ရဲတပ်ဖွဲ့၏ အကြမ်းဖက်နှိမ်နင်းခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် မရှိသင့် မရှိထိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် ထုတ်ပြန်

ရဲတပ်ဖွဲ့၏ အကြမ်းဖက်နှိမ်နင်းခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် မရှိသင့် မရှိထိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် ထုတ်ပြန်
Published 11 March 2015
ကျော်ဇင်ဝင်း

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားများအား ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် မရှိသင့်၊ မရှိထိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ် ၁၁ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။အဆိုပါကြေညာချက်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားပြန်လည်သင့်မြတ်ရေး အာဃာတကင်းစင်သော အထွေထွေသဟဇာတဖြစ်မှုကို ရှေးရှုရေးနှင့် ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးပြုရေး မူဝါဒများ ကိုင်စွဲလျက်ရှိကြောင်း၊ အကြမ်းမဖက်ရေး လမ်းစဉ်ကို လက်ခံယုံကြည်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရေးကို အစဉ်တစ်စိုက် ကြိုးပမ်းလျက်ရှိကြောင်းနှင့် မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို လက်မခံနိုင်ကြောင်း ဖော်ပြထားသည်။ယခုအခါ ကျောင်းသားဆန္ဒပြပွဲတွင် အကြမ်းဖက်နှိမ်နင်းမှုများကို ကြားမြင်ရကြောင်း၊ ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူဗဟိုပြု လုပ်ငန်းစဉ်နှင့် လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းခြင်းသင်တန်းများ ပေးနေချိန်လည်းဖြစ်ပြီး ရဲတပ်သားများ အနေဖြင့် လူစုလူဝေးအား ဥပဒေ၊ ရဲလက်စွဲတို့နှင့်အညီ စနစ်တကျ လူစုခွဲစေခြင်းဖြစ်ရမည်ဖြစ်ကာ လူစုလူဝေးအား နိုင်နင်းအောင်ဖြိုခွဲရာတွင် ထိခိုက်နာကျင်စေရန် မပြုလုပ်ရဘဲ ကြီးလေးသော ဒဏ်ရာများ ရရှိစေရန် မရိုက်နှက်ရကြောင်း ထောက်ပြထားသည်။သို့ရာတွင် ယခုမူ လိုအပ်သည်ထက် အင်အားသုံးပြီး ဖြိုခွင်းခြင်း၊ ရိုက်နှက်ခြင်းများ ရှိကြောင်းကို ကြားသိရကြောင်း၊ ဤကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းပြီး ယင်းအဖွဲ့၏ အစီရင်ခံစာကို အများပြည်သူ သိရှိစေရန် အမြန်ဆုံးထုတ်ပြန်သင့်ကြောင်း ထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။ထို့အတူ ဤသည်တို့မှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် မရှိသင့်၊ မရှိထိုက်ကြောင်း၊ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်း တည်ဆောက်နေချိန်တွင် မဖြစ်သင့်၊ မဖြစ်ထိုက်ကြောင်း၊ ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသူနိုင်ငံသားများအားလုံး အဘက်ဘက်မှ ပူးပေါင်းပါဝင်ကြရန် ကြေညာချက်တွင် တိုက်တွန်းထားသည်။လက်ပံတန်းမြို့၌ မတ် ၁၀ ရက်က ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့က အကြမ်းဖက်လူစုခွဲ ရိုက်နှက်ဖမ်းဆီးမှုတွင် ကျောင်းသားများနှင့် သာမန်အရပ်သား စုစုပေါင်း ၁၂၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

Most Read

Most Recent