အညွန့်စားပိုး ကျရောက်ခြင်းကြောင့် တောင်ငူခရိုင် ဖရဲစိုက်တောင်သူအချို့ အခင်းလိုက် စွန့်ပစ်နေရပြီး လတ်တလောတွင် တရုတ်နယ်စပ် ဝယ်လိုအားကောင်းနေသဖြင့် ဖရဲသီး ဈေးကောင်းရနေ

အညွန့်စားပိုး ကျရောက်ခြင်းကြောင့် တောင်ငူခရိုင် ဖရဲစိုက်တောင်သူအချို့ အခင်းလိုက် စွန့်ပစ်နေရပြီး လတ်တလောတွင် တရုတ်နယ်စပ် ဝယ်လိုအားကောင်းနေသဖြင့် ဖရဲသီး ဈေးကောင်းရနေ
Published 11 March 2015
ဇော်ဝင်းချစ်(တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ထွက် ဖရဲသီးခင်းများတွင် အညွန့်စားပိုးများ ကျဆင်းခဲ့ခြင်းကြောင့် ဖရဲစိုက်တောင်သူအချို့ အခင်းလိုက်စွန့်ပစ်ရခြင်းများ ရှိနေပြီး လတ်တလောတွင် တရုတ်နယ်စပ် ဝယ်လိုအားကောင်း၍ ဖရဲဈေးမှာ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။“လှေးပိုးလို့ခေါ်တယ်၊ အပင်ကိုဖျက်တဲ့ ပိုးတစ်မျိုးပေါ့၊ သူ့ကိုနှိမ်ဖို့ဆေးတော့ ရှိပါတယ်။ ဒါပေမဲ့ လှေးပိုးက အညွန့်ဖူးထဲမှာနေတဲ့ပိုးဆိုတော့ ရုတ်တရက်ဆို ပိုးရှိလားမရှိလား မသိရဘူးလေ။ အညွန့်ဖူးထဲမှာ ပိုးကရှိနေတော့ အညွန့်က ဆက်မတိုးတော့ဘူး၊ အသီးလည်း မတင်တော့ဘူး။ အသီးတင်ပြန်တော့လည်း အသီးကဆက်ပြီး မထွားတော့ဘူးလေ။ နေပူရှိန်ပြင်းတာရယ်၊ အခြားသီးနှံက ကူးတာရယ်ကြောင့် လှေးပိုးကျတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်တိုင်းစိုက်တဲ့ ဖရဲခင်းတွေမှာဆိုရင် မနှစ်ကကျန်တဲ့ ပိုးတွေက ဒီနှစ်မှာ ဆက်ကူးတာလည်း ဖြစ်နိုင်တယ်။ ကျွန်တော့်ဖရဲတွေတော့ အခင်းလိုက်ကို ပစ်ထားလိုက်ရတော့တယ်” ဟု ဖရဲများတွင် အညွန့်စားပိုးကျဆင်းခြင်းကြောင့် ဖရဲစိုက်ခင်း နှစ်ဧက ဆုံးရှုံးခဲ့ရသူ အုတ်တွင်းမြို့နယ် သာဂရကျေးရွာမှ ကိုမင်းနိုင်က ဆိုသည်။လယ်ဖရဲ တစ်ဧကလျှင် အလုံးရေ ၁၅၀၀ ဝန်းကျင်စိုက်ပျိုးရပြီး တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်ငါးသိန်းမှ ရှစ်သိန်းဝန်းကျင်အထိ ကုန်ကျကြောင်းနှင့် တောင်ငူခရိုင်အတွင်း စိုက်ပျိုးသော ဖရဲမျိုးများတရုတ် နယ်စပ်ဘက်မှ မှာယူသော ၈၅၅ မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း သိရှိရသည်။“အခုလောလောဆယ်တော့ ဖရဲဈေးက ကောင်းနေတယ်၊ တရုတ်နယ်စပ် မူဆယ်ဘက်မှာ ဖရဲတစ်ကီလို သုံးကျပ်ကနေ လေးကျပ်ကြား ရတယ်။ ပြီးခဲ့တဲ့ရက် ၂၀ လောက်တုန်းကတော့ တစ်ကီလိုကို နှစ်ကျပ်နဲ့ သုံးကျပ်ကြားပဲ ရတယ်၊ အဲဒီတုန်းက မူဆယ်ဘက်ကို တစ်ရက်တည်းနဲ့ ဖရဲကားအစီး ၃၀၀ လောက် ဝင်တယ်။ အခုရက်ပိုင်းကျတော့ အစီး ၁၀၀ လောက်ပဲဝင်တော့ ဖရဲအဝင်နည်းသွားလို့ ဈေးကောင်းလာတာ။ တရုတ်ပြည်ဘက်မှာလည်း ရာသီဥတု နည်းနည်းပူလာတာလည်း ပါတယ်” ဟု တရုတ်နယ်စပ် မူဆယ်သို့ ဖရဲတင်ပို့ ရောင်းချနေသူ ကိုမြင့်ဦးက တရုတ်နယ်စပ်မူဆယ်ရှိ ဖရဲဈေးကွက် အခြေအနေအား ရှင်းပြသည်။တောင်ငူခရိုင်တွင် ကိုင်းဖရဲနှင့် လယ်ဖရဲနှစ်မျိုး ထွက်ရှိပြီး ကိုင်းဖရဲပေါ်ချိန်တွင် တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း၊ ယခု လယ်ဖရဲပေါ်ချိန်တွင် လတ်တလော ဈေးကောင်းရနေသော်လည်း အကျိုးအမြတ် နည်းပါးနေကြောင်း၊ မူဆယ်ဘက်သို့ ၁၂ ဘီးကားများဖြင့် ကားတစ်စီးလျှင် ဖရဲ ၁၃ တန်မှ ၁၇ တန်အထိ တင်ပို့ရောင်းချပြီး ကားတင်ခ ကျပ်သိန်း ၂၀ ဝန်းကျင်ပေးရကြောင်း၊ တရုတ်ငွေယွမ် တစ်ကျပ်လျှင် မြန်မာငွေ ကျပ် ၁၆၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး ဖရဲတစ်တန်လျှင် ကျပ်ငါးသိန်းဝန်းကျင် ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဖရဲစိုက်တောင်သူများက ပြောကြားသည်။     

Most Read

Most Recent