သပိတ်မှောက်ကျောင်းသားများအား အစိုးရက အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကုလသမဂ္ဂ ကန့်ကွက်

သပိတ်မှောက်ကျောင်းသားများအား အစိုးရက အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကုလသမဂ္ဂ ကန့်ကွက်
Published 14 March 2015

သပိတ်မှောက်ကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ (UN) က ကန့်ကွက်ခဲ့ပြီး ဆန္ဒပြသူများကို လွှတ်ပေးရန် မတ် ၁၃ ရက်က UN  မှ တောင်းဆိုခဲ့သည်။ ထို့ပြင် အင်အားအလွန်အကျွံ အသုံးပြုကိုလည်း စုံစမ်းစစ်ဆေးရန် UN က တောင်းဆိုခဲ့သည်။
 
လက်ပံတန်းမြို့တွင် ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖြိုခွဲခဲ့ခြင်းနှင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို UN က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
“လက်ပံတန်းမှာ ဆန္ဒပြမှုကြောင့် ကျောင်းသား ၁ဝဝ ကျော်နဲ့ အခြားဆန္ဒပြသူတွေကို ဖမ်းဆီးထားတဲ့အတွက် စိုးရိမ်မိပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်သုံးမှုကြောင့် ဖမ်းဆီးခံထားရသူတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်တဲ့ဥပဒေတွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဌာန ပြောရေးဆိုခွင့်ရှိသူ Shamdasani က မတ် ၁၃ ရက်က ပြောကြားသည်။
 
ဆန္ဒပြသူအချို့ကို လွှတ်ပေးခဲ့သော်လည်း ကျန်ရှိသူ ၆ဝ ခန့်ကို တရားစွဲဆိုမှုများ ပြုလုပ်နေကြောင်း သူမက ဆက်လက် ပြောကြားသည်။
 
ထို့အပြင် ဆန္ဒပြသူ အများအပြားကို တရားစွဲလေ့ရှိသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်ပေးရန်လည်း UN က တောင်းဆိုခဲ့သည်။
 
“အစိုးရကနေ အင်အားသုံးမယ်ဆိုရင် တကယ်တမ်း လိုအပ်မှ သုံးရမှာဖြစ်ပြီး အင်အားသုံးမယ်ဆိုရင်လည်း အဖြစ်အပျက်ရဲ့ ပြင်းထန်မှုအလိုက် အချိုးကျ အင်အားသုံး ဖြိုခွဲရပါမယ်”ဟု Shamdasani က ပြောကြားသည်။

Most Read

Most Recent