သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်၌ သီးခြားတွေ့ဆုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန်မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်၌ သီးခြားတွေ့ဆုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန်မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Published 11 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ မတ် ၁၀ ရက်တွင်တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။မတ် ၁၀ ရက်တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးနောက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှ စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းတွေ့ဆုံချိန် မိနစ် ၂၀ ဝန်းကျင်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ထိုသို့တွေ့ဆုံမှုနှင့်ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည်အား သတင်းထောက်များက တွေ့ဆုံရသည့်အကြောင်းရင်းကိုမေးမြန်းရာတွင် သတင်းထုတ်ပြန်ပြောကြားရန်မရှိကြောင်း ပြန်လည်ဖြေကြားသည်။ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်အစည်းအဝေးရှိစဉ်ကာလများအတွင်း မကြာခဏတွေ့ဆုံလေ့ရှိသည်။မတ် ၂ ရက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲတရားမျှတရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စများနှင့်စပ်လျဉ်း၍ တွေ့ဆုံခဲ့ပြီးဖြစ်သည်။အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ မတ် ၉ ရက်ကတွေ့ဆုံခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာသဖြင့် သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်အားမေးမြန်းခဲ့ရာ ၎င်းသတင်းများမှာ ကောလာဟလများသာဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။ဒေါ်အောင်ဆန်းစုကြည်က "မဟုတ်ပါဘူး။ ဘယ်က အဲဒီကောလာဟလတွေကြားလဲ။ ဒီဇာစ်မြစ်ကိုလိုက်စမ်းပါဦး။ တွေ့ဖို့မရှိပါဘူး" ဟု သတင်းထောက်များအားပြောကြားသည်။လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာလုပ်ငန်းစဉ်မှာ လိပ်ခဲတည်းလည်းဖြစ်နေခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသော်လည်း ဆွေးနွေးပွဲမှာ ဖြစ်မြောက်လာခြင်းမရှိပေ။

Most Read

Most Recent