ပြည်ပဝင်ရောက်မြှုပ်နှံခွင့်ပြုထားသည့် လုပ်ငန်းကဏ္ဍ ၁၂ ခုအနက် ယခုဘဏ္ဍာနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ သုံးဘီလျံကျော်ဖြင့် အများဆုံး မြှုပ်နှံထား

ပြည်ပဝင်ရောက်မြှုပ်နှံခွင့်ပြုထားသည့် လုပ်ငန်းကဏ္ဍ ၁၂ ခုအနက် ယခုဘဏ္ဍာနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ သုံးဘီလျံကျော်ဖြင့် အများဆုံး မြှုပ်နှံထား
Published 19 March 2015
ချမ်းမြေ့သူ

ပြည်ပနိုင်ငံများအား ဝင်ရောက်မြှုပ်နှံခွင့်ပြုထားသည့် လုပ်ငန်းကဏ္ဍ ၁၂ ခုအနက် ယခုဘဏ္ဍာနှစ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာသုံးဘီလျံကျော်ဖြင့် အများဆုံးဝင်ရောက် မြှုပ်နှံမှုပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ ပြည်ပနိုင်ငံပေါင်း ၂၇ နိုင်ငံက ဒေါ် လာ ၇ ဒသမ ၈ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံငွေ ပမာဏ ဒေါ်လာ ၃၂၂ဝ သန်းကျော်(ဒေါ်လာသုံးဘီလျံကျော်) ရှိကြောင်း သိရသည်။
သို့ဖြစ်၍ အခြားကဏ္ဍများတွင် ဝင်ရောက်မြှုပ်နှံမှုပြုလုပ်ကြသည့် ပမာဏထက် ပိုမိုများပြားနေခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒုတိယအများဆုံး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့်လည်း ၂ဝ၁၄ ခုနှစ် ဇူလိုင်နှင့် ဩဂုတ်လများတွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခြင်းဆိုင်ရာ PSC  စာချုပ်အရ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်သည့် လုပ်ငန်း ၁၃ ခုအား ပြည်တွင်းလုပ်ငန်းရှင်များနှင့် စင်ကာပူ၊ လစ်ဗျား၊ အိန္ဒိယ၊ ဘရူနိုင်း၊ British Virgin Islands၊ ကနေဒါ၊ လူဇင်ဘတ်နှင့် နယ်သာလန်နိုင်ငံတို့ရှိ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းများကို မွန်ပြည်နယ် (မော်လမြိုင် ဒေသ)၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး (ပုသိမ်ဒေသ၊ မြင်သာဒေသ)၊ ပဲခူးတိုင်းဒေသကြီး (ထန်းတစ်ပင်ဒေသ၊ တောင်ငူ-ပျဉ်းမနားဒေသ၊ မရမန်ဒေသ၊ သဲကုန်း-ရွှေတူဒေသ)၊ စစ်ကိုင်းတိုင်းဒေသကြီး (ဇီးဖြူတောင်-နန်တောဒေသ၊ အင်းတော်-ရ နန်းဒေသ) နှင့် မကွေးတိုင်းဒေသကြီး (ကျောက်ကြီး-မင်းတုန်းဒေသ) တို့တွင် အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ လအတွင်း ရခိုင်ကမ်းလွန်လုပ်ကွက်များဖြစ် သည့် A-4၊ AD-2၊ A-7 နှင့် A-5 လုပ်ကွက် များအား မြန်မာနှင့် စင်ကာပူ ပူးပေါင်းကုမ္ပဏီများအား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစား ရေးစာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပြည်ပနိုင်ငံများ၏ ဝင်ရောက် မြှုပ်နှံမှုပမာဏသည် ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၁၁၄ သန်းကျော်၊ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၇၈ သန်းကျော်၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ဝ၁၇၉ သန်းကျော်၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၄၇ သန်းကျော်၊  ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ဝ၉ သန်းကျော် ရှိပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ဝင်ရောက်မြှုပ်နှံမှု လုံးဝပြုလုပ်ခဲ့ခြင်းမရှိဘဲ ယခုဘဏ္ဍာနှစ်မှသာ ပြန်လည်ဝင်ရောက် မြှုပ်နှံမှုပြုလုပ်ကြခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
                           
 

Most Read

Most Recent