ရှင်ဘုရင်နှင့် သူ့လူများ

ရှင်ဘုရင်နှင့် သူ့လူများ
Published 13 March 2015
ရဲထွတ်နီ

ပုံပြင်တွေဆိုတာ သက်ကြီးစကား သက်ငယ်ကြား၊ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဖြစ်လာတယ်လို့လည်း မှတ်ပါတယ်။ ပုံပြင်တွေကို ကလေးတွေမှမဟုတ်၊ လူကြီးတွေလည်း ကြိုက်တတ်ကြပါတယ်။တစ်ခါတုန်းက ညီအစ်ကိုနှစ်ယောက်ဟာ ဘယ်လိုမြို့မှာ နေထိုင်လုပ်ကိုင် စားသောက်ရရင် ကောင်းမလဲလို့ တစ်မြို့ဝင် တစ်မြို့ထွက် ခရီးသွားခဲ့ကြတယ်။ဒီလိုနဲ့ မြို့တစ်မြို့ကိုရောက်တော့ ညီငယ်က နေချင်စိတ်တွေ တအားဖြစ်သွားတော့တယ်။ အဲဒီမြို့မှာက သခွားသီးတစ်လုံး တစ်ကျပ်၊ ကြက်သားတစ်ပိဿာလည်း တစ်ကျပ်၊ ငါးပုစွန်ဆိုလည်း တစ်ကျပ်စီပဲဆိုတော့ ညီငယ်က အလွန်ဟန်ကျတယ်ဆိုပြီး ဒီမြို့မှာ နေကြရအောင်လို့ အစ်ကို့ကို ပူဆာပါတယ်။ဒါပေမဲ့ အစ်ကိုကတော့ “ညီလေး၊ မင်းမလောပါနဲ့ကွာ။ အခု ဒီပုံနဲ့ဆိုရင် အသိဉာဏ်မရှိတဲ့သူတွေ အုပ်စိုးတဲ့တိုင်းပြည် ဖြစ်မယ်ကွ” လို့ ဖျောင်းဖျတယ်။ ညီငယ်ကတော့လည်း နားမဝင်နိုင်၊ နေမယ်တကဲကဲ ဖြစ်နေခဲ့တယ်။ဒီလိုနဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ဈေးအပြင်ဘက်ရောက်လာတော့ မင်းချင်းတွေ မောင်းလည်ခတ်ပြီး တွေ့သမျှ ယောက်ျားတွေကို ပန်းကုံး၊ လည်ဆွဲလိုက်စွပ်ကြည့်သလို လုပ်နေတာ တွေ့ရသတဲ့။ ခဏကြာတော့ မင်းချင်းတွေလည်း သူတို့ဆီရောက်လာကြပြီး ညီငယ်ရဲ့ခေါင်းကို စွပ်လိုက်တဲ့အခါ “ဟော.. ဟောဒီမှာ တော်တဲ့လူ တွေ့ပြီခင်ဗျာ” လို့ မှူးကြီးမတ်ရာတွေဆီ လှမ်းပြောလိုက်ကြတယ်။ “ကဲ.. ဒါဆို နန်းတော်ကို ခေါ်ခဲ့ပေတော့” ဆိုတဲ့ အမိန့်နဲ့ ညီငယ်ကို မင်းချင်းတွေက တွန်းထိုးပြီး ခေါ်ပါရောတဲ့။ဒီတော့မှ ညီငယ်လည်း ကြောက်လန့်မိတော့တယ်။ အစ်ကိုဖြစ်သူကို လုပ်ပါဦးဗျာလို့ ပြောတယ်။ အစ်ကိုက လူကြီးတွေကို အကျိုးအကြောင်းက ဘာလဲလို့မေးတော့ ‘လည်ပင်းနဲ့ သံကွင်းနဲ့ တော်တဲ့အဖြစ်’ ဖြစ်လို့ ဘုရင့်ရှေ့တော်မှောက် ခေါ်တာလို့ သိရတော့တယ်။ ညီငယ်လည်း ကြောက်ဒူးတွေ တုန်တော့တာပေါ့။ ဒါကြောင့် ညီလေးကို အစ်ကိုပြောသားပဲ။ အသိဉာဏ်မရှိတဲ့လူတွေ အုပ်စိုးတဲ့မြို့လို့ ဆိုတာ။ မင်းက နားမထောင်လို့ ဖြစ်ပြီ။ ကဲခုမှ တွေးပြီး သိပ်ကြောက်မနေနဲ့တော့။ တို့ညီအစ်ကို မီးစင်ကြည့်ကရမယ်။ ဘုရင်ရှေ့ရောက်ခဲ့ရင်သာ အစ်ကိုပြောတဲ့ စကားကိုသာ ဆန့်ကျင်ပြီး ငြင်းခုံတဲ့ အပြောကို ပြောပေတော့လို့ဆိုပြီး နန်းတော်ကို လိုက်သွားခဲ့ကြတယ်။နန်းတော်က အခုလို အပြစ်သားရှာရတဲ့ အကြောင်းက သူခိုးတစ်ယောက်က စပါတယ်။ ညတစ်ညမှာ သူခိုးနှစ်ယောက်က အိမ်တစ်အိမ်ကို ဝင်ခိုးကြဖို့ ဝင်ပုန်းနေကြတုန်း သူတို့ရှိနေတဲ့အိမ်ရဲ့ အခြမ်းက ပြိုကျတဲ့အတွက် သူခိုးတစ်ယောက် သေသွားပါတယ်။ ဒီလို ခိုးဖော်ခိုးဖက်သေရတာဟာ ဒီအိမ်ပိုင်ရှင်ဟာ သူ့အိမ်ကို ခိုင်ခိုင်ခံ့ခံ့ မဆောက်ထားလို့ ဖြစ်ရတာပဲဆိုပြီး ဘုရင့်တရားလွှတ်တော်ဆီမှာ လာစွဲလျှောက်တယ်။ သူခိုး လျှောက်တင်တာကို ကြားနာပြီးတဲ့အခါ ဘုရင်ကလည်း ‘ဟုတ်ပေတာပေါ့’ ဆိုပြီး အိမ်ရှင်ကို ဆင့်ခေါ် ထုချေခိုင်းတော့တယ်။အိမ်ကြီးရှင်လည်း ဘုရင်ရှေ့ကို ရောက်လာတဲ့အခါ ကျွန်တော်မျိုးမှာ အပြစ်မရှိပါခင်ဗျာ။ ကျွန်တော်မျိုးက ငွေကုန်သူသာ ဖြစ်ရပါတယ်။ အရှင်မင်းကိုယ်တော်တိုင် လက်စွဲသုံးတဲ့ ဗိသုကာနဲ့ပဲ အိမ်ကိုဆောက်ခဲ့တာလို့ ပြန်ပြီးလျှောက်တင်တော့ ဘုရင်ကလည်း ‘ဟုတ်ပေတာပေါ့’ လို့ဆိုပြန်တယ်။ ဗိသုကာကို ဆင့်ခေါ်ပြန်တယ်။ ဗိသုကာကလည်း ပန်းရန်ဆရာကို လွှဲချတယ်။ ပန်းရန်ဆရာကို ဆင့်ခေါ်ပြန်တယ်။ ပန်းရန်ဆရာကလည်း တစ်သက်လုံး သူရဲ့အင်္ဂတေဖျော်စပ်မှု အလွန်ကောင်းခဲ့၊ ခိုင်ခံ့ခဲ့တာ အဲဒီနေ့ကတော့ မဆလာစပ်နေတဲ့အခါ မြင်းလှည်းတစ်စီးဖြတ်လာပြီး မြင်းက လန့်ခုန်လို့ ရေသယ်လာတဲ့သူလည်း ရေသွန်ထည့်တာ များသွားလို့ ဖြစ်ရကြောင်း ဆိုပြန်တော့တယ်။အဲဒီလို မြင်းလှည်းကြောင့်ဆိုတော့ မေးမြန်းတဲ့အခါမှာ မြင်းလှည်းက ဘုရင့်လှည်း ဖြစ်နေတော့တယ်။ ဒါနဲ့ ရထားထိန်းကို ဆင့်ခေါ်မေးတော့ ဟုတ်မှန်ကြောင်း ဖြေတယ်။ ဒါပေမဲ့ အရှင်မင်းကြီး သိတော်မူတဲ့အတိုင်း အလွန်လိမ္မာတဲ့ အရှင့်လှည်းမြင်းတွေဟာ ဆူညံသံကို ကြောက်လန့်တတ်လို့ အဲဒီနေ့က ရထားကို လှည့်လည်စီးချင်တဲ့ အရှင်သမီးတော်အား လက်ဝတ်ရတနာများ ချွတ်ထားခဲ့ဖို့ ကျွန်တော်မျိုးပြောတာကို နားမထောင်ပါဘူး။ ဒီလိုနဲ့ အဲဒီရေထမ်းသမားအနားအရောက် မင်းသမီးရဲ့ လက်တွေဆီက ရတနာလက်ကောက်တွေရဲ့ အသံဗလံတွေက ဆူညံသွားတော့ မြင်းက လန့်ခုန်ပြေးရခြင်းပါဆိုပြီး ရထားမှူးတင်တဲ့ စကားမှာ အဖြေပေါ်တော့တယ်။ ဒီအခါကျတော့ ရှင်ဘုရင်က သူ့သမီးတော်ကတော့ အပြစ်သားဖြစ်လို့ မသင့်တော်ပေဘူး။ ဟုတ်တယ်မဟုတ်လား မောင်မင်းများဆိုတော့ မှူးကြီးမတ်ရာ သေနာပတိတို့ကလည်း ‘မှန်လှပါ့ဘုရား’ ဆိုပြီး တင်ကြရော။ ‘ဒီလိုဆိုရင် ကြံကြ၊ စည်ကြစမ်းပါဦး ကွယ်တို့ရဲ့’ ဆိုတဲ့အခါ ကြံကြစည်ကြ၊ အတိုင်ပင်ခံအဖွဲ့တွေ ဖွဲ့ကြ၊ ကျင့်ထုံးတွေ ကျင့်နည်းတွေကို ရှာကြပေါ့။ ဒီလိုနဲ့ ဘုရင့်အပါးတော်က ပြောရေးဆိုခွင့်ရှိတဲ့အမတ်က လမ်းကြောင်းပေးတဲ့အတိုင်းပဲ လည်ပင်းနဲ့ သံကွင်းတော်တဲ့လူကိုရှာပြီး အပြစ်ဒဏ်ပေးစေဆိုပြီး ချမှတ်ခဲ့လိုက်တာပါပဲ။
ပုံပြင်တွေဆိုတာ သက်ကြီးစကား သက်ငယ်ကြား၊ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဖြစ်လာတယ်လို့လည်း မှတ်ပါတယ်။ ပုံပြင်တွေကို ကလေးတွေမှမဟုတ်၊ လူကြီးတွေလည်း ကြိုက်တတ်ကြ . . . . .

ဒီလိုနဲ့ လိုက်ရှာလိုက်တော့ သူတို့လုပ်ယူလာတဲ့ သံကွင်းဟာ မြို့အရှာထွက်လာခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက်က ညီငယ်မှာ လာတော်နေခဲ့တော့တယ်။ရွှေနန်းတော်ကြီးနဲ့ ဘုရင်ကြီးရှေ့မှောက်ကို ရောက်ပါပြီ။ မှူးမတ်တို့ကလည်း သူတို့တွေ တော်လှချည့်ပုံစံနဲ့ မျက်နှာလိုအားရ လျှောက်တင်လိုက်ကြပါပြီ။ ဘုရင်ကလည်း သဘောတော်ကျပြီး “အိမ်း၊ အိမ်း မောင်မင်း ဘာပြောချင်သေးတုံး၊ ဆိုစမ်း” လို့ ဆိုတဲ့အခါ အစ်ကိုဖြစ်သူက “ညီကို အစ်ကို့ကို ဦးစားပေးပါကွာ၊ အစ်ကို ဒီအပြစ်ကို ယူပါ့မယ့်” လို့ ပြောလိုက်တယ်။ ဒီတော့ အစ်ကို သူ့ကို လမ်းမှာ မှာလိုက်တဲ့စကားအတိုင်း ညီကလည်း သူဟာ အငယ်မို့၊ သူ့ကို ဦးစားပေး၊ သူ ခံယူမယ်လို့ ပြန်ပြောတော့တယ်။အဲဒီလို ညီအစ်ကိုနှစ်ယောက်ဟာ သူ့ကို ကိုယ့်ကို ဦးစားပေးဖို့ အပြန်အလှန် ငြင်းနေကြပြီး၊ သံကွင်းကို ဆွဲလုနေကြရော။ ဒါနဲ့ ဘုရင်ကလည်း သူတို့ကို မေးမြန်းပါလေရော။“နေကြစမ်းပါဦး၊ မင်းတို့က ဘာဖြစ်လို့ ဒီလိုငြင်းခုံပြောဆိုနေပြီး ဒီလိုသံကွင်းကို သူ့ဦးစားပေး၊ ငါ့ဦးစားပေးပါလို့ လုပ်နေကြတာတုန်း..ဟေ”ဒီအခါ အစ်ကိုဖြစ်သူက အလွန်တောင်းပန်တိုးလျှိုးတဲ့ အသံနဲ့“ဒီလိုပါ ဘုန်းတော်ကြီးမြတ်တဲ့ အရှင်မင်းကြီးဘုရား၊ ကျွန်တော်မျိုးတို့ ညီအစ်ကိုနှစ်ယောက် သိထားကြတဲ့ အကြားအမြင် လျှို့ဝှက်ချက် ရှိပါတယ်။ ဒါကြောင့် သံကွင်းစွပ်ခွင့်ကို တောင်းနေကြတာပါ။ ဒီသံကွင်းကို စွပ်လို့တော်ခဲ့ပြီး ‘လည်ပင်းနဲ့သံကွင်းတော်တဲ့ အပြစ်ဒဏ်’ ကြောင့် သေရရင် နတ်ပြည်ခြောက်ထပ်ကို အချိန်မဆိုင်းဘဲ ရောက်မှာပါ ဘုရား။ နတ်ပြည်ကို ရောက်ရမယ်ဆိုတော့ အရှင်မင်းကြီး သိတော်မူတဲ့အတိုင်း နတ်သမီးလေးတွေ တစ်ဖက်လေးငါးရာနဲ့မို့... ဟဲဟဲ ဒါကြောင့်မို့ပါ ဘုရား...” လို့လျှောက်တင်လိုက်တယ်။“အို့ဟို၊ မောင်မင်းကြီးသားတို့က ဒါကြောင့်ကိုး” လက်စသတ်တော့ ဒီလိုကိုးလို့ ဘုရင်လည်း ခေါင်းတညိတ်ညိတ်နဲ့ဖြစ်ပြီး-“ကိုင်းကိုင်း၊ ဝန်မင်းများ၊ မှူးကြီးမတ်ကြီးများ၊ ကျုပ်မလဲ ဘာမသိ၊ ညာမသိနဲ့ပါဗျာ။ ဘာရောဂါ ညာရောဂါတွေနဲ့ တိုင်းပြည်အုပ်စိုးရတာလည်း ဦးနှောက်က ခြောက်လှပြီ။ ကိုင်းပေးစမ်း၊ ပေးစမ်း၊ အဲဒီသံကွင်း၊ မင်းတို့ လူလည်လုပ်လို့ ဘယ်ရမလဲကွ။ ငါလည်း စွပ်ကြည့်မှာပေါ့” လို့ မိန့်တော်မူ ပြောဆိုပြီး ဆိုးခနဲ ဆတ်ခနဲဆိုသလို ဘုရင်က သံကွင်းကို ဆွဲယူပြီး သူ့ခေါင်းကနေ စွပ်လိုက်တော့တယ်။“ဟော..တွေ့တယ်မဟုတ်လား။ ဝန်မင်းများ ကျုပ်လည်း လည်ပင်းနဲ့ သံကွင်း တော်တယ်ဗျ။ ကျုပ်ကို အချိန်မဆိုင်း ဟပ်ဖ်တိုင်း(မ်)မပေးဘဲ သေဒဏ်ကြိုးပေးတော် မူလိုက်ကြစမ်းဗျာ။ ကျုပ် နတ်ပြည်တက်တော့မယ်” လို့ အမိန့်တော်မြတ် ချမှတ်လိုက်တော့သတဲ့။ပုံပြင်ကလေးကတော့ ဒါပါပဲ။ ကြားဖူးခဲ့တာ ကြာပါပြီ။ ဗျိုင်းနားဆရာတော် ဟောကြားတဲ့ တရားထဲကလို့လည်း ကြားမိဖူးသလားလို့ပါ။ ပုံပြင်ထဲမှာကတော့-ဘာမသိညာမသိတဲ့ ဘုရင်၊ အသိဉာဏ်မရှိတဲ့လူတွေ အုပ်စိုးတဲ့တိုင်းပြည်တဲ့။ သူတို့ဟာသူတို့တော့ ဥပဒေနဲ့အညီ၊ ကျင့်ထုံးနဲ့အညီဆိုပြီး စိုးမိုးခြယ်လှယ်နေတာ နေမှာပေါ့။ကြားဖူး၊ သိဖူးကြရင်လည်း ထပ်မံ။ မကြားဖူး မသိဖူးသေးရင်လည်း နွေပူပူမှာ ကြားရကြားရ နားဝမသက်သာတဲ့ သတင်းများကြောင့် စိတ်ခံစားရတာတွေ ရှိကြမှာကို ပုံပြင်ကလေးနဲ့ တိုက်ကျွေးတာပါ။ ပုံပြောကြည့်တဲ့ အာဝဇ္ဇန်းအလျောက်ပေါ့ ခင်ဗျာ။