ မိခင်တိုင်းရင်းသားဘာသာစကားအမျိုးအစားတို့ကို ရွေးချယ်အသုံးပြုရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည် စသည်ဖြင့် ပြင်ဆင်ဖြည့်စွက်ထားကြောင်း သိရသည်။    ထို့အပြင် နိုင်ငံ၏ ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအသုံးစရိတ်၏ နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန် ရည်မှန်းဆောင်ရွက်ရမည်ဟု ပြင်ဆင်ထားကြောင်း အစီရင်ခံစာအရ သိရသည်။    အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် သင့် မသင့်ဆုံးဖြတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ကန့်ကွက်ခဲ့သော်လည်း တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် ကျန်သည့်ကိုယ်စားလှယ်အားလုံးက ထောက်ခံခဲ့သည့်အတွက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဆွေးနွေးမည့်ကိုယ်စားလှယ်များအနေဖြင့် မတ် ၂၃ ရက်နောက်ဆုံးထားကာ အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။                       

Most Read

Most Recent