တရုတ်နိုင်ငံ တီအန်ကျင်း ပြည်သူ့အစိုးရပိုင် ကုမ္ပဏီများမှ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကုန်သည်စက်မှု အသင်းချုပ်နှင့် နားလည်မှုစာချွန်လွှာ ရေးထိုး

တရုတ်နိုင်ငံ တီအန်ကျင်း ပြည်သူ့အစိုးရပိုင် ကုမ္ပဏီများမှ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကုန်သည်စက်မှု အသင်းချုပ်နှင့် နားလည်မှုစာချွန်လွှာ ရေးထိုး
Published 12 March 2015
အေးမြတ်မွန်၊ သက်ထား

တရုတ်နိုင်ငံ တီအန်ကျင်း အစိုးရလက်အောက်ရှိ စီးပွားရေးကော်မရှင်နှင့် ကုန်သည်စက်မှု အသင်းချုပ်တို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ကုန်သည်စက်မှု အသင်းချုပ်တွင် ပထမဆုံးအကြိမ် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။
ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ပြုလုပ်ခဲ့သည့် State -Owned Assets Supervision and Administration Commission of Tianjin Municiple People Government တို့ ပူးပေါင်းပြုလုပ်သည့် Myanmar - Tianjin Business Matching တွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။
“တီအန်ကျင်းက နည်းပညာမြင့်တဲ့ ကုမ္ပဏီတွေ ဒီမှာလာလုပ်ဖို့ရှိတယ်။ တခြား နိုင်ငံတွေက ရင်းနှီးမြှုပ်နှံဖို့ တုံ့ဆိုင်းနေတဲ့အ ချိန်မှာ သူတို့ကလာတယ်။ အဓိကလာတာကတော့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ၊ light industries တွေအပါအဝင် အခြားကုမ္ပဏီတွေက  လုပ်ငန်းဆိုင်ရာအလိုက် လုပ်ငန်းရှင်တွေ ဆွေးနွေးကြတယ်။ ကုန်သွယ်မှုအပြင် ရင်းနှီးမြှုပ်နှံမှုပါပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးသက်က ပြော ကြားသည်။
အဆိုပါနားလည်မှု စာချွန်လွှာအရ နှစ်နိုင်ငံအစိုးရကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားကောင်းလာစေရန်၊ ကုန်သည်စက်မှု အသင်းချုပ်နှင့် တီအန်ကျင်း စီးပွားရေး လုပ်ငန်းဆိုင်ရာများအကြား  လုပ်ငန်းကုမ္ပဏီချင်း ပူးပေါင်းမြှင့်တင်ရန်၊ မြန်မာနှင့် တီအန်ကျင်းအကြား JH Trade and Investment များကို မြှင့်တင်ရေး လုပ်ဆောင်သွားရန်၊ တီအန်ကျင်း အစိုးရပိုင်စီးပွားရေး အစုအဖွဲ့များ၏ စက်မှုလုပ်ငန်းနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်သွားရန် စသည့်အချက်လေးချက်ကို မြန်မာနိုင်ငံနှင့် တီအန်ကျင်း အစိုးရစီးပွားရေး ကော်မရှင်တို့အကြား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနားလည်မှု စာချွန်လွှာသည် ၂ဝ၁၈ ခုနှစ်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
“အခုလက်ရှိ MoU ရေးထိုးထားတဲ့ နေရာမှာ ပါဝင်တဲ့အချက်တစ်ချက်က နှစ်ဖွဲ့သည် လုပ်ငန်းလုပ်ဆောင်ရာမှာ Ethical နဲ့ Responsibilities ကို အကောင်အထည်ဖော်ဖို့ ပါဝင်ပါတယ်။ Win- Win Situation ကို အဓိက အကောင်အထည် ဖော်ဖို့အတွက်ကို ရည်ရွယ်ထားတယ်။ အခုလာတာကတော့ အစိုးရပိုင်စီးပွားရေး လုပ်ငန်းတွေ များတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဇော်နိုင်သိန်းက ပြောကြားသည်။
အဆိုပါ တီအန်ကျင်း အစိုးရစီးပွားရေး ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ကုန်ထုတ်စက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ဆေးဝါးပစ္စည်းဆိုင်ရာလုပ်ငန်း၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ်ဆိုင်ရာလုပ်ငန်း၊ စားသောက်ကုန်နှင့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေအကျိုးဆောင်၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း စသည့်လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း လုပ်ကိုင်ရန် မြန်မာလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
         
 

Most Read

Most Recent