ပြည်တွင်းစက်သုံးဆီဈေးနှုန်း ကျဆင်းသော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အကြောင်းပြ၍ အငှားယာဉ်စီးနင်းခနှုန်းများ သိသာစွာ ကျဆင်းခြင်းမရှိ

ပြည်တွင်းစက်သုံးဆီဈေးနှုန်း ကျဆင်းသော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အကြောင်းပြ၍ အငှားယာဉ်စီးနင်းခနှုန်းများ သိသာစွာ ကျဆင်းခြင်းမရှိ
Published 16 March 2015
ချမ်းမြေ့သူ

ပြည်တွင်းစက်သုံးဆီ အရောင်းဈေးနှုန်းများ ကျဆင်းသွားသော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အကြောင်းပြ၍ အငှားယာဉ် စီးနင်းခနှုန်းထားများ သိသာစွာကျဆင်းခြင်း မရှိကြောင်း အငှားယာဉ်ငှားရမ်းလေ့ ရှိသူများထံမှ သိရသည်။
ပြည်တွင်းစက်သုံးဆီ အရောင်းဈေးမှာ နိုင်ငံတကာ ရေနံစိမ်းဈေးကျဆင်းပြီး လေးလကျော်အချိန်တွင် အမျိုးအစားအလိုက် ယခင်ရောင်းဈေးထက် အနည်းဆုံး ကျပ် ၃ဝဝ မှ အများဆုံး ကျပ် ၂၉ဝဝ ကျော်အထိကျ ဆင်းသွားသော်လည်း အငှားယာဉ်စီးခနှုန်း ထားများမှာမူ သိသာစွာ ကျဆင်းမှုမရှိသည့်အပြင် ငှားရမ်းသည့် ခရီးသည်များအား ပို့ဆောင်ပေးရသည့် ခရီးလမ်းပေါ်မူတည်၍ ယာဉ်ကြောပိတ်ဆို့သည်ဟုဆိုကာ ယခင်ဈေးထက်ပင် ကျပ် ၅ဝဝ၊ ၁ဝဝဝ ဈေးပိုတိုးတောင်းသည့် ယာဉ်များပင်ရှိကြောင်း သိရသည်။
“နိုင်ငံတကာဈေးကျလို့ စက်သုံးဆီဈေးတွေ ချက်ချင်းလိုက်ချမရောင်းဘူး ဆိုပြီးဖြစ်ကြတယ်။ အဲဒီမှာ ပြည်တွင်းစက်သုံးဆီ အရောင်းဈေးတွေကျသွားတယ်။ ပြည်တွင်းစက်သုံးဆီ ဈေးကျပေမယ့်လည်း ဒီဆီကိုပဲဝယ်ပြီး ပြေးဆွဲနေတဲ့ အငှားယာဉ်စီးနင်းခတွေ ကျမသွားဘူး။ ယာဉ်ကြောကျပ်လို့တဲ့။ ယာဉ်ကြောကျပ်တာ ခရီးသည်က ထပ်စောင်းအပို ပေးရဦးမှာလား။ ကျွန်တော်တို့လည်း ပြည်သူတွေပါပဲ။ နေ့စဉ်တော့ အငှားယာဉ် ငှားမစီးနိုင်ပါဘူး။ ဒါပေမဲ့ ဒီမှာက ဈေးတက်ဖို့တော့လွယ်ပြီး ဈေးကျဖို့ကတော့ ထုံးစံမရှိဘူး ဆိုသလို ဖြစ်နေတယ်” ဟု အငှားယာဉ်ငှားရမ်း စီးနင်းလေ့ရှိသည့် ဦးလှသိန်းက ဆိုသည်။
အငှားယာဉ်မောင်း တစ်ဦးကလည်း ဈေးနှုန်းလျှော့ချပြေးဆွဲနိုင်ခြင်း မရှိသည့်အပေါ် “ကျွန်တော်တို့က ဈေးကိုတတ်နိုင်သလောက် လျှော့ချင်တာပေါ့။ ဈေးလျှော့ရင် ခရီးသည်နဲ့လည်း မြန်မြန်အဆင်ပြေတယ်။ များများလည်း အငှားလိုက်ရတယ်။ ဒါပေမဲ့ ဒီမှာက သိတဲ့အတိုင်း ကားကိုလမ်းပေါ် ချလိုက်တာနဲ့ လမ်းပိတ်ဆို့တဲ့ ပြဿနာကို စကြုံရတယ်။ ခရီးသည်သွားချင်တဲ့ နေရာကိုလည်း ကျွန်တော်တို့က ဖြတ်လမ်းတွေကတစ်ဆင့် သွားရတယ်။ အခု ဖြတ်လမ်းသာဆိုတယ်။ ကားတိုင်းက ယာဉ်ကြောချောင် မလားဆိုပြီး သွားကြလို့ ဖြတ်လမ်းတွေမှာလဲ ပိတ်လာတယ်။ အရင်က နာရီဝက်သွားရတဲ့ခရီးက တစ်နာရီလောက် ကြာလာတယ်။ အရင်က တစ်ရက်ရှာလို့ရတဲ့ပိုက်ဆံက အခုရတဲ့ငွေနဲ့ ကွာလာတယ်။ အုံနာခလည်း ရှိသေးတော့ အဲဒီလောက်အထိ ဈေးချပြီးတောင်းလို့မရ ဖြစ်နေတာပါ” ဟု ပြောပြသည်။
ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် အရောင်းဈေးနှုန်းများကိုကြည့်လျှင် ၂ဝ၁၄ ခုနှစ် ဩဂုတ်လ အတွင်းက ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၃၇ဝဝ၊ ဒီဇယ်တစ် ဂါလန်လျှင် ၄၃၁၉ ကျပ်၊ အောက်တိန်း (92Ron) တစ်ဂါလန်လျှင် ၄၂၇၃ ကျပ်ရှိရာမှ ယခု ၂ဝ၁၅ ခုနှစ် မတ်လအတွင်း၌ ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၃၄ဝဝ ဝန်းကျင်၊ ဒီဇယ်တစ်ဂါလန်လျှင် ၂၉၅၄ ကျပ်ဝန်းကျင်၊ အောက်တိန်း (92Ron) တစ်ဂါလန်လျှင် ၂၈၁၈ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။         
 

Most Read

Most Recent