ချောင်းသာ၊ ငွေဆောင်ကမ်းခြေများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီး လာရောက်အပန်းဖြေရန် ဟိုတယ်များတွင် ကြိုတင်မှာကြားသူ များပြား

ချောင်းသာ၊ ငွေဆောင်ကမ်းခြေများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီး လာရောက်အပန်းဖြေရန် ဟိုတယ်များတွင် ကြိုတင်မှာကြားသူ များပြား
Published 18 March 2015
မင်းသူဝင်းထွဋ် (မြောင်းမြ)

ဧရာဝတီတိုင်းဒေသကြီး၏ အပန်းဖြေစခန်းများဖြစ်သော ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီး လာရောက်အပန်းဖြေရန်အတွက် ဟိုတယ်များတွင် ကြိုတင်မှာကြားထားသူများ အလွန်များပြားနေကြောင်း သတင်းရရှိသည်။ငွေဆောင်ကမ်းခြေတွင် ကမ်းခြေဟိုတယ်များသာမက ကုန်းတွင်းဟိုတယ်များတွင်ပါ ကြိုတင်အခန်း မှာကြားထားသူများ အလွန်များပြားနေပြီး၊ အခန်းခများကို ပုံမှန်နှုန်းထားများသာ ဆက်လက်ကောက်ခံနေလျက်ရှိကြောင်း ငွေဆောင်ကမ်းခြေ ဟိုတယ်များထံမှ သတင်းရရှိသည်။“ကျောင်းသားတွေ စာမေးပွဲအပြီးက စပြီးတော့ လူကျတယ်။ မတ်လကုန်ခါနီး ၂၇ ရက်နဲ့ ၂၈ ရက်မှာတော့ အများဆုံး ဝင်ရောက်လာမယ်။ ဆယ်တန်းစာမေးပွဲ ပြီးချိန်ကစပြီး ဧည့်သည်က စကျတာ။ ဒါရာသီချိန်လဲ ဖြစ်လာပြီလေ။ တည်းခိုခဈေးနှုန်းတွေလည်း အဖွဲ့အစည်းနဲ့ ညှိနှိုင်းလုပ်ဆောင်နေတာဆိုတော့ ပုံမှန်နှုန်းထားပါပဲ။ ကမ်းခြေဟိုတယ်တွေတင် မဟုတ်ဘူး။ ကျွန်တော်တို့လို ကုန်းတွင်းပိုင်း ဟိုတယ်တွေမှာကအစ အခန်းက အကုန်ပြည့်တာပဲ။ လာရောက်တဲ့ ဧည့်သည်တွေကိုလည်း ဝန်ဆောင်မှုအပြည့်အ၀ ပေးနိုင်အောင် ဝန်ထမ်းတွေကိုလည်း လေ့ကျင့်ပေးထားပါတယ်” ဟု ချောင်းသာကမ်းခြေ ဟိုတယ်များအသင်းမှ ဦးညိုဝင်းအောင် (ဧရာဝတီဟိုတယ်)က ပြောကြားသည်။ကမ်းခြေများတွင် လာရောက်အပန်းဖြေမည့် ဧည့်သည်များ များပြားမည်ဖြစ်သောကြောင့် ကမ်းခြေများတွင် ဈေးရောင်းချနေသည့် ဈေးသည်များ အနေဖြင့်လည်း ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။“ကုန်တွေဝယ်ဖြည့် လူတွေငှားနဲ့ ကြိုလုပ်ထားရတယ်။ ဧည့်သည်က တကယ်ကျလာရင် မနိုင်ဘူး။ ဒီရက်တွေက ဧည့်အဝင်များတဲ့ ရက်တွေဆိုတော့ ဆိုင်အပြင်အဆင်ကအစ အမြန်ဆုံး ပြန်ဖြည့်နေရတယ်” ဟု ချောင်းသာကမ်းခြေ ထီးကမ္ဘာဈေးသည်မှ ဈေးသည်တစ်ဦးက ဆိုသည်။   

Most Read

Most Recent