ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၁)

ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၁)
Published 17 March 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

(၁)
 
၂ဝ၁၅ ခုနှစ်သည် မြန်မာပြည်ကံကြမ္မာအတွက် အရေးပါသော နှစ်တစ်နှစ်ဖြစ်လိမ့်မည်ဟု ၂ဝ၁၄ ခုနှစ်ကတည်းက မျှော်လင့်ခဲ့ကြသည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် နိုင်ငံရေးအပြောင်းအလဲကို ချိန်ဆကြခြင်း ဖြစ်ပါ၏။ နိုင်ငံရေး လေ့လာသူများကမူ နိုင်ငံတကာအတွေ့အကြုံ၊ ဖြတ်ထုံးများအရ ရွေးကောက်ပွဲအကြိုနှစ်ဟူသည် မုန်တိုင်းထန်သော နှစ်၊ အာဏာရပါတီ၊ အာဏာရအစိုးရက အတိုက်အခံများကို နှိပ်ကွပ်ဖိနှိပ်သည့် နှစ်၊ ရှေ့အတွေ့အကြုံများအရ အကဲဖြတ်ကြသည်။ ဤသည်မှာ ကမ္ဘာ့သမိုင်း နိုင်ငံရေးဇာတ်ခုံတွင် မြင်တွေ့ရလေ့ရှိသည့် ဇာတ်ဝင်ခန်း ဖြစ်ပါသည်။
 
မြန်မာနိုင်ငံတွင်မူ ၂ဝ၁၅ ခုနှစ်သစ် စတင်သည်နှင့် နိုင်ငံရေးရာရာသီဥတုက ဆီးနှင်း၊ မြူတိမ်၊ သူရိန်မီးခိုး၊ ညစ်မျိုးငါးအင်တို့ စုဝေးအုံ့ဆိုင်းလာသည်။ လောက်ကိုင်မှ အမြောက်သံများ၊ ယမ်းနံ့၊ သွေးစက်၊ စစ်ဘေးရှောင်သူများဖြင့် နှစ်သစ်ကို စဖွင့်သည်။ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကမ္ဘာကျော်ရုပ်သံလိုင်းတစ်ခု၏ တွေ့ဆုံမေးမြန်းခန်းတွင် ဖုန်ကျားရှင်က ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်မည်ဟု တစ်လခန့်ကြို၍ ပြောကြားခဲ့သည်။ စစ်မီးကား မငြိမ်းသေး။ တရုတ်ကို ကြောက်ရပါသည်။ “တရုတ် ကျေးဇူးရှိပါသည်” ဆိုသူများ ပါးစပ်ပိတ်သွားသည်။ နောက် အလုပ်သမားသပိတ်၊ မြေသိမ်း၊ ယာသိမ်း၊ နောက်ဆက်တွဲပြဿနာများအပြင် အမျိုးသားပညာရေးဥပဒေ အမှိုက်ကစ၍ ပြာသာဒ်မီးလောင်သည့်အဆင့် ရောက်လာသည်။ အလုပ်သမားများကို မတ်လ ၄ ရက် ရန်ကုန်တွင် အကြမ်းဖက် ရိုက်နှက်ဖြိုခွဲမှု၊ မတ်လ ၅ ရက်တွင် လက်ပတ်နီဝတ် ယာကူဇာများက ကျောင်းသားများကို မြို့တော်ခန်းမ ရှေ့လူလယ်ကောင်တွင် အကြမ်းဖက်မှု၊ မတ်လ ၁ဝ ရက်နေ့ (၁၉၈၈ ခုနှစ်က လုံထိန်းတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရသည့် မတ် ၁၃ ရက် (၂၇) နှစ်မြောက် နှစ်ပတ်လည်နေ့ မတိုင်မီ ၂ ရက် အလို) တွင် လက်ပံတန်း၌ ကျောင်းသားများကို ရက်ရက်စက်စက် ရိုက်နှက်ဖြိုခွင်းသည်။ သားသမီးချင်း စာနာတတ်သူတိုင်း ကြေကွဲဝမ်းနည်း ကြရပါသည်။
 
ဤအခြေအနေတွင် တာဝန်ရှိပုဂ္ဂိုလ်ဆိုသူများက ယာကူဇာ လက်ပတ်နီများ၏ မတ် ၅ ရက်က အကြမ်းဖက်မှု၊ လက်ပံတန်းတွင် အင်အားသုံးဖြိုခွဲမှုတို့ကို ဥပဒေနှင့်အညီဖြစ်သည်ဟု မရှက်မကြောက် ဖြေရှင်းသံများကို ကြားရသည်။ ဤအပြုအမူများသည် အမှန်တကယ် “ဥပဒေနှင့်ညီပါသလား”  တရားဥပဒေ တကယ်စိုးမိုးပါသလား။ ဥပဒေတရားခွင်တွင် စီရင်ချိန်စက် ကြည့်ကြပါစို့။
 
(၂)
 
မတ်လ ၅ ရက်တွင် ယာကူဇာလက်ပတ်နီများဖြင့် အင်အားသုံးဖြိုခွင်းမှုကို စုံစမ်းရန် နိုင်ငံတော်အစိုးရကလည်း စုံစမ်းရေးကော်မရှင်ဖွဲ့ထားသည်။ ထုံးစံအတိုင်း လွတ်လပ်သော၊ ပြည်သူလေးစားသော ပြင်ပပုဂ္ဂိုလ် တစ်ဦးမျှမပါ။ 
ယာကူဇာ လက်ပတ်နီများကို ခေါ်ယူအသုံးပြုခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ-၁၂၈ ကို ကိုးကားပြီး ဥပဒေနှင့်ညီကြောင်း ဖော်ပြထားသည်။ အဆိုပါပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ၁၈၉၈ ခုနှစ် ဇူလိုင် ၁ ရက်တွင် အိန္ဒိယအက် ဥပဒေအမှတ်-၅ အဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၃ နှစ် ကြာသည့်တိုင် သူ့ကျွန်မခံ တော်လှန်ပုန်ကန်နေသည့် မြန်မာမျိုးချစ်များကို ဗြိတိသျှအစိုးရက ချေမှုန်းနေရဆဲအချိန်တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
 
ယင်း ဥပဒေပုဒ်မ-၁၂၈ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။
 
၁၂၈။    ။ ထိုကဲ့သို့ အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင် သို့မဟုတ် ထိုသို့ အမိန့် မပေးပါက လူစုလူဝေးကို မုချမဖျက်မည့် အကြောင်းထင်ရှားစေသည့် အမူအရာကိုပြုလုပ်လျှင် မည်သည့် ရာဇဝတ်တရားသူကြီး သို့မဟုတ်  မည်သည့် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒု-ရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိက မဆို ထိုအစုအဝေးကို လူစုကွဲအောင် အင်အားသုံး၍ ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ကြည်း၊ ရေ၊ လေတပ်သားအရာရှိ မဟုတ်သူ၊ သို့မဟုတ် မြန်မာနိုင်ငံနယ်ခြားတပ် အက်ဥပဒေ သို့မဟုတ် မြန်မာနိုင်ငံ အရန်တပ်အက်ဥပဒေအရ လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသားကိုမဆို အကူအညီတောင်းနိုင်သည်။ ထိုသူများကို  အင်အားပြုလုပ်၍ လူစုခွဲရမည်။ လိုအပ်လျှင် အစုအဝေးတွင် ပါဝင်သူတို့ကို လူစုခွဲရန် သို့မဟုတ် တရားဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်သည်။
 
မူရင်း အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းချက်တွင် “May” ဖော်ပြထားသဖြင့် သုံးစွဲခွင့်ရှိကြောင်း ညွှန်းဆိုထားပြီး မလုပ်မနေရ “Shall” ဟုပြဋ္ဌာန်းခြင်း မရှိ၊ ပုဒ်မ-၁၂၈ ကို ပုဒ်မ-၁၂၇ နှင့်ဆက်စပ်စဉ်းစားပါမှ အဖြေပေါ်ပါမည်။
 
ပုဒ်မ-၁၂၇ မည်သည့် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို တရားဥပဒေနှင့်ဆန့်ကျင်သည့် အစုအဝေးတစ်စုံတစ်ရာကို သို့ မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို အနှောင့်အယှက်ဖျက်ဆီးရန်ရှိသော လူငါးဦးဖြစ်စေ၊ ၎င်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေးတစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့ အမိန့်ပေးသည့် အခါတွင်လည်း ၎င်းအစုအဝေးတွင် ပါဝင်သူတို့သည် အမိန့်ပေးခဲ့သည့်အတိုင်း လူစုခွဲရန် တာဝန်ရှိသည်။
 
ထိုပြဋ္ဌာန်းချက်များအရ ဥပဒေနှင့်မညီသော အစုအဝေး (Unlawful Assembly) ကို ရာဇဝတ်တရားသူကြီး (သို့) ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး (သို့မဟုတ်) အနိမ့်ဆုံးဒုရဲအုပ်က လူစုခွဲရန် အမိန့်ပေးနိုင်သည်။ (ပုဒ်မ -၁၂၇) ထိုလူအုပ်သည် (ပုဒ်မ-၁၂၇ တွင် ညွှန်ပြထားသော လူအုပ်) လူစုမခွဲပါက ဆိုခဲ့သည့် ရာဇဝတ်တရားသူကြီး (သို့) ရဲစခန်းမှူး (သို့) ဒုရဲအုပ်သည် လူစုခွဲရန် ဆက်လက်ဆောင်ရွက်နိုင်သည်။ (May Procced) အကူအညီ လိုအပ်ပါက မည်သည့်အရပ်သား ယောက်ျားကိုမဆို (And May require the assistance of any male person) ခေါ်ယူ အသုံးပြုနိုင်ကြောင်း ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
 
ထို့ကြောင့် ဥပဒေနှင့်မညီသော လူစုလူဝေးတစ်ခုသည် လူစုခွဲရန် မနာခံပါက အကူအညီတောင်းရန် လိုအပ်ပါက (any shuch assembly) ဖြစ်ပွားရာနေရာရှိ အရပ်သားယောကျ်ားများကို ဖြစ်စဉ်နှင့်တစ်ပြေးညီ တစ်ချိန်တည်း အကူအညီတောင်းနိုင်ကြောင်း ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။
 
ယခုကဲ့သို့ ယာကူဇာ၊ သူခိုးကြမ်းပိုးလုယက်သူ (ထိုသို့ ဆိုရခြင်းမှာ လက်ပတ်နီသုံးဦးက သတင်းမီဒီယာသမားတစ်ဦးအား ဖုန်းဆက်ခေါ်ပြီး လုယက်ခဲ့သောကြောင့် ရဲစခန်းတွင် အမှုဖွင့်ထားရ၍ ဖြစ်ပါသည်) များကို တာဝန်ဟု လက်ပတ်နီပေးပြီး ဥပဒေမဲ့ ရမ်းကားခွင့်ပေးထားခြင်း မဟုတ်ပါ။ ဤအပြုအမူသည် ဥပဒေခွင့်ပြုချက်အရ ဖြစ်သည်ဆိုခြင်းမှာ ဗြောင်လိမ်ခြင်းဖြစ်ပါသည်။ မူရင်း အင်္ဂလိပ်ဘာသာပြဋ္ဌာန်းချက်နှင့် တိုက်ဆိုင်ကြည့်ရှုလျှင် ပုဒ်မ-၁၂၇၊ ၁၂၈ တို့သည် အရေးပေါ်အခြေအနေ တစ်ခုအတွက် အရေးပေါ်ကိစ္စ အသုံးပြုရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ (ဒါမှမဟုတ် ၁၉၆၄ ခုနှစ်၊ စနစ်သစ်ပညာရေးတွင် အစမ်းသပ်ခံ ကြီးပြင်းခဲ့ရသော ကျွန်တော်က အင်္ဂလိပ်စာ သေချာမတတ်၍ဘဲ ဖြစ်ရပါမည်)
 
 ထို့အပြင် ဆက်လက်ဖတ်ရှုပါက ပုဒ် မ-၁၂၉ တွင် အောက်ပါအတိုင်း ဆက်လက် ပြဋ္ဌာန်းထားသည်။ 
 
၁၂၉။   ။ ဆိုခဲ့သည့် အစုအဝေးကို အခြားနည်းဖြင့် လူစုကွဲအောင် မပြုလုပ်နိုင်လျှင်၊ ထို့ပြင် အများပြည်သူတို့၏ ဘေးအန္တရာယ်မှ လုံခြုံစေခြင်းငှာ ၎င်းအစုအဝေးကို လူစုခွဲရန် သင့်လျှင် ထိုနေရာတွင် ရှိနေသော ရာထူးအဆင့်အတန်း အမြင့်ဆုံးဖြစ်သည့် ရာဇဝတ်တရားသူကြီးက ၎င်းအစုအဝေးကို စစ်အင်အားသုံး၍ လူစုခွဲနိုင်သည်။
 
အဆိုပါ ပုဒ်မ-၁၂၇၊ ၁၂၈ တို့တွင် မည်သည့်ရာဇဝတ်သူကြီးမဆို (Any Magistrate) ဟုပါရှိပြီး ပုဒ်မ-၁၂၉ တွင်မူ “ထိုနေရာတွင် ရှိနေသော ရာထူးအဆင့်အတန်း အမြင့်ဆုံး ရာဇဝတ်တရားသူကြီး”  (The Magistrate of the highest rank who is present) ဟု သုံးနှုန်းထားရာ ပုဒ်မ-၁၂၇၊ ၁၂၈၊ ၁၂၉ တို့ ဆောင်ရွက်စဉ်တွင် ရာဇဝတ်တရားသူကြီး တစ်ဦးဦး ရှိနေရမည်ဖြစ်ပြီး ပုဒ်မ-၁၂၉ တွင် မူ တစ်ဦးထက်ပိုသော ရာဇဝတ်တရားသူကြီးများ ရှိနေပါကဆိုသည့် အခြေအနေဖြစ်ပါသည်။ ရာဇဝတ်တရားသူကြီးရှိရန် မလိုအပ်ပါက ထည့်သွင်းပြဋ္ဌာန်းထားမည် မဟုတ်ပါ။ ထို့အပြင် ဦးစားပေးအစီအစဉ်အရ ရာဇဝတ်တရားသူကြီး (သို့မဟုတ်) ရဲစခန်းမှူး  (သို့မဟုတ်) ဒုရဲအုပ်ဟု ပြဋ္ဌာန်းထားခြင်းမှာ ထူးခြားသည့်အခြေအနေတွင် တစ်ဦးမဟုတ် တစ်ဦးက အမိန့်ပေးနိုင်ရန် ဖြစ်သည်။ လက်ပံတန်းနှင့် ရန်ကုန်မြို့တော်ခန်းမရှေ့ ဖြစ်စဉ်များတွင် ရာဇဝတ်တရားသူကြီးတစ်ဦးဦး ပါရှိသည်ဟု လည်းကောင်း၊ ရာဇဝတ်တရားသူကြီးကို ခေါ်ယူနိုင်သည့် အခြေအနေမရှိဟု လည်းကောင်း ပေါ်ပေါက်ခြင်း မရှိပါ။ မန္တလေးအာဇာနည် ၁၇ ဦးဟု သမိုင်းတွင်ခဲ့သည့် ၁၃ဝဝ ပြည့် ကိုလိုနီခေတ်ဖြစ်ရပ်တွင် မန္တလေးမြို့၊ ၂၆ ဘီလမ်း၌ ချီတက်လာသော သံဃာတော်များနှင့် ပြည်သူများကို အင်္ဂလိပ်အရေးပိုင်မှ စတင်တားဆီးပြီး ခရိုင်ရာဇဝတ်တရားသူကြီးက စည်းများတစ်ဆင့်ချင်းတား၍ တားမြစ်မိန့် ထုတ်ပြန်ကာ ပစ်မိန့်ပေးခဲ့ခြင်း ဖြစ်သည်။
 
နိုင်ငံတော်နှင့် ဦးခင်မောင်လတ်၊ ၁၉၅၂၊ မ.တ.စ၊ ၁၁၄၈ (တရားလွှတ်တော်) အမှု တွင်-  “ဥပဒေကို ဖွင့်ဆိုရာတွင် ဥပဒေ၌ သုံးစွဲထားသော စကားလုံးရှင်းလင်းပါက အထိရောက်ဆုံး အဓိပ္ပာယ်ကောက်ယူရမည်ဖြစ် ပြီး၊ ရှင်းလင်းသည့်အတိုင်း၊ အဓိပ္ပာယ်ဖွင့် ဆိုရန်ဖြစ်ကြောင်း” လမ်းညွှန်ထုံးဖွဲ့ထားပါသည်။
 
ဤပြာန်းချက်များအရ မတ် ၅ ရက် တွင် ယာကူဇာများကို လက်ပတ်အနီဝတ်ကာ ကြိုတင် စုရုံးခေါ်ဆောင်လာပြီး အကြမ်းဖက်စေခဲ့ခြင်းမှာ ဥပဒေနှင့်မညီကြောင်း ဦးစွာတင်ပြပါသည်။ ဤသူများမှာ ဥပဒေနှင့်အညီ တည်ထောင်ဖွဲ့စည်းထားသည့် ကြက်ခြေနီ၊ အရန်မီးသတ်ဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်သွင်းထားသည့် အဖွဲ့အစည်းတစ်ခုခုမှဖြစ်ကြောင်း ပေါ်ပေါက်ခြင်းမရှိပါ။ ၂ဝဝ၈ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်မည့် တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်း မှာ တပ်မတော်ဖြစ်ပြီး၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ လုံခြုံရေးဆိုင်ရာ အရပ်ဘက်လက်နက်ကိုင်အဖွဲ့အစည်း (Civil Force) မှာ  မြန်မာနိုင်ငံရဲတပ်ဖွဲ့သာ ဖြစ်သည်။ ခါးပိုက်ဆောင်တပ်များ၊ လူဆိုးဂိုဏ်းများကို အသိအမှတ်ပြုမထားပါ။ ဆက်လက်၍ ဥပဒေနှင့် မညီသော အစုအဝေး (Unlawful Assembly) မှာ ဆန္ဒပြကျောင်းသားများ ဖြစ်သလား၊ လက်ပတ်နီယာကူဇာများ ဖြစ်သလားဆိုခြင်းကို ဥပဒေအရတင်ပြပါမည်။
 
 
ရိုးသားခြင်းဟာ ခိုးသားတစ်သင်းလက်ထဲ အရှက်ကွဲရချိန် (၂)
 

Most Read

Most Recent