ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတွေ့ဆုံရမည်ဖြစ်သော်လည်း တွေ့မည်မတွေ့မည်ကို မသိသေးကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြောကြား

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတွေ့ဆုံရမည်ဖြစ်သော်လည်း တွေ့မည်မတွေ့မည်ကို မသိသေးကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြောကြား
Published 13 March 2015
စိုးမင်းထိုက်

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးသည် လွှတ်တော်က အတည်ပြုဆုံးဖြတ်ထားခြင်းဖြစ်သည့်အတွက် တွေ့ဆုံရမည်ဖြစ်သော်လည်း တွေ့မည်မတွေ့မည်ကို မသိသေးကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မတ် ၁၂ ရက်တွင် မီဒီယာများအားပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "ခြောက်ပွင့်ဆိုင်က မှန်းဆပြီးပြောတာဖြစ်နိုင်တာပေါ့။ တွေ့တာတော့တွေ့ရမှာပေါ့။ တွေ့ကိုတွေ့ရမှာပဲ။ လွှတ်တော်ကဆုံးဖြတ်ထားတာကိုး။ အဆိုကို။ တွေ့တော့မလား၊ မတွေ့တော့ဘူးလားဆိုတာကတော့ အဘလည်းမသိဘူး" ဟု ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မတ် ၁၁ ရက်က နိုင်ငံရေးပါတီခေါင်းဆောင်များအား ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအတွက် အသင့်ပြင်ဆင်ထားရန် ပြောကြားထားကြောင်း သိရသည်။ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ယင်းကဲ့သို့ခေါ်ယူပြောဆိုမှာ ကြားမှုမှာ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ရှိပြီဖြစ်ကြောင်း မတ် ၁၁ ရက်ကပြောကြားသည်။ပြည်ထောင်စုလွှတ်တော်မှအတည်ပြုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုဖြစ်သည့်အတွက် ဆောလျင်စွာတွေ့ဆုံဆွေးနွေးရန်အတွက် ဇန်နဝါရီ ၂၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံ အကြောင်းကြားထားကြောင်း သိရသည်။ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ရှိ တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်တို့တွေ့ဆုံရန်ဖြစ်ကြောင်း သိရသည်။ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုအား ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင်ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။               

Most Read

Most Recent