ခြစားမှုစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသော တရုတ်ဗိုလ်ချုပ်ကြီး ကွယ်လွန်

ခြစားမှုစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသော တရုတ်ဗိုလ်ချုပ်ကြီး ကွယ်လွန်
Published 16 March 2015

သမ္မတရှီကျင်ပင်း၏ ခြစားမှု တိုက်ဖျက်ရေးတွင် စစ်ဘက်ဆိုင်ရာ အမြင့်ဆုံး တရားခံတစ်ဦးဖြစ်ခဲ့သော တရုတ်ဗိုလ်ချုပ်ကြီး ရှူချိုင်ဟူသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက မတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ ရှူသည် အင်အား ၂ ဒသမ ၃ သန်းရှိသော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တွင် ဒုတိယ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့ပြင် ရှူသည် ကွန်မြူနစ်ပါတီ၏ ၂၅ ဦးပါ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တစ်ဦးဖြစ်သည်။၂ဝ၁၃ ခုနှစ်က ရာထူးမှ အနားယူခဲ့သော ရှူသည် ခြစားမှုစွပ်စွဲချက်အတွက် ပြီးခဲ့သည့်နှစ်က စုံစမ်းစစ်ဆေးခံခဲ့ရပြီး အာဏာရပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။ ထို့နောက် တရားစွဲဆိုရန်အတွက် တရားရေး အာဏာပိုင်များထံ ရှူကို လွှဲပြောင်းပေးခဲ့ပြီး ၎င်း၏ ဗိုလ်ချုပ်ကြီးရာထူးကိုလည်း ပြန်လည် ရုပ်သိမ်းခံခဲ့ရသည်။ရှူသည် ဆီးအိမ်ကင်ဆာဖြင့် အသက် ၇၁ နှစ်အရွယ်တွင် မတ် ၁၅ ရက်က ကွယ်လွန်ခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။“ရှူသည် သူ၏ရာထူးအရှိန်အဝါကို သုံး၍ အခြားသူများအား ရာထူးမြှင့်တက်မှုအတွက် ကူညီခဲ့ပြီး မိသားစုမှ လည်းကောင်း၊ ကိုယ်တိုင်သော် လည်းကောင်း လာဘ်ငွေအမြောက်အမြား လက်ခံခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်” ဟုဆင်ဟွာက ဖော်ပြခဲ့သည်။ ရှူသည် သေဆုံးသွားခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ရှေ့နေများသည် ၎င်းကို အရေးယူ ဆောင်ရွက်တော့မည် မဟုတ်ကြောင်း၊ သို့သော် ၎င်း၏ တရားမဝင် ပိုင်ဆိုင်မှုများကို ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဘက်ရှေ့နေရုံးကို ကိုးကားပြီး ဆင်ဟွာက ဖော်ပြခဲ့သည်။လွန်ခဲ့သော နှစ်နှစ်ကျော်က အာဏာရလာခဲ့ပြီးနောက် သမ္မတရှီသည် ခြစားမှု နှိမ်နင်းရေးကို ဆောင်ရွက်ခဲ့ပြီး တရုတ်စစ်တပ်ကိုလည်း အဓိက ပစ်မှတ်အဖြစ် နှိမ်နင်းခဲ့သည်။ ရှူသည် သမ္မတရှီ၏ ခြစားမှု နှိမ်နင်းရေးတွင် ဖြုတ်ချခံခဲ့ရသော စစ်ဘက်ဆိုင်ရာ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ရှူကို အရေးယူခဲ့ပြီးနောက် ၎င်း၏ အမှားအယွင်းများအတွက် တိုင်ကြားမှုများ အမြောက်အမြား ပေါ်ထွက်ခဲ့သည်။ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ၎င်း၏ ရာထူးတိုးရေးအတွက် ရှူကို ဒေါ်လာ ၁ ဒသမ ၆ သန်းပေးရန် ကမ်းလှမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အခြားသူတစ်ဦးက ယင်းရာထူးကို ဒေါ်လာ ၃ ဒသမ ၂ သန်းပေးပြီး အရယူသွားခဲ့ကြောင်း Phoenix TV ရုပ်သံနှင့် စစ်ဘက်အရာရှိများ တွေ့ဆုံမေးမြန်းမှုတွင် ဖော်ထုတ်ခဲ့ကြသည်။ပေကျင်းမြို့လယ်တွင်ရှိသော ရှူ၏ စတုရန်းမီတာ ၂,ဝဝဝ ကျယ်သည့် နေအိမ်ကြီးမှ မြေအောက်ခန်းကို ခြစားမှုတိုက်ဖျက်ရေးအဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ငွေသားအမြောက်အမြား၊ ကျောက်မျက်ရတနာများ၊ ပန်းချီကားများ၊ ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည်ဟု Phoenix TV ရုပ်သံနှင့် ချိတ်ဆက်ထားသော မဂ္ဂဇင်းတစ်စောင်က ပြီးခဲ့သည့်နှစ်တွင် ဖော်ပြခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းတာဝန်ရှိသူများနှင့် နိုင်ငံပိုင် မီဒီယာတို့က စစ်တပ်သည် ပါတီခေါင်းဆောင်မှုနောက်ကို လိုက်ရမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောကြားထားပြီး စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ပါတီဦးဆောင်မှုနောက်ကို လိုက်မည်ဟု ဝန်ခံကတိပြုထားကြသည်။ကမ္ဘာအကြီးဆုံး တပ်ဖွဲ့အင်အားကို ပိုင်ဆိုင်ထားပြီး စစ်ဘက်နှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းကြီးများလည်း အမြောက်အမြား ရှိမှုကြောင့် ပညာရှင်များက ပြည်သူ့လွတ်မြောက်ရေး ကော်ပိုရေးရှင်းဟု တင်စားခေါ်ဝေါ်ကြသည်။ စစ်သုံးစရိတ်ကို နှစ်စဉ် ၁ဝ ရာခိုင်နှုန်းခန့် တိုးမြှင့်နေပြီး ယခုဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၄၂ ဘီလျံ သုံးစွဲမည်ဟု တရုတ်အစိုးရက ကြေညာထားသည်။ အသုံးစရိတ် သုံးစွဲမှု မြင့်တက်လာသောကြောင့် စစ်ဘက်အတွင်း ခြစားမှုမြင့်တက်ရန် အခွင့်အလမ်း ပိုများလာကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။     
Ref:AFP 

Most Read

Most Recent