လက်ပံတန်းတွင် အကြမ်းဖက် ဖမ်းဆီးခံထားရသူများကို ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မငါးခုဖြင့် ရုံးထုတ်၊ လူ့အခွင့်အရေး များစွာချိုးဖောက်ခံနေရကြောင်း ဖမ်းဆီးခံကျောင်းသားများ ပြောကြား

လက်ပံတန်းတွင် အကြမ်းဖက် ဖမ်းဆီးခံထားရသူများကို ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မငါးခုဖြင့် ရုံးထုတ်၊ လူ့အခွင့်အရေး များစွာချိုးဖောက်ခံနေရကြောင်း ဖမ်းဆီးခံကျောင်းသားများ ပြောကြား
Published 11 March 2015

ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဖြိုခွင်းခြင်းခံရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံထားရသော ကျောင်းသားကျောင်းသူများနှင့် ပြည်သူများကို ပုဒ်မ- ၅၀၅ (ခ)အပါအဝင် ပုဒ်မငါးခုဖြင့် လက်ပံတန်းမြို့နယ် တရားရုံးတွင် မတ် ၁၁ ရက် ညနေ ၄ နာရီခန့်က ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။ထို့ပြင် ကျောင်းသားများက လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်း လက်ပံတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးမှုပြီး၍ ပြန်လည်ခေါ်ဆောင်လာစဉ် အချုပ်ကားပေါ်မှ အော်ဟစ်ပြောကြားသွားသည်။“သမဂ္ဂတွေကို တရားဝင်ပြီလို့ သူတို့က ထင်နေတာ။ တကယ်တော့ တရားမဝင်ဘူး။ ဒီဥပဒေ (အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ) အတည်ပြုပြီးမှ တရားဝင်မှာပါ။ ဥပဒေပြီးမှ အတည်ဖြစ်မှာပါ။ သူတို့ ဥပဒေချိုးဖောက်လို့ အရေးယူ ဆောင်ရွက်တာပါလို့ ပြောချင်ပါတယ်။ ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဖွဲ့ဖြစ်တဲ့အတွက် ပုဒ်မ-၁၄၃၊ လူစုခွဲပါလို့ ကျင့်ထုံးပုဒ်မ ၁၂၄ အရ ကြေညာတယ်။ ဒါကိုမခွဲဘဲနဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဖွဲ့မှာ ဆက်ပြီးရှိနေရင်း ပုဒ်မ-၁၄၅၊ ရုန်းရင်းဆန်ခတ် လုပ်တဲ့အတွက် ပုဒ်မ-၁၄၇၊ တဖြည်းဖြည်းနဲ့ ဥပဒေချိုးဖောက်လာတာကို ပြောတာပါ။ တာဝန်ထမ်းဆောင်နေရင်း ကျွန်တော်တို့ဆီကလူတွေ ကွဲပြဲကုန်တယ်။ သာမန်ဒဏ်ရာဖြစ်တဲ့အတွက် ပုဒ်မ-၃၃၂၊ နိုင်ငံတော်မတည်ငြိမ်အောင် သတင်းထုတ်ပြန်တာ ကောလာဟလထုတ်ပြီး အစိုးရကိုပုတ်ခတ်၊ ဆန်ကျင့်လာအောင် လှုံဆော်တဲ့အတွက် ပုဒ်မ-၅၀၅(ခ)တွေနဲ့ ကျောင်းသားတွေကို တရားစွဲဆိုထားပါတယ်” ဟု ရဲမှူးကြီးဝင်းစိန်က မတ် ၁၁ ရက်တွင် ပြောကြားသည်။ဆန္ဒပြကျောင်းသူများအား တရားရုံးသို့ ခေါ်ဆောင်လာစဉ်
အဆိုပါ အဖမ်းဆီးခံ ကျောင်းသားများနှင့် ပြည်သူများကို မူလက သာယာဝတီထောင်တွင် ချုပ်နှောင်ထားပြီး မည်သည့်တရားရုံးတွင် ရုံးထုတ်မည်ကို ကြိုတင်အသိပေးခြင်း မရှိသည့်အတွက် ၎င်းတို့၏ မိဘများမှာ လက်ပံတန်းမြို့နယ် တရားရုံးနှင့် သာယာဝတီမြို့နယ် တရားရုံးတွင် လာစောင့်ဆိုင်းခဲ့ရသည်။“အစိုးရက ဒီလိုလုပ်တာဟာ မမျှတဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ မထင်ဘူး။ ကျွန်တော်တို့ သားသမီးတွေနဲ့လည်း ပေးတွေ့ခွင့် မပြုဘူး။ ဘယ်မှာရုံးထုတ်မှန်း အတိအကျ မပြောတဲ့အတွက် ဟိုပြေးဒီပြေး ဖြစ်ခဲ့ရတယ်။ အစိုးရက သားသမီးချင်း ကိုယ်ချင်းမစာပါဘူး” ဟု ပင်မကျောင်းသားသပိတ်မှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိဖမ်းဆီးခံထားရသော မဖြိုးဖြိုးအောင်၏ဖခင် ဒေါက်တာနေဝင်းက ပြောကြားသည်။ယင်းကဲ့သို့ ကျောင်းသားများအား ဖမ်းဆီးထိန်းသိမ်းထားသည့် သာယာဝတီအကျဉ်းထောင်မှ လက်ပံတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ရန် ခေါ်ဆောင်လာစဉ် ရဲတပ်ဖွဲ့အင်အား အများအပြား အသုံးပြုလျက် လုံခြုံရေးရယူခဲ့သည်ကို တွေ့ရှိရသည်။အမှုစစ်ဆေးပြီးနောက် ကျောင်းသူများကို ပြန်လည်ခေါ်ဆောင်လာစဉ်
ရုံးထုတ်စစ်ဆေးမှုတွင် ကိုအောင်မှိုင်းဆန်း၊ မဖြိုးဖြိုးအောင် အစရှိသည့် ကျောင်းသားခေါင်းဆောင်များ အပါအဝင် အမျိုးသား ၄၀ ခန့်နှင့် အမျိုးသမီး ၂၀ ခန့် စုစုပေါင်း ကျောင်းသား ၆၀ ကျော်ခန့်ကို ရုံးထုတ်ခဲ့ကြောင်း သိရသည်။ကျောင်းသားများအား ရုံးထုတ်နေစဉ်နှင့် ရုံးထုတ်အပြီး ပြန်လည်ထွက်ခွာလာစဉ် အချိန်များတွင် ၈၈ ငြိမ်း/ပွင့်မှ မနီလာသိန်းက “မင်းသွေးသစ်ပါသလား၊ သူ့ကို ဘယ်မှာချုပ်ထားသလဲ၊ မင်းသွေးသစ်ပါရင် လက်မထောင်ပါ၊ မင်းသွေးသစ်အမေ ရောက်နေပါတယ်” ဟု ကျောင်းသားများထံ အော်ဟစ်မေးမြန်းခဲ့သော်လည်း ဖမ်းဆီးခံ ကျောင်းသားများက ကိုမင်းသွေးသစ် မပါဝင်ကြောင်း ပြန်လည်ဖြေကြားသည်။ကိုမင်းသွေးသစ်၏မိခင် ဒေါ်ခင်ခင်ယုက “တရားတာ ဖြစ်စေချင်တယ်။ ဦးသိန်းစိန်ကို ပြောချင်တာက သူ့သားသမီးတွေ ဒီလိုဖြစ်ရင် ဘယ်လိုခံစားရမလဲလို့။ ကိုယ်ချင်းစာစေချင်တယ်” ဟု ဝမ်းနည်းစွာ ပြောကြားသည်။လက်ပံတန်းမြို့နယ် တရားရုံးရှေ့တွင် လုံခြုံရေးယူထားစဉ်
ရုံးထုတ်လာစဉ် ကျောင်းသားအများအစု၏ မျက်နှာနှင့် ဦးခေါင်းပိုင်းတွင် ညိုမည်းစွဲဒဏ်ရာများနှင့် ထိခိုက်ဒဏ်ရာ ရရှိနေသည်ကို တွေ့ရပြီး အချို့မှာ မျက်လုံးနှင့်လက်တို့တွင် ပတ်တီးစည်းထားသည်ကို တွေ့ရသည်။ကျောင်းသားကျောင်းသူများနှင့် ပြည်သူများကို အမျိုးသားတစ်စီး၊ အမျိုးသမီးတစ်စီး အချုပ်ကားနှစ်စီးဖြင့် လက်ပံတန်းမြို့နယ် တရားရုံးသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ရုံးထုတ်စစ်ဆေးနေစဉ် ၎င်းတို့၏ မိဘ၊ ဆွေမျိုးများနှင့် သတင်းမီဒီယာများကို တရားရုံး ပရဝုဏ်အတွင်း ဝင်ခွင့်မပေးခဲ့သည့်အပြင် တရားရုံးမျက်နှာစာနှင့် ဂိတ်တံခါးဝရှေ့တွင် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး အဆင့်ဆင့်ချထားကြောင်း သိရသည်။ထို့ပြင် တရားရုံးထုတ်နေစဉ် အပြင်မှ အတွင်းသို့ မြင်ရသည့် တစ်ခုတည်းသော တရားရုံးလျှောက်လမ်းကိုလည်း သတင်းမီဒီယာများ ဓာတ်ပုံရိုက်ကူးခွင့် မရစေရန်နှင့် ကျောင်းသားကျောင်းသူများ၏ မိဘများ မမြင်စေရန် ရဲတပ်ဖွဲ့ဝင်အချို့က ဝရန်တာ အုတ်ပေါင်ပေါ်တွင် မတ်တတ်ရပ် ပိတ်ဆို့ခဲ့ကြောင်း သိရသည်။သပိတ်မှောက် ကျောင်းသားများအား ရုံးထုတ်လာသည်ကို စောင့်ဆိုင်းနေသည့် မိသားစုဝင်များ
ဖမ်းဆီးခံ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများကို လက်ပံတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ-၁၄၃၊ ပုဒ်မ-၁၄၅၊ ပုဒ်မ-၁၄၇၊ ပုဒ်မ-၃၃၂၊ ပုဒ်မ-၅၀၅(ခ) တို့ဖြင့် မတ် ၁၁ ရက် ညနေ ၄ နာရီခန့်တွင် ရုံးထုတ်ခဲ့ပြီး ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် သာယာဝတီ အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်းနှင့် မတ် ၂၅ ရက်တွင် ပြန်လည်ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။  ပုဒ်မ-၁၄၃ သည် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်သူကို အရေးယူသည့် ပုဒ်မဖြစ်ပြီး ပုဒ်မ-၁၄၅ သည် လူစုခွဲရန် အမိန့်ပေးပြီးကြောင်း သိပါလျက် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌ ပါဝင်သူကို အရေးယူသည့် ပုဒ်မဖြစ်ကာ ပုဒ်မ-၁၄၇ သည် ရုန်းရင်းဆန်ခတ်မှု ကျူးလွန်သူကို အရေးယူသည့် ပုဒ်မဖြစ်ကြောင်း၊ ပုဒ်မ-၃၃၂ သည် ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှုဖြစ်ကာ ပုဒ်မ-၅၀၅(ခ)သည် နိုင်ငံတော်မတည်ငြိမ်အောင် သတင်းထုတ်ပြန် ကောလာဟလထုတ်ပြီး အစိုးရကို ပုတ်ခတ်၊ ဆန့်ကျင်လာအောင် လှုံ့ဆော်သည့်သူကို အရေးယူသည့် ပုဒ်မဖြစ်ကြောင်း သိရသည်။
 
ဖမ်းဆီးခံထားရသည့် ကျောင်းသားမိဘများ၏ စကားသံအချို့ဒေါ်သန္တာခင် (ကျောင်းသားသပိတ်စစ်ကြောင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်၏ မိခင်)ကလေးတွေက အာဏာကိုလည်းလုတာ မဟုတ်ဘူး။ သူတို့ခုံကိုလည်း သွားလှုပ်တာ မဟုတ်ဘူး။ သူတို့ကိုလည်း ဆဲတာလည်း မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာ။ သူတို့ခေါ်ပြီး ဆွေးနွေးပြီးပြီ။ ဆုံးဖြတ်ချက်လည်း ကျပြီးပြီ။ အဲဒါပြီးမှ နောက်ကျောကို ဓားနဲ့ထိုးသလိုပဲ။ စကားလည်း မတည်ဘူး။ လူကြီးလည်း မဆန်ဘူး။ အစိုးရလည်း မဆန်ဘူး။ အစိုးရဆိုတာ တာဝန်ယူမှု အားလုံးရှိရမယ်။ စကားကို ဟိုပြောဒီပြောလုပ်ရင် အစိုးရမလုပ်နဲ့။ မတည်ကြည်ဘူး။ ပြည်သူတွေကတင်ထားတဲ့ အစိုးရမဟုတ်လို့ နဂိုကတည်းကမှ ပြည်သူတွေက မယုံကြည်ရတဲ့ ကြားထဲကို။ အစိုးရဆိုတာ စကားပြော တည်ကြည်ရမယ်။ လူလေးစားခံရမယ်။ လူယုံကြည်အောင် လုပ်ရမယ်။ နောက်တစ်ခုက အစိုးရဆိုတာ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ အစိုးရပဲ ဖြစ်သင့်တယ်။ အခုက ဒီမိုကရေစီကို သွားလည်းမသွားဘူး။ ပါးစပ်ကပဲ ပြောတာ။ ရှေ့လည်းမသွားဘူး။ နောက်လည်းမဆုတ်ဘူး။ ရပ်နေတာပဲ။ အစကတည်းက ဘာမှမလုပ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိုင်ပြီးဆန္ဒပြနေတဲ့ ကလေးတွေကို သူတို့ပါးစပ်ထဲက ပုဒ်မနဲ့ တရားစွဲမယ်ဆိုလည်း တရားစွဲပေါ့။ ကြမ်းကြမ်းတမ်းတမ်းလုပ်စရာ မလိုဘူး။ ယဉ်ကျေးတဲ့ အစိုးရတစ်ရပ်ဆို ဒီလိုပဲ လုပ်ရမှာလေ။ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိဘူး။ စကားပြောတာကလည်း တောင်တစ်ခွန်း မြောက်တစ်ခွန်း၊ သမ္မတက သတ်သတ်ပြောလိုက်၊ သမ္မတလက်အောက်က တစ်မျိုးပြောလိုက်။ အဲဒီလို ဖြစ်နေတယ်။ ဆွေးနွေးပွဲကို စçတည်ကတည်းက ဖြိုးဖြိုးအောင်တို့ကို ခေါ်ပြီ။ အကြိုညိနှိုင်းဖို့ ပြောပြီ။ ဖြိုးဖြိုးအောင်တို့ နေပြည်တော်ရောက်သွားတဲ့အခါ ဦးရဲထွဋ်က အာအက်ဖ်အေနဲ့ ဘာပြောလဲဆိုရင် အခုလာတဲ့လူတွေက ကျောင်းသားခေါင်းဆောင်တွေ မဟုတ်ဘူး။ နိုင်ငံရေးထဲကို ဆွဲသွင်းပြီး လမ်းမှားခေါ်သွားရအောင် လုပ်တဲ့လူတွေ။ အဲဒီလို ပြောတယ်။ ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ။ အဲဒါနဲ့ ကျွန်မက ကျွန်မသမီးကို ဖုန်းဆက်လိုက်တဲ့ အချိန်မှာ ဆွေးနွေးပွဲခန်းမထဲ ရောက်တော့မယ်တဲ့။ အဲဒါကို ဦးရဲထွဋ်က ဘာလို့အဲဒီလို ပြောရတာလဲ။ အဲဒီလိုဆို အစကတည်းက မခေါ်နဲ့လေ။ ဒါဟာ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောတာ သမ္မတစကားပေါ့။ မတည်ကြည်တဲ့ စကားလုံးတွေ၊ မယဉ်ကျေးတဲ့ စကားလုံးတွေ ဘာလို့ သုံးစွဲရတာလဲ။ ဘာလို့ တိုက်ခိုက်ရတာလဲ။ ဒီကလေးတွေဆိုတာ သေးသေးလေးတွေပါ။ ကျွန်မတို့ဆိုတာ တိုင်းပြည်တစ်ပြည် နိုင်ငံတစ်နိုင်ငံ၊ ရပ်ကွက်တစ်ခု၊ အိမ်တစ်လုံးမှာရှိတဲ့ မိသားစုတစ်စုပါ။ သူတို့ဟာ ယန္တရားတွေ အကုန်ပိုင်တယ်။ စစ်တပ်ကိုလည်း ပိုင်တယ်။ ရဲတွေကိုလည်း ပိုင်တယ်။ လက်နက်ကိုင်အားလုံးကို ပိုင်ဆိုင်ထားတဲ့ အစိုးရတစ်ရပ်က ဘာဖြစ်လို့ အဲဒီလိုစကားတွေကို ဗလောင်းဗလဲ ပြောတာလဲ။ သိက္ခာမဲ့တဲ့ စကားတွေ ပြောတာလဲ။ အခုဖြိုခွဲတဲ့ကိစ္စ ဘာလို့ဖြိုခွဲတာလဲ။ အားလုံးက ဝိုင်းဆွေးနွေးပြီးပြီ။ ကလေးတွေက ပေကတ်ကတ်လုပ်နေတယ် ဆိုရင်တော့ လုပ်ပါ။ ယဉ်ယဉ်ကျေးကျေးနဲ့ အားလုံးကို ကားပေါ်ဆွဲတင်သွား။ ကြိုက်တဲ့ပုဒ်မနဲ့ အရေးယူပါ။ ကျွန်မတို့က ဖြေရှင်းမယ်။ နိုင်ငံမှာ နိုင်ငံသားတိုင်းက ဖြေရှင်းဖို့ အခွင့်အရေး ရှိတယ်။ ထောင်ကျနေတဲ့ လူမှာလည်း တရားခံရဲ့ သံသယအကျိုးကို ခံစားခွင့်ရှိတယ်။ အဲဒီအကျိုးတွေ အခု ဘာမှမရှိ။ လူ့အခွင့်အရေးဆိုတာလည်း ဘာမှမသိ။ သူတို့ကိုယ်တိုင်တောင် မသိတဲ့လူတွေက ဒီမိုကရေစီလို့ပြောတာ တန်သလား။ သူတို့ပါးစပ်နဲ့လည်း မတန်ဘူး။ လူနဲ့လည်း မတန်ဘူး။ အခု ကျွန်မပြောပြမယ်။ အခု ကျောင်းသားတွေကို အကြမ်းဖက်တဲ့ကိစ္စ ယဉ်ယဉ်ကျေးကျေး ခေါ်ဆောင်သွားပါ။ လက်နက်မဲ့ ကျောင်းသားတစ်ယောက်ကို လက်နက်ရှိ ငါးယောက်လောက်က ချုပ်ဖမ်းတာ။ ဒါဆို အီးယူက သင်တန်းပေးထားတာ အဲဒီလို ရိုက်ဖို့လား။ ဒီလို ဖြိုခွင်းဖို့လား။ ဖမ်းဆီးထားပြီဆိုလည်း အုပ်ထိန်းသူတွေကို အကြောင်းကြားရမှာပေါ့။ အဲဒါကတော့ ဒီအစိုးရ သက်တမ်းတစ်လျှောက် ၁၉၆၂ ခုနှစ် ဦးနေဝင်းအစိုးရ တက်ကတည်းက အကြောင်းမကြားခဲ့ဖူးဘူး။ လူလိုသူလို ဘယ်တော့မှ မလုပ်ခဲ့ဖူးဘူး။ အခု ကလေးတွေကို ဖမ်းတယ် မယဉ်ကျေးစွာ ဖွဲအိတ်ဆန်အိတ်ကိုရိုက်သလို ရိုက်တယ်။ မိဘတွေရဲ့ ရင်ထဲကို ဝင်ခံစားကြည့်စမ်းပါ။ သူတို့မှာ သားသမီး မရှိဘူးလား။ အမေ မရှိဘူးလား။ ညီကိုမောင်နှမတွေ မရှိဘူးလား။ သားတွေ မရှိဘူးလား။ ဒါများ ဗုဒ္ဓဘာသာနိုင်ငံတဲ့။ ဗမာလူမျိုးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်နေတာ မရှက်ဘူးလား။ ဒီအစိုးရ။ ဘာမဆိုင်တဲ့ ကားတွေကိုရိုက်။ ကလေးတွေကို လူလေးငါးခြောက်ယောက် ရိုက်နှက်ပြီးဖမ်းတာ ဘာသဘောလဲ။ ဒီအစိုးရဟာ ဦးနှောက်မရှိလို့ လုပ်တာ။ ဦးနှောက်ရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိမှာ။ ကလေးတွေကို မပူးပေါင်း မဆောင်ရွက်ဘဲနဲ့ အကြမ်းဖက်ပြီးတော့ လုပ်တာ။ အကြမ်းဖက်တဲ့ အစိုးရ။ ဦးနှောက်လည်း မရှိဘူး။ နှလုံးသားလည်း မရှိဘူး။ အစိုးရဆိုတာ ပြည်သူတွေကို ကာကွယ်ရမှာ။ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဟာ ပြည်သူကိုကာကွယ်ဖို့။ အခုဟာက ပြည်သူကိုရိုက်နှက်တဲ့ အစိုးရ။ လက်နက်ကိုင်တွေက ကလေးတွေကို ဖွဲတွေ၊ ဆန်တွေ၊ ခွေးတွေ၊ ကြောင်တွေ၊ ကြက်တွေရိုက်သလို ရိုက်နှက်သွားတာ။ ဒီအစိုးရကို ဘယ်လိုမြင်ရမလဲ။ အဲဒီတော့ ဒီအစိုးရကို ကျွန်မတို့အမြင်က အကြမ်းဖက်တဲ့ အစိုးရလို့ပဲ မြင်တယ်။ဒေါ်ခင်ခင်ယု (ဖမ်းဆီးခံကျောင်းသားခေါင်းဆောင် မင်းသွေးသစ်၏ မိခင်)အန်တီ့သား ပါမလားလို့ လာကြည့်တာ။ အခုက မိဘတွေနဲ့လည်း မတွေ့ရဘူးဆိုတော့ အန်တီက မင်းသွေးသစ်ပါလားဆိုတော့ မပါသေးဘူး ပြောတယ်။ သားနဲ့လည်း မတွေ့ရသေးဘူး။ အန်တီက သန်လျင်ကလာတာ ဘာဆက်လုပ်ရမလဲဆိုတော့ လက်နက်ဆို အပ်တိုတစ်ချောင်းတောင် မရှိတာ။ ဘာဆက်လုပ်လို့ရမှာလဲ။ သမ္မတက သားသမီးချင်း ကိုယ်ချင်းစာပြီးတော့ မျှမျှတတလုပ်ပါလို့ ပြောချင်တယ်။

Most Read

Most Recent