အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာလုပ်ဆောင်ချက်များ ထိရောက်မှု ရှိ၊ မရှိ ထောက်ပြထားသော နိုင်ငံတွင်းလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာကို အရပ်ဘက်အဖွဲ့အစည်းများက မတ် ၂၀ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါအစီရင်ခံစာနှင့်ပတ်သက်သည့် ရှင်းလင်းပွဲကို မတ် ၁၇ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည်။ အစီရင်ခံစာကို ဦးဆောင်ရေးဆွဲခဲ့သည့် Equality Myanmar မှ ဦးအောင်မျိုးမင်းက "ဒါက Universal Periodic Review လို့ခေါင်းစဉ်တပ်ပြီးတော့ လုပ်တာဖြစ်တယ်။ အဲဒီလုပ်ငန်းစဉ်ဖြစ်တဲ့အတွက် Myanmar UPR Forum ဆိုပြီးတော့ ကျွန်တော်တို့ခေါင်းစဉ်တပ်ပါတယ်။ ပထမအစီရင်ခံစာတင်တဲ့ ၂၀၁၁ ခုနှစ်နဲ့ အခု ၂၀၁၅ ခုနှစ်အကြားမှာ တချို့သောလူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာခဲ့တယ်လို့ပြောပေမယ့် တကယ်တမ်းကျတော့ မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံတကာမှာ ကတိပေးထားတာတွေကို ထိထိရောက်ရောက် လေးစားလုပ်ဆောင်ဖို့ ပျက်ကွက်နေဆဲပါ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ၊ စုဝေးခွင့်တွေအပေါ် အကြမ်းဖက်မှုတွေ ပိုတောင်ဆိုးရွားလာပါတယ်။ ဒါတွေကိုတင်ပြဖို့ အခုလိုအစီရင်ခံစာတင်သွားတာဖြစ်ပါတယ်" ဟုပြောကြားသည်။အဆိုပါလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာကို အရပ်ဘက်အဖွဲ့အစည်း ၃၁ ဖွဲ့က ပူးပေါင်းရေးဆွဲထားခြင်းဖြစ်ပြီး တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်စွာအဖွဲ့အစည်းဖွဲ့စည်းခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်း စသည့်ခေါင်းစဉ်ရှစ်ခုဖြင့် ပြုစုထားကြောင်း သိရသည်။ အစီရင်ခံစာတွင် အစိုးရထံ အကြံပြုတိုက်တွန်းချက် ၃၆ ချက်ကိုတင်ပြထားပြီး ထိုအထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များအားလုံးကို လွတ်လပ်ပြီး ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန်၊ အပြစ်ရှိနေသူများ အပြစ်မှကင်းလွတ်နေခြင်းကို အဆုံးသတ်ရန်တို့ပါဝင်ကြောင်း သိရသည်။
အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာလုပ်ဆောင်ချက်များ ထိရောက်မှု ရှိ မရှိ ထောက်ပြထားသော နိုင်ငံတွင်းလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ ကုလသမဂ္ဂသို့ အရပ်ဘက်အဖွဲ့အစည်းများ ပထမဆုံးအကြိမ်ပေးပို့မည်