ဆီရာယာလီယွန်၏ ဒုသမ္မတ အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံ

ဆီရာယာလီယွန်၏ ဒုသမ္မတ အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံ
Published 16 March 2015

ဆီရာယာလီယွန်နိုင်ငံ၏ ဒုတိယသမ္မတ ဆမ်ဆူမာနာသည် ဖရီးတောင်းရှိ အမေရိကန် သံရုံးသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပြီး သူ၏ တောင်းဆိုချက်ကို သံရုံးမှ စဉ်းစားနေစဉ် အတောအတွင်း ပုန်းအောင်းနေကြောင်း ဆူမာနာနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် တစ်ခုက ပြောကြားခဲ့သည်။အသက် ၅၂ နှစ်အရွယ် ဆူမာနာသည် ပါတီဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးသည်ဟု စွပ်စွဲကာ သူ့ကို အာဏာရ APC ပါတီမှ ယခုလအတွင်းက ထုတ်ပယ်လိုက်သည်။ သို့သော် ထိုစွပ်စွဲချက်များ အားလုံးကို ဆူမာနာက ငြင်းဆန်ခဲ့ပြီး သူ့ကို ပါတီခေါင်းဆောင်ရာထူးမှ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ အယူခံဝင်ထားသည်။ဆူမာနာသည် အမေရိကန်သံရုံးသို့ ဖုန်းဆက်၍ သူနှင့် သူ့၏ဇနီးဖြစ်သူအတွက် နိုင်ငံရေးခိုလှုံခွင့် ရရှိရန် တောင်းဆိုခဲ့ကြောင်း၊ သူ၏ တောင်းဆိုချက်ကို အကြောင်းမပြန်မီ အချိန်အထိ လုံခြုံသည့်နေရာတွင် ပုန်းအောင်းနေကြောင်း ဆူမာနာ၏ နောက်လိုက်တစ်ဦးက ပြောကြားခဲ့သည်။ ဆူမာနာနေထိုင်ရာ တောင်ထိပ်ရှိ နေအိမ်သို့ မတ် ၁၄ ရက်က လက်နက်ကြီးများ ကိုင်ဆောင်ထားသည့် စစ်သားများက ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြသော်လည်း ၎င်းကို မတွေ့ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ အေအက်ဖ်ပီ သတင်းဌာနကမူ ဆူမာနာကို ဆက်သွယ်၍ မရသေးသလို အမေရိကန် သံရုံးမှလည်း တစ်စုံတစ်ရာ ဖြေကြားရန် ငြင်းဆန်ထားသည်။အာဏာရ APC ပါတီ၏ ထုတ်ပြန်ချက်ထဲတွင် ဒုသမ္မတ ဆမ်မြူရယ်ဆမ်ဆူမာနာသည် သူ၏အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီး သူ၏နေအိမ်မှာလည်း လုယက်ခံခဲ့ရသောကြောင့် အမေရိကန်နိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်ဟု ဖရီးတောင်းရှိ အမေရိကန်သံရုံးက ပါတီသို့ အကြောင်းကြားခဲ့သည်ဟု ဖော်ပြထားသည်။ ပါတီက ထိုပြောကြားချက် အားလုံးကို ငြင်းပယ်ခဲ့ပြီး ဆူမာနာ၏ စွပ်စွဲချက်များသည် ပါတီကို အခက်တွေ့စေပြီး နာမည်ပျက်စေရန်အတွက် ဖြစ်ဟန်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ဆူမာနာ၏နေအိမ်သည် မတ် ၁၄ ရက်က စစ်တပ်၏ စောင့်ကြပ်မှုအောက်သို့ ရောက်ရှိကြောင်း ထိုနေရာသို့ သွားရောက်ခဲ့သည့် အေအက်ဖ်ပီ သတင်းထောက်က ပြောကြားခဲ့သည်။ သို့သော် နေအိမ်အနီးသို့ သွားရောက်၍ မရကြောင်း သိရသည်။ဆူမာနာသည် သူ၏သက်တော်စောင့် တစ်ဦးမှာ အီဘိုလာရောဂါဖြင့် သေဆုံးသွားသောကြောင့် သူ့ဘာသာသူ အခြားသူများနှင့် ခွဲခြားနေထိုင်ကြောင်း သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်တွင် ပါတီမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။Ref:AFP

Most Read

Most Recent