နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ပြီးနောက်ပိုင်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၀၇၇ ကျပ်ဝန်းကျင်အထိ စံချိန်တင် မြင့်တက်

နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ပြီးနောက်ပိုင်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၀၇၇ ကျပ်ဝန်းကျင်အထိ စံချိန်တင် မြင့်တက်
Published 18 March 2015
အောင်မြတ်ကို

နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ပြီးနောက်ပိုင်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁ဝ၇၇ ကျပ်ဝန်းကျင်အထိ စံချိန်တင် မြင့်တက်လာကြောင်း နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်း စနစ်စတင်ခဲ့သည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာရှိရာမှ ယခု ၂ဝ၁၅ ခုနှစ် မတ် ၁၈ ရက်ထိ ၃၅ လအကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ၂၆၂ ကျပ်ကျော်အထိ ဈေးနှုန်းမြင့်လျက်ရှိသည်။မတ် ၁၈ ရက်တွင် ဖြစ်ပေါ်နေသော တစ်ဒေါ်လာတန်ဖိုးမှာ သိမ်ဖြူငွေလဲကောင်တာတွင် ရောင်းဈေး ၁ဝ၃၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၃၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ကျပ် ၁ဝ၇၇ ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၇၂ ကျပ်ဝန်းကျင်တွင်ရှိနေပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် ရောင်းဈေး ၁ဝ၃၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၃၄ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁ဝ၂၇ ကျပ် သတ်မှတ်ထားသည်။ယခု ဖြစ်ပေါ်နေသော ဒေါ်လာလဲနှုန်းသည် အမြင့်ဆုံးမြင့်တက်ခဲ့သည့် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ပြင်ပဈေးနှုန်းဖြစ်သော ၁ဝ၇၆ ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၇၄ ကျပ်ဝန်းကျင်ထက် စတင်ကျော်လွန်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မတ် ၁၈ ရက် ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်းသည် မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာ ရောင်းဈေးမှာ ၁ဝ၇၉ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့သည်။ပြင်ပနိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် မတ် ၆ ရက်တွင် တစ်ဒေါ်လာရောင်းဈေး ၁ဝ၄၃ ကျပ်ဝန်းကျင်အထိ ရှိခဲ့ပြီး မတ် ၁ဝ ရက်တွင် တစ်ဒေါ်လာရောင်းဈေး ၁ဝ၃၈ ကျပ်ဝန်းကျင်တွင် တည်ရှိနေခဲ့သည်။ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ကျပ် ၁ဝ၄ဝ ဝန်းကျင်တွင် ရှိနေသော်လည်း မတ် ၁ဝ ရက်မှစတင်၍ တစ်ရက်လျှင် ကျပ် ၁ဝ နှုန်းအထိ သိသာစွာ မြင့်တက်လာခဲ့သည်။မတ် ၁၈ ရက် ပို့ကုန်ရငွေတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁ဝ၈၂ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့သည်။တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ဝ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ဝ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ဝ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ဝ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
 
ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်းများ (ကျပ်)
ရက်စွဲ
သိမ်ဖြူဈေး
ပြင်ပဈေး
 ၉-၃-၂၀၁၅
၁၀၃၃/၁၀၃၅
၁၀၃၁/၁၀၃၅
 ၁၀-၃-၂၀၁၅
၁၀၃၃/၁၀၃၅
၁၀၃၄/၁၀၃၈
 ၁၁-၃-၂၀၁၅
၁၀၃၃/၁၀၃၅
၁၀၆၀/၁၀၆၄
 ၁၂-၃-၂၀၁၅
၁၀၃၃/၁၀၃၅
၁၀၆၈/၁၀၇၃
 ၁၃-၃-၂၀၁၅
၁၀၃၃/၁၀၃၅
၁၀၆၂/၁၀၆၆
 ၁၆-၃-၂၀၁၅
၁၀၃၃/၁၀၃၅
၁၀၆၄/၁၀၆၆
 ၁၇-၃-၂၀၁၅
၁၀၃၃/၁၀၃၅
၁၀၆၇/၁၀၇၁
 ၁၈-၃-၂၀၁၅
၁၀၃၃/၁၀၃၅
၁၀၇၂/၁၀၇၇