သုံးနှစ်အတွင်း တိုက်ပွဲပေါင်း ၁၅၀၀ ကျော်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကေအိုင်အိုတို့အကြား နားလည်ယုံကြည်မှုရရှိနေပြီဟု နှစ်ဖက်ကိုယ်စားလှယ်များပြောကြား

သုံးနှစ်အတွင်း တိုက်ပွဲပေါင်း ၁၅၀၀ ကျော်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကေအိုင်အိုတို့အကြား နားလည်ယုံကြည်မှုရရှိနေပြီဟု နှစ်ဖက်ကိုယ်စားလှယ်များပြောကြား
Published 17 March 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ လက်ရှိအချိန်ထိ အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ ကေအိုင်အေ)တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလျက်ရှိရာ လက်ရှိတွင် တပ်မတော်နှင့် ကေအိုင်အိုတို့အကြား အတော်အသင့်နားလည်ယုံကြည်မှု တစ်စုံတစ်ရာရရှိနေပြီဖြစ်ကြောင်း မတ် ၁၇ ရက်က ရန်ကုန်မြို့၌ပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ကေအိုင်အိုကိုယ်စားလှယ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့က ပြောကြားသည်။အစိုးရနှင့်ကေအိုင်အိုအဖွဲ့တို့သည် ၁၉၉၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ (၁၇) အပစ်ရပ်စဲရေးဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိအစိုးရသစ်လက်ထက်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကာ မတ် ၁၆ ရက်က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်နှင့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ ပထမဆုံးအကြိမ်လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ အပစ်ရပ်စဲရေးညှိနှိုင်းမှုဆွေးနွေးပွဲ ပထမနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက "ဒီနေ့ဆွေးနွေးပွဲက အင်မတန်မှထူးခြားတဲ့ ဆွေးနွေးပွဲတစ်ခုလို့ ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်ပတ်မှာ ကျွန်တော်တို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကေအိုင်အို ကေအိုင်အေအဖွဲ့နဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် နေပြည်တော်မှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံခဲ့တာဖြစ်တဲ့အတွက် တပ်မတော်နဲ့ ကေအိုင်အို/ကေအိုင်အေကြားမှာဆိုလည်း အတော်အသင့်နားလည်မှုတွေ ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ပြောလို့ရတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့တွေ့ဆုံတဲ့ဆွေးနွေးပွဲဟာ ခါတိုင်းတွေ့ဆုံတဲ့ ဆွေးနွေးပွဲတွေနဲ့မတူဘဲနဲ့ ဒီနေ့ဟာ အင်မတန်ထူးခြားတဲ့ဆွေးနွေးပွဲတစ်ခုလို့ ပြောလို့ရပါတယ်" ဟုပြောကြားသည်။ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက "ဒီလိုရရှိလာတဲ့ နားလည်မှုယုံကြည်မှုတွေကနေပြီးတော့မှ ဒီကနေ့ ကျွန်တော်တို့မျှော်မှန်းထားတဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ဟာကို ဒီကနေ့အစည်းအဝေးမှာ ဘယ်လိုပဲဖြစ်ဖြစ် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ယုံကြည်ပါတယ်။ နောက်တစ်ခုက ဒီနေ့ဆွေးနွေးပွဲမှာလည်း ပဋိပက္ခလျော့နည်းရေးကိစ္စတို့ နောက်တစ်ခါ NCA နဲ့ပတ်သက်ပြီးတော့ ကျန်ခဲ့တဲ့အချက်အလက်တွေ၊ ပြီးပြတ်အောင်ဆွေးနွေးဖို့ကိစ္စတွေ ဒါတွေကိုထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်" ဟုပြောကြားသည်။ငြိမ်းချမ်းရေးကိုအလိုချင်ဆုံးက တပ်မတော်ပင်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ထိတွေ့မှုများကို ပြန်ကြည့်ပါက ကချင်ပြည်နယ်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း၌ ၂၀၁၁ ဇွန်လမှစတင်ကာ တပ်မတော်နှင့် ကေအိုင်အို/ကေအိုင်အေအဖွဲ့အကြား ထိတွေ့မှုများဖြစ်ပွားခဲ့ရာ ၂၀၁၃ နှစ်ကုန်အထိ အကြိမ်ပေါင်း ၁၄၅၀ ခန့်ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်အတွင်း၌ (၆၈) ကြိမ်သာရှိခဲ့ကြောင်း၊ ဆွေးနွေးမှုများမှတစ်ဆင့် ထောင်ဂဏန်းလောက်ထိဖြစ်သော ထိတွေ့မှုများကနေ လျှော့ချနိုင်ခဲ့သည်ဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

UPWC မှ  တပ်မတော်ကိုယ်စားလှယ်  အဆင့်မြင့်အရာရှိကြီးများနှင့်  NCCT မှ  KIO ကိုယ်စားလှယ်  ဗိုလ်ချုပ်  ဂွမ်မော်တို့အား  မတ်  ၁၇  ရက်က  တွေ့ရစဉ်"လုံးဝပစ်ခတ်တိုက်ခိုက်မှုရပ်စဲသွားဖို့ဆိုတာကတော့ ကျွန်တော်တို့ ဒီနေ့ကြိုးပမ်းတဲ့ NCA မှာပါဝင်တဲ့ အချက်အလက်တွေအားလုံးကို လက်ခံသဘောတူညီမယ်ဆိုလို့ရှိရင် ကျွန်တော်တို့မျှော်မှန်းတဲ့အတိုင်း ထာဝရငြိမ်းချမ်းရေးကို မလွဲမသွေရရှိတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့တက်ရောက်လာကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုတာက တစ်ဦးနဲ့တစ်ဦးနဲ့ စိတ်ရှည်သည်းခံပြီးတော့ ဒီကနေ့ဆွေးနွေးပွဲကနေရရှိလာတဲ့ အကျိုးအမြတ်ဟာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းထားတဲ့အတိုင်း ငြိမ်းချမ်းရေးကိုဦးတည်ပြီးတော့ ဆောင်ရွက်သွားကြပါဆို့လို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်ပါတယ်" ဟု ၎င်းကဆိုသည်။ကေအိုင်အို/ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း ကေအိုင်အိုဗဟိုကော်မတီမှစေလွှတ်လိုက်သည့် ကေအိုင်အိုဗဟိုကော်မတီဝင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံစဉ် ကေအိုင်အို၏သဘောထားနှင့် ရှေ့မျှော်မှန်းချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြခဲ့ပြီး တပ်ပိုင်းဆိုင်ရာကိစ္စများကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကြောင်း၊ ဗိုလ်ချုပ်ကြီးမြင့်စိုးပြောသလိုပင် တစ်စုံတစ်ရာနားလည်မှုများရခဲ့သည်ဟု အတည်ပြုပြောကြားလိုကြောင်း ပြောကြားသည်။"ဆွေးနွေးပွဲအစပိုင်းမှာ ပဋိပက္ခလျှော့ချရေးခေါင်းစဉ်များကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါ ကျွန်တော်တို့ဆီမှာ မမျှော်လင့်တဲ့အခက်အခဲတွေ တိုက်ပွဲတွေ အများကြီးရှိတယ်ဆိုတာ နှစ်ဖက်အသိပါ။ ဒီလိုဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့က တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အပြစ်ရှာပြီး ပြောတဲ့ပုံစံမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးကနေ အဖြေရှာမယ်။ အဲဒီအဖြေကနေတစ်ဆင့် ကျွန်တော်တို့လိုလားနေတဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားကြမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျွန်တော်တို့ရောက်လာတာဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော်ကပြောကြားသည်။ထို့ပြင် NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ယခု (၇) ကြိမ်မြောက်ဆွေးနွေးပွဲပြုလုပ်သည့်အချိန်သည် နိုင်ငံမြောက်ပိုင်းတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား တိုက်ပွဲများပြင်းထန်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ သို့ရာတွင် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် အစိုးရနှင့် တပ်မတော်အကြီးအကဲများနှင့် ဝင်ရောက်တွေ့ဆုံနိုင်ခဲ့ခြင်းသည် အလွန်ကောင်းမွန်သည့်အလားအလာဖြစ်ပြီး ကေအိုင်အိုနှင့် အစိုးရအကြား ယုံကြည်မှုတည်ဆောက်နိုင်ပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရန် များစွာအထောက်အကူဖြစ်စေမည်ဟု ပြောကြားသည်။တပ်မတော်နှင့် ကေအိုင်အေတို့၏ ကချင်ဒေသတိုက်ပွဲများကြောင့် နှစ်ဖက်တပ်သားများ သေဆုံးဒဏ်ရာရရှိမှု များပြားစွာရှိခဲ့သည့်အပြင် တိုက်ပွဲများကြောင့် ဒေသခံများလည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၁၁ ဇွန်လမှ လက်ရှိအချိန်ထိ ကချင်ဒေသခံတစ်သိန်းကျော်မှာ စစ်ဘေးဒုက္ခသည်စခန်းများတွင် ခက်ခဲစွာနေထိုင်ကြရဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent