မိမိနိုင်ငံနှင့် နိုင်ငံသားများ အကျိုးအတွက် သတိပြုရမည့် ဖောင်းပွခြင်းများ

မိမိနိုင်ငံနှင့် နိုင်ငံသားများ အကျိုးအတွက် သတိပြုရမည့် ဖောင်းပွခြင်းများ
Published 17 March 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

“သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွမ်း၊ ချွန်းကဲ့သို့အုပ်” ဆိုရိုး ရှိပါတယ်။ အရာရာကို သတိနဲ့ ဆင်ခြင်နိုင်ကြရင် အမှားတွေ မဖြစ်နိုင်ပါ၊ အမှားနည်းနိုင်သမျှ နည်းပါးစေခြင်းအားဖြင့် အမှန်ပို၍ များလာကာ အကျိုးဖြစ်ထွန်းစေမှု ပိုမိုများပြားလာစေမည် ဖြစ်ပါသည်။ စာရေးသူ သတိထားမိသလောက် စာရေးသူတို့ နိုင်ငံအတွင်း ဖောင်းပွမှုတွေ များလွန်းနေပေရာ ယင်းဖောင်းပွမှုများကို အချိန်မီ ထိန်းသိမ်းနိုင်ကြကာ မိမိနိုင်ငံ မိမိလူမျိုး အကျိုးအတွက် စေတနာသန့်သန့်ဖြင့် လုပ်ဆောင်နိုင်ကြစေရန် ရည်ရွယ်ရင်းဖြင့် ဤဆောင်းပါးကိုရေးရန် စိတ်ကူးပေါ်ပေါက်လာခဲ့ပါသည်။(၁)    ငွေကြေးဖောင်းပွမှုငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာပါက မိမိနိုင်ငံ၏ ငွေကြေးတန်ဖိုး ကျဆင်းသွားသည်ကို ငွေကြေးသဘောတရား တတ်သိနားလည်သူတိုင်း သဘောပေါက်ကြပါသည်။ငွေကြေးဖောင်းပွမှုတွေ ဘာကြောင့် ဖြစ်လာရသလဲဆိုတာ ဆန်းစစ်ကြည့်ရင် အဓိက အချက် (၃) ချက် တွေ့ရမှာဖြစ်တယ်။(က)    ဝယ်ယူလိုအား၏ ဆွဲအားကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုဒါနဲ့ပတ်သက်ပြီး အရှင်းဆုံး ဖြစ်သာစေမယ့် အချက်တစ်ခုကို မီးမောင်းထိုးပြရရင် မိုဘိုင်းတယ်လီဖုန်းတွေက လူတိုင်း လိုလိုလားလား မက်မောကြတဲ့ပစ္စည်း ဖြစ်တယ်။ ဒါကို ယခင်က သူများနိုင်ငံတွေမှာ အခမဲ့ပေးတာကို စာရေးသူတို့နိုင်ငံက Sim Card တစ်ခုကို ၁၅ သိန်းနဲ့ ဈေးကွက်ကို ထိန်းပြီး ရောင်းချရာမှာ Sim Card တစ်ခုရဲ့ ပြင်ပပေါက်ဈေးက သိန်း (၅၀) ကနေ သိန်း (၆၀) အထိ ဈေးတွေ မြောက်တက်သွားခဲ့တယ်။ ထင်သာမြင်သာတာကို ထုတ်ပြတာပါ။ အခြားလုပ်ဆောင်ချက်တွေလည်း များစွာ ရှိခဲ့သေးတယ်။ ဒီကနေ့အထိသော်မှ ဈေးကွက်ကို ထိန်းနေကြသေးတယ်။(ခ)    ကုန်ကျစရိတ်၏ တွန်းအားကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုစာရေးသူ အပါအဝင် အတော်များများက နေ့စဉ်ပြသနေတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ ကြည့်ကြတယ်။ ဇာတ်လမ်းတွေ နေရာအတော်များများမှာ ကြားဖြတ်အနေနဲ့ ဝင်လာတဲ့ ကြော်ငြာအမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ တွေ့မြင်ကြရတယ်။ အဲဒီကြော်ငြာတွေကို စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ကုန်ပစ္စည်းတွေ ဝယ်ယူသူတွေ များများသိအောင်နဲ့ ရင်မှာစွဲငြိသွားစေဖို့ ရုပ်ရယ် အသံရယ်၊ လှုပ်ရှားမှုတွေ ပေါင်းစပ်ကြော်ငြာကြတယ်။ အမှန်အားဖြင့် အဲဒီကြော်ငြာတွေရဲ့ ကုန်ကျစရိတ်တွေကို မျှဝေပေးနေကြရသူတွေက ကြော်ငြာတဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲကြတဲ့ စားသုံးသူတွေ ဖြစ်တယ်။ စီးပွားရေးသမားက အဲဒီကြော်ငြာစရိတ်တွေကို ဝယ်ယူသူတွေထံကနေ အချိုးကျ ပြန်လည်ရယူတာ ဖြစ်တယ်။ အဲဒီ ကြော်ငြာစရိတ်သာမက စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ငန်းတစ်ခု ရရှိဖို့ လာဘ်ထိုးပေးကမ်းရတဲ့ စရိတ်တွေကိုလည်း အမှန်အားဖြင့် ဝယ်ယူသူတွေကပဲ ပေးကြရတာ ဖြစ်တယ်။ ဒါတွေကတော့ ကုန်ကျစရိတ်တွေရဲ့ တွန်းအားတွေဖြစ်တယ်။ အဲဒီစရိတ်တွေ များလာတဲ့အခါ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာစေပြီး ဖောင်းပွလာစေတာ ဖြစ်တယ်။(ဂ)    ငွေကြေးဆိုင်ရာ ပညာရှင်များ၏ အမြင်ခေါင်းစဉ်က ညင်ညင်သာသာ တပ်ထားပေမယ့် ငွေကြေးဖောင်းပွစေမှုမှာ အဆိုးရွားဆုံး ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အဓိက,ကတော့ နိုင်ငံတစ်နိုင်ငံက မိမိနိုင်ငံသုံး ငွေကြေးကို လွန်ကဲစွာ ရိုက်နှိပ်ထုတ်လိုက်တဲ့အတွက် ပေါ်ပေါက်လာတဲ့ ငွေကြေးဖောင်းပွမှု ဖြစ်ပါတယ်။ ဟိုယခင် အတိတ်ကာလမှာ စာရေးသူတို့နိုင်ငံငွေကြေး ဆွစ်ဇာလန်ဘဏ်မှာ ရွှေပေါင်ခထားတဲ့ ပမာဏအလိုက် ငွေကြေးထုတ်ယူနိုင်တယ်။ အဲဒီငွေကြေးက နိုင်ငံတကာမှာ အသုံးပြုနိုင်တယ်။ သို့ပေမဲ့ ယခင် ပုဂ္ဂိုလ်ကြီးရဲ့ခေတ်မှာ အဲဒီရွှေတွေကို ပြန်လည်ထုတ်ယူပြီး မိမိနိုင်ငံအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဝါဇီငွေစက်ရုံရိုက်နှိပ်တဲ့ စက်ရုံတည်ထောင်ပြီး ပြည်တွင်းမှာပဲ ပြည်တွင်းသုံးငွေကြေးကို ရိုက်နှိပ်တယ်။ အဲဒီအချိန်က စတင်ပြီး စာရေးသူတို့နိုင်ငံရဲ့ ငွေကြေးက ဖောင်းပွလာမှု မြင့်မားလာခဲ့တယ်။ စစ်အာဏာရှင်ခေတ်မှာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တဲ့ အဲဒီငွေစက္ကူ ရိုက်နှိပ်တဲ့ စက်ရုံက အခုထိ တပ်မတော်ရဲ့ ထိန်းသိမ်းမှုအောက်မှာပဲ ရှိသေးတယ်လို့ သိရတယ်။ ဒါတွေကတော့ ငွေကြေးဖောင်းပွမှု ဖြစ်ရတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်စေဖို့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမှုက ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှန်ကန်တဲ့ လူတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ထားရှိသင့်တယ်။ ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေမှု ပမာဏကိုလည်း မိမိနိုင်ငံသားတွေကို ထင်သာမြင်သာ ချပြတတ်ဖို့ လိုအပ်တယ်။ ထိန်းချုပ်သင့်တဲ့ အရာကို မထိန်းချုပ်နိုင်ရင် ဖောင်းပွမှု ဖြစ်လာစေနိုင်တာကို သတိပြုကြရမှာဖြစ်တယ်။(၂)    အသံဖောင်းပွမှု‘အသံကြောင့် ဖားသေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။ အသံမှာ သာယာသောအသံနဲ့ ဆူညံသောအသံဆိုတာ ရှိတယ်။ သာယာတဲ့အသံက လူတစ်ဦးချင်းရဲ့ စိတ်ကို အေးချမ်းစေပေမယ့် ဆူညံတဲ့ အသံကတော့ လူတွေရဲ့စိတ်ကို ပင်ပန်းစေတာ ဖြစ်တယ်။လမ်းပေါ်မှာ နေ့စဉ်နဲ့အမျှ မော်တော်ကားတွေ သွားလာနေကြရာမှာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေဖို့ ဟွန်းမတီးရ နယ်မြေတွေ သတ်မှတ်ထားတယ်။ သို့ပေမဲ့ အဲဒီစည်းကမ်းကို မလိုက်နာဘဲ ဟွန်းတွေ တီးနေကြတာကလည်း အသံဖောင်းပွမှု ဖြစ်တယ်။ လူတစ်ဦးချင်းမှာ ပါးစပ်ပေါက် တစ်ပေါက်နဲ့ နားရွက်နှစ်ဖက် ပေးထားတာက နည်းနည်းပြော များများနားထောင်ဆိုတဲ့ သဘောဖြစ်တယ်။ ခေါင်းဆောင်ဖြစ်လာရင် နည်းနည်းပြောပြီး များများနားထောင်တတ်ရမှာ ဖြစ်တယ်။ များများပြောပြီး မိမိပြောတဲ့အတိုင်း ဖြစ်မလာတဲ့ အခါကျတော့ အောက်ကလူတွေက မိမိပြောတဲ့အတိုင်း အကောင်အထည်ဖော်မှု အားနည်းတဲ့ သဘောကို ဖော်ညွှန်းတာဖြစ်တယ်။ ပြောရုံမျှသက်သက်က အသံဖောင်းပွမှုကိုသာ ဖြစ်စေတာမို့ သတိပြုဖို့ လိုအပ်တယ်။(၃)    ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှု ဖောင်းပွခြင်းကိုယ်ကျင့်သိက္ခာပျက်ယွင်းမှု ဖောင်းပွခြင်းကလည်း နိုင်ငံတစ်နိုင်ငံ တိုးတက်စေမှုမှာ ဆုတ်ယုတ်စေတဲ့ ဖောင်းပွမှုဖြစ်တယ်။ ရှိသင့်ရှိအပ်တဲ့ ပညာတွေ မရှိ၊ သိသင့်သိအပ်တဲ့ ပညာတွေ မသိကြတဲ့အခါ မိမိတို့ရဲ့ လုပ်ဆောင်ချက် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေမှု မရှိတော့ဘဲ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှု ဖောင်းပွလာစေတော့တာ ဖြစ်တယ်။ ဒီနေရာမှာ သက်တော်ရှည် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီးရဲ့ သြဝါဒက မှတ်သားဖွယ်ဖြစ်တယ်။ သစ်သီးကို လေးစိပ်စိပ်လိုက်ရာ သုံးစိတ်ကပုပ်နေပြီး ကောင်းတာ တစ်စိပ်ပဲ ကျန်တော့တယ်။ ပုပ်တဲ့သုံးစိတ်ထဲမှာ ကိုယ်မပါပါစေနဲ့၊ ကောင်းတဲ့တစ်စိတ်ထဲမှာသာ ပါပါစေ။ ကောင်းတဲ့တစ်စိတ်မှာသော်မှ အကောင်းဆုံး ဖြစ်ပါစေဆိုတာ ဖြစ်တယ်။လူတစ်ဦးချင်းမှာ အရေးကြီးတာက မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတဲ့အတိုင်း စိတ်ဖြူစင်စွာ ထားရှိနိုင်မှုနဲ့ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှု မဖောင်းပွစေဖို့ပါ။(၄)    ပိုင်ဆိုင်မှုဖောင်းပွခြင်းVital Few Trival Many ဆိုတဲ့အတိုင်း စာရေးသူတို့နိုင်ငမှာ လူနည်းစုက များစွာသော ပိုင်ဆိုင်မှုတွေ ဥစ္စာဓနတွေနဲ့ ချမ်းသာအောင် ဖန်တီးနေကြချိန်မှာ လူအများစုက ဆင်းရဲတွင်း နက်နေကြတယ်။ လူနည်းစုမှာ ပိုင်ဆိုင်မှု ဖောင်းပွစေတဲ့အတွက် ဆင်းရဲချမ်းသာ ကွာဟမှု ပိုမိုကြီးထွားလာစေတာ ဖြစ်တယ်။ သေရင် ဘာမျှယူသွားလို့ မရတဲ့ ပိုင်ဆိုင်မှုတွေကို လောဘနဲ့ မတရားရယူ ပိုင်ဆိုင်ထားနေကြတယ်။ မိမိကိုယ်ကျိုးအတွက်သာ ကြည့်တတ်ကြတဲ့အတွက် ပိုင်ဆိုင်မှုတွေ ဖောင်းပွမှုဖြစ်စေတာ ဖြစ်တယ်။(၅)    ပညာမတတ်များ ဖောင်းပွခြင်းအပိတ်ပညာရေးစနစ်ကို ကျင့်သုံးခဲ့ရာကနေ စာရေးသူတို့နိုင်ငံက ဘွဲ့ရပညာမတတ်တွေ ဖောင်းပွလာခဲ့တယ်။ အများစုက ကျောင်းမတက်နိုင်၊ မိဘတွေက ဆင်းရဲတော့ သားသမီးတွေ ကျောင်းမထားနိုင်ဘဲ ဖြစ်သလို ဘဝကို ရုန်းကန်လှုပ်ရှား နေကြရရှာတယ်။အရေးကြီးတာက Moral Attitude လို့ ခေါ်တဲ့ ပင်ကိုစိတ်ဓာတ်ကို ကောင်းမွန်တဲ့ဘက်ပြောင်းပြီး မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် လုပ်ဆောင်မယ်ဆိုတဲ့ စေတနာတွေနဲ့သာဆိုရင် အခုလို မကောင်းတဲ့ ဖောင်းပွမှုတွေ ဖြစ်နိုင်တော့မှာ မဟုတ်ကြောင်းပါ။