လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စနှင့် “တော်လှန်ရေး” ဆိုသည့် စကားရပ်တို့နှင့် ပတ်သက်၍ UPWC နှင့် NCCTတို့အကြား ပြေလည်မှုရ

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စနှင့် “တော်လှန်ရေး” ဆိုသည့် စကားရပ်တို့နှင့် ပတ်သက်၍ UPWC နှင့် NCCTတို့အကြား ပြေလည်မှုရ
Published 20 March 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

မတ် ၁၉ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအ ဖွဲ့(NCCT) တို့၏ ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲ တတိယနေ့တွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စနှင့် တော်လှန်ရေးဆိုသည့် စကားရပ်တို့နှင့် ပတ်သက်ပြီး နှစ်ဖက်အကြား ပြေလည်မှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
UPWC နှင့် NCCT  ကိုယ်စားလှယ်များ သည် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူ စာချုပ် (မူကြမ်း)ပါ အခန်း ခုနစ်ခန်းအနက် လက်ရှိတွင် အခန်း(၁)မှ အခန်း(၅)အထိ ဆွေးနွေးပြီးဖြစ်ကာ တစ်နိုင်ငံလုံးအပစ်ရပ်စဲ ရေးစာချုပ် လုပ်ဆောင်ပြီးပါက အပစ်ရပ်စဲရေးစောင့်ကြည့်ရေး ပူးတွဲဆောင်ရွက်မည့်ကိစ္စနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကိစ္စများကို ပူးတွဲဆောင်ရွက်မည်ဖြစ်ရာ ယင်းတို့နှင့် ပတ်သက်၍ မည်ကဲ့သို့ဖွဲ့စည်းပုံနှင့် လုပ်ဆောင်မည်ဆိုသည်ကို နှစ်ဖက်ညှိနှိုင်းနေပြီး  မတ် ၂ဝ ရက်တွင် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
UPWC နှင့် NCCT တို့၏ တတိယနေ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် NCCT ကိုယ်စားလှယ် ဒေါက်တာဆလိုင်းလျန်မှုန်းက “ကျွန်တော်တို့ တိုင်းရင်းသားဘက်ကနေပြီးတော့ ဒီနေ့တိုးတက်မှုကို ပြောမယ်ဆိုရင်တော့ အရင်က ခဏခဏတစ်ဆို့နေတဲ့ တော်လှန်ရေးဆိုတဲ့ စကားလုံးလိုဟာမျိုးကို အစိုးရဘက်က လက်ခံပေးတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းသာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တော်လှန်ရေးကို အခြေခံသော နိုင်ငံရေးဆန္ဒကို အသိအမှတ်ပြုသောအားဖြင့် ဆိုတဲ့စကားလုံးတွေနဲ့ ကျွန်တော်တို့ရေးထားတာ ဖြစ်တဲ့အတွက် အရင်တစ်ခါက အမြဲတမ်းတစ်ဆို့နေတဲ့ စကားလုံးလည်း ပြေလည်သွားပါပြီ” ဟု ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာဆလိုင်းလျန်မှုန်းက “နောက် ဒုတိယအနေနဲ့ကတော့ Roadmap ကိစ္စဆွေးနွေးပါတယ်။ အားလုံးသိတဲ့အတိုင်း စက်တင်ဘာတုန်းက Roadmap ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှုအများကြီး တုံ့ဆိုင်းခဲ့တယ်။ ဒီနေ့အစိုးရဘက်က ပြန်လည်ပြီးတင်ပြတာက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို Roadmap အနေနဲ့မဟုတ်ဘဲနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့် အကြောင်းအရာပုံစံမျိုးနဲ့ ပြန်လည်ပြီး တော့တင်ပြတဲ့အတွက် ဒါကတိုးတက်မှုလို့ မြင်ပါတယ်။ ဒါကို ဒီညကျွန်တော်တို့ NCCT အတွင်းမှာ ထပ်ပြီးတော့ ဆွေးနွေးမယ်။ ဆွေးနွေးမယ့် အကြောင်းအရာ အဖြစ်နဲ့သာ အစိုးရဘက်က လက်ခံတယ်ဆိုရင်တော့ အင်မတန်မှ အဆင်ပြေမယ့် အလားအလာဖြစ်ပါတယ်” ဟု ပြောကြားသည်။
 
 
 

Most Read

Most Recent