ရန်ကုန်လေဆိပ်မှ နိုင်ငံခြားသား ခရီးသွားများ e-Visa ဖြင့် ဝင်ရောက်မှု ငါးလအတွင်း ၅၉၉၁၇ ဦးရှိပြီး အမေရိကန်မှ အများဆုံး ဝင်ရောက်

ရန်ကုန်လေဆိပ်မှ နိုင်ငံခြားသား ခရီးသွားများ e-Visa ဖြင့် ဝင်ရောက်မှု ငါးလအတွင်း ၅၉၉၁၇ ဦးရှိပြီး အမေရိကန်မှ အများဆုံး ဝင်ရောက်
Published 16 March 2015
ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသား ခရီးသည်များ e-Visa ဖြင့် ဝင်ရောက်မှုမှာ ဖေဖော်ဝါရီလကုန်အထိ နိုင်ငံစုံမှ ခရီးသွား ၅၉၉၁၇ ဦးအထိရှိပြီး၊ အမေရိကန်နိုင်ငံမှ အများဆုံး ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ သတင်းရရှိသည်။“e-Visa စနစ် စတင်ခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ဖေဖော်ဝါရီလကုန်အထိ နိုင်ငံပေါင်းစုံကနေ ခရီးသွား ၅၉၉၁၇ ဦး ဝင်ရောက်ခဲ့တာမှာ အမေရိကန်နိုင်ငံက အများဆုံး ဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။အွန်လိုင်းဗီဇာစနစ်ဖြစ်သည့် e-Visa စနစ်အား ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံအား စတင်ခွင့်ပြုခဲ့ပြီး၊ အဆိုပါနိုင်ငံ ၄၁ နိုင်ငံတွင် မြန်မာနိုင်ငံသို့ ခရီးသွားအဝင်များသည့် အီးယူနိုင်ငံအချို့ ပါဝင်ခြင်း မရှိသည့်အတွက် ခရီးသွား ကုမ္ပဏီများ၏ တောင်းဆိုမှုအရ ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာ ၂ ရက်၌ အီးယူနိုင်ငံ အများစု ပါဝင်သည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ခရီးသွားများအား e-Visa စနစ်အား ထပ်မံခွင့်ပြုပေးခဲ့သည်။ယင်းပြင် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှ စတင်ကာ နိုင်ငံပေါင်း ၃၂ နိုင်ငံအား ထပ်မံခွင့်ပြုခဲ့ပြီး၊ e-Visa လျှောက်ထားခွင့်ပြုသည့် နိုင်ငံပေါင်း ၁ဝဝ အထိ ရှိပြီဖြစ်သည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည်များ e-Visa ဖြင့် ဝင်ရောက်မှုတွင် အမေရိကန်နိုင်ငံမှ အများဆုံးဖြစ်ပြီး၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့မှ ဒုတိယအများဆုံး ဝင်ရောက်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ သတင်းရရှိသည်။အဆိုပါ E-Visa စနစ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည်များသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး အခြားစီးပွားရေး၊ လူမှုရေးကိစ္စများဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များအတွက် ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။ကမ္ဘာလှည့် ခရီးသည်များအတွက် e-Visa စနစ် အဆင်ပြေစွာ လည်ပတ်နိုင်ပြီးမှသာ အခြားစီးပွားရေးနှင့် လူမှုရေး ဗီဇာများအား ထပ်မံခွင့်ပြုပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ဗီဇာသက်တမ်းမှာ စတင်ခွင့်ပြုချိန်မှ သုံးလအတွင်း မြန်မာနိုင်ငံသို့ တစ်ကြိမ် ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကာ၊ မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ရရှိမည့် ရက်ပေါင်းမှာ ၂၈ ရက်ဖြစ်သည်ဟု သိရသည်။ ဗီဇာကြေးအား ဒေါ်လာ ၅ဝ သတ်မှတ်ထားကြောင်း သိရသည်။    

Most Read

Most Recent