တရုတ်နိုင်ငံအတွင်း ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသား လေးဦး သေဆုံးပြီးနောက် တရုတ်တိုက်လေယာဉ်များ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် ကင်းလှည့်

တရုတ်နိုင်ငံအတွင်း ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသား လေးဦး သေဆုံးပြီးနောက် တရုတ်တိုက်လေယာဉ်များ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် ကင်းလှည့်
Published 15 March 2015
ဇေယျာနန္ဒ

မတ် ၁၃ ရက် ညနေပိုင်းက မြန်မာတိုက်လေယာဉ်မှ ဗုံးဆန် တရုတ်နိုင်ငံတွင်းသို့ ကျ ရောက်မှုကြောင့် တရုတ်နိုင်ငံသား လေးဦး သေဆုံးပြီးနောက် တရုတ်တိုက်လေယာဉ်များကို နယ်စပ်တစ်လျှောက်တွင် ကင်းလှည့်ရန် စေလွှတ်ထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
တရုတ်တိုက်လေယာဉ်များအနေဖြင့် မြန်မာစစ်လေယာဉ်များကို ခြေရာခံရှာဖွေပြီး စောင့်ကြည့်မည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက သတိပေးပြီး လိုက်လံခြောက်လှန့်မည်ဖြစ်ကြောင်း တရုတ်လေတပ် ပြောရေးဆိုခွင့်ရှိသူ Shen Jinke က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
 
တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ အရှိန်အဟုန်ပြင်းထန်လာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ သတိပေးချက် ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း မြန်မာတိုက်လေယာဉ်မှ ဗုံးဆန်တစ်ခု တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ကန်မြို့အနီး ကြံခင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အလုပ်သမားလေးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
 
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဒုတိယဝန်ကြီး Liu Zhenmin က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသစ်လင်းအုန်းကို ခေါ်ယူတွေ့ဆုံကာ ကန့်ကွက်ခဲ့ကြောင်း ဆင်ဟွာက ရေးသားထားသည်။
 
ထို့ပြင် မြန်မာအာဏာပိုင်များအနေဖြင့် အဆိုပါဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးရန်၊ စစ်ဆေးမှုရလဒ်ကို တရုတ်နိုင်ငံသို့ အကြောင်းကြားရန်၊ ကျူးလွန်သူများကို အပြစ်ပေးရန်နှင့် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ထိရောက်သော လုပ်ငန်းစဉ်များကို ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
 
တရုတ်-မြန်မာနယ်စပ်တွင် လုံခြုံရေး နှင့် တည်ငြိမ်ရေး အမြန်ဆုံးဖော်ဆောင်ရန်လည်း တရုတ်အစိုးရမှ တိုက်တွန်းကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
 
မြန်မာအစိုးရအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေး ကတိကဝတ်များကို လေးစားလိုက်နာရန်နှင့် နယ်စပ်လုံခြုံရေးကို တာဝန်ယူရန်လည်း ဆင်ဟွာသတင်းဌာန၏ သုံးသပ်ချက် ဆောင်းပါးတစ်ခုတွင် ရေးသားထားသည်။
 
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုကို အစဉ်အမြဲ လေးစားသည့် အိမ်နီးချင်းကောင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခကို ပြည်တွင်းရေးပဋိပက္ခအဖြစ် ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
 
လွန်ခဲ့သည့် နှစ်ရက်ခန့်ကလည်း တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က ပြောကြားခဲ့သည်။
 
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသအတွင်း မြန်မာ့တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖေဖော်ဝါရီ ၉ ရက်က စတင်ဖြစ်ပွားခဲ့ပြီး အဆိုပါပဋိပက္ခကြောင့် တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်သူ ၃ဝဝဝဝ ကျော်ရှိကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
 

Most Read

Most Recent