တရုတ်က ဂျာမနီကို ကျော်တက်ပြီး ကမ္ဘာ့တတိယအကြီးဆုံး လက်နက်တင်ပို့သည့် နိုင်ငံဖြစ်လာ၊ တရုတ်ထံမှ လက်နက်အများဆုံး ဝယ်ယူသည့် အာရှသုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်နေ

တရုတ်က ဂျာမနီကို ကျော်တက်ပြီး ကမ္ဘာ့တတိယအကြီးဆုံး လက်နက်တင်ပို့သည့် နိုင်ငံဖြစ်လာ၊ တရုတ်ထံမှ လက်နက်အများဆုံး ဝယ်ယူသည့် အာရှသုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်နေ
Published 16 March 2015

တရုတ်သည် ဂျာမနီနှင့် ပြင်သစ်ကို ကျော်တက်ပြီး အမေရိကန်နှင့် ရုရှားတို့နောက်တွင် ကမ္ဘာ့တတိယအကြီးဆုံး လက်နက်တင်ပို့သည့် နိုင်ငံဖြစ်လာခဲ့ကြောင်း စတော့ဟုမ်းအခြေစိုက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနသိပ္ပံက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း ကမ္ဘာ့လက်နက်တင်ပို့မှုသည် ယခင် ငါးနှစ်ထက် ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း  Stockholm International Peace Research Institute က နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ အမေရိကန်သည် သမားရိုးကျ ကမ္ဘာ့လက်နက်များ တင်ပို့မှုတွင် ၃၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံး၌ အခိုင်အမာရပ်တည်ခဲ့ပြီး ရုရှားက ၂၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ ရှိခဲ့ကြောင်း SIPRI က ပြောကြားခဲ့သည်။ တတိယ၊ စတုတ္ထနှင့် ပဉ္စမနေရာတွင်ရှိသော လက်နက်တင်ပို့သည့် နိုင်ငံများသည် ငါးရာခိုင်နှုန်းခန့်စီသာ ရှိကြပြီး တရုတ်က စတုတ္ထနေရာမှ ဂျာမနီနှင့် ပဉ္စမနေရာမှ ပြင်သစ်တို့ထက် အနည်းငယ်သာ သာလွန်ခဲ့သည်။ တရုတ်လက်နက်တင်ပို့မှု၏ သုံးပုံနှစ်ပုံကျော်ကို အာရှသုံးနိုင်ငံက ဝယ်ယူခဲ့ကြပြီး ပါကစ္စတန်က ယင်းလက်နက်တင်ပို့မှု၏ ၄၁ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။ ပါကစ္စတန်ပြီးလျှင် တရုတ်လက်နက် အများဆုံးဝယ်ယူသည့် အာရှနိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ဖြစ်ကြသည်။
တရုတ်၏ ပြီးခဲ့သည့်ငါးနှစ်အတွင်း လက်နက်တင်ပို့မှုသည် ယခင်ငါးနှစ်ကထက် ၁၄၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့က လက်နက်တင်ပို့မှု မြင့်တက်ခဲ့ချိန်တွင် ဂျာမနီနှင့်ပြင်သစ်က လက်နက်တင်ပို့မှု လျော့ကျခဲ့သည်။ ယင်းကိန်းဂဏန်းများသည် လက်နက်ဖြန့်ချိမှု ပမာဏကိုသာ ကိုယ်စားပြုပြီး သဘောတူညီချက်များ၏ ဘဏ္ဍာရေးတန်ဖိုးကို ကိုယ်စားမပြုကြောင်း  SIPRI က ပြောကြားခဲ့သည်။

ဘဂ္ဂဒက်တွင် မတ် ၇ ရက်က ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးပြပွဲ၌ တရုတ်ကုမ္ပဏီ China North Industries Corporation (NORINCO) မှ ထုတ်လုပ်သော စစ်ဘက်ဆိုင်ရာ ယာဉ်များကို ပြသထားစဉ် (Photo : AFP)
ရုရှားလက်နက်တင်ပို့မှုကို အဓိကဝယ်ယူသည့် နိုင်ငံသည် ကမ္ဘာတွင် လက်နက်အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သော အိန္ဒိယဖြစ်သည်။ အိန္ဒိယလက်နက်ဝယ်ယူမှု အားလုံး၏ ရာခိုင်နှုန်း ၇ဝ သည် ရုရှားမှဖြစ်သည်။ အမေရိကန်၏ လက်နက်ဖောက်သည်များသည် ကမ္ဘာအနှံ့အပြားမှဖြစ်ပြီး တောင်ကိုရီးယားက အမေရိကန်လက်နက်တင်ပို့မှု၏ ကိုးရာခိုင်နှုန်းကိုဝယ်ယူပြီး အဓိကဖောက်သည်ဖြစ်ခဲ့သည်။
လက်နက်တင်သွင်းသည့် နိုင်ငံများတွင် အိန္ဒိယက အများဆုံးဖြစ်ခဲ့ပြီး လက်နက်တင်ပို့မှု စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။ ဒုတိယနေရာမှ ဆော်ဒီအာရေဗျနှင့် တတိယနေရာမှ တရုတ်တို့သည် ကမ္ဘာ့လက်နက်တင်ပို့မှု၏ ငါးရာခိုင်နှုန်းစီကို တင်သွင်းခဲ့ကြသည်။
အာဖရိက၏ လက်နက်တင်သွင်းမှုသည်လည်း ပြီးခဲ့သည့် ငါးနှစ်အတွင်း ၄၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အယ်လ်ဂျီးရီးယားသည် အာဖရိကတွင် လက်နက်အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း SIPRI က ပြောကြားခဲ့သည်။
လက်နက်ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြင့်တက်နေသော်လည်း လက်နက်ရောင်းချမှု ပမာဏသည် ၁၉၈ဝ ပြည့်လွန်နှစ်များ အစောပိုင်းက အမြင့်ဆုံးရှိခဲ့သည့် ပမာဏ၏ သုံးပုံတစ်ပုံခန့်သာရှိကြောင်း SIPRI ၏ အစီရင်ခံစာကဆိုသည်။
 

Most Read

Most Recent