လက်ပံတန်းမြို့မှ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို အင်အားသုံး အကြမ်းဖက်ဖြိုခွဲရာတွင် ဆန္ဒပြကျောင်းသားများသာမက သတင်းထောက်များကိုပါ ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး

လက်ပံတန်းမြို့မှ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို အင်အားသုံး အကြမ်းဖက်ဖြိုခွဲရာတွင် ဆန္ဒပြကျောင်းသားများသာမက သတင်းထောက်များကိုပါ ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး
Published 11 March 2015
ကြည်နိုင်၊ အောင်ကျော်ထက်

လက်ပံတန်းမြို့တွင် ပိတ်မိနေသည့် ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က မတ် ၁ဝ ရက် မွန်းလွဲပိုင်းတွင် စတင်စီးနင်းခဲ့ပြီး လက်ပံတန်းဒေသခံများ၊ ကျောင်းသားများသာမ က သတင်းရယူနေကြသည့် သတင်းမီဒီယာများမှ သတင်းထောက်များကိုပါ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကာ ကျောင်းသားများအပါအဝင် ၁၂၇ ဦး ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
 
ယင်းနေ့ မွန်းလွဲပိုင်းတွင် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်တွေ့ဆုံ တင်းမာမှုများရှိနေချိန်တွင် ကျောင်းသားများနှင့် လာရောက်ပူးပေါင်းရန် ကြိုးစားသည့် လက်ပံတန်းဒေသခံများကို ရဲတပ်ဖွဲ့မှ စတင် ရိုက်နှက် ဖမ်းဆီးခဲ့သည်။
 
ကျောင်းသားများသာမက  သံဃာနှင့်  သတင်းထောက်များပါမကျန်  ရိုက်နှက်ဖမ်းဆီး
 
ထို့နောက် မွန်းလွဲ ၁ နာရီခွဲမှ စတင်ပြီး ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့မှ ဖြိုခွင်းပြီး ကျောင်းသား/သူများ၊ ပူးပေါင်းပါဝင်သည့် သံဃာတော်များနှင့်လက်ပံတန်းဒေသခံများကိုပါ စတင်ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မွန်းလွဲ ၃ နာရီအထိ ရရှိသည့် သတင်းအရ ဒဏ်ရာရရှိသူ ခြောက်ဦးကို လက်ပံတန်းဆေးရုံသို့ တင်ပို့ကုသမှုခံယူနေပြီး အမျိုးသမီးကြီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
 
ရိုက်နှက်ဖမ်းဆီးမှုများကြောင့် ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာအိမ်များသို့ ကျောင်းသားများ၊ မီဒီယာသမားများပါ ဝင်ရောက်ခိုလှုံခဲ့ရပြီး ရဲတပ်ဖွဲ့မှလည်း ဘုန်းကြီးကျောင်းထဲသို့ လည်းကောင်း၊ အိမ်များထဲသို့သာမက လူနာတင်ယာဉ်ထဲတွင် ရောက်ရှိနေသည့် ကျောင်းသားများကိုပါ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ကျောင်းသားသပိတ်စစ်ကြောင်းမှ ယာဉ်တစ်စီးအား ရဲတပ်ဖွဲ့ဝင်များကဖျက်ဆီးနေစဉ်အရိုက်ခံခဲ့ရသည့် ကျောင်းသားတစ်ဦးက “ကျွန်တော် အရိုက်ခံရပြီးတော့ ဘုန်းကြီးကျောင်းထဲကို ဝင်ပြေးတယ်။ အဲ့ဒီနားမှာပဲ ကျောင်းသူတစ်ယောက်က ရဲက သူ့ကိုနံပါတ်တုတ်နဲ့ ရိုက်တယ်ပြောပြီး ငိုနေတယ်။ ကျွန်တော်သူ့ကိုဆွဲပြီး ဘုန်းကြီးကျောင်းထဲကို ဝင်ပြေးတယ်။ နောက်တော့ လူကွဲသွားတယ်။ ကျွန်တော့်နောက်မှာ အများကြီးလည်း ဝင်ပြေးလာတယ်။ ဒါပေမဲ့ လူက အရင်ကထက် တစ်ဝက်လောက်ပဲလို့ ထင်တယ်။ နောက်တော့ ဘုန်းကြီးကျောင်းထဲကို ဝင်စီးပြီး ရိုက်တော့ ကျွန်တော်လည်း ထပ်ပြီး ထွက်ပြေးရတယ်”ဟု မွန်းလွဲ ၂ နာရီခွဲခန့်က ပြောကြားသည်။
“ကျွန်တော့်ညီရော အစ်ကိုကော ပါသွားတယ်။ အရိုက်ခံရတာတွေ ရှိတယ်။ ဝင်ကယ်လို့လည်း မရဘူး။ ရဲတွေက မည်းမည်းမြင်ရာ အကုန်ရိုက်နေတာ။ ဘုန်းကြီးတွေကအစ ရိုက်တာပဲ။ အဖမ်းခံရတဲ့ ကျောင်းသားတွေက သုံးပုံနှစ်ပုံလောက်ရှိမယ် ထင်တယ်။ ခုချိန်ထိတော့ ဘာမှထပ်မသိရသေးဘူး”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောကြားသည်။
 
ထို့ပြင် ကျောင်းသားသပိတ်သို့ သတင်းရယူနေကြသည့် သတင်းထောက်များကိုလည်း ရဲတပ်ဖွဲ့မှ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးမှုများရှိပြီး သတင်းထောက်အနည်းဆုံး တစ်ဦးအဖမ်းခံထားရပြီး ငါးဦးထက်မနည်း အဆက်သွယ်ပြတ်တောက်နေသည်ဟု မြေပြင်သတင်းရယူနေသည့် သတင်းထောက်များက ပြောကြားသည်။
 

သံဃာတော်တစ်ပါးအား ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေစဉ် 
ပုန်းအောင်းနေရသည့် သတင်းထောက်များ
 
Reporter ဂျာနယ်မှ တာဝန်ခံအယ်ဒီတာတစ်ဦးက “အဖမ်းခံထားရတာလား ဘာလားတော့ မသိသေးဘူးဗျ။ လောလောဆယ်တော့ အဆက်သွယ်မရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ ဂျာနယ်တိုက်ရဲ့ အကြီးတန်းသတင်းထောက် ကိုဖြိုးအောင်မြင့်ပါ။ လွန်ခဲ့တဲ့ မိနစ် ၂ဝ လောက်ကအထိ အဆက်သွယ်ရသေးတယ်။ အဆက်သွယ် မပြတ်ခင်အထိတော့ သူ့ကို အရိုက်ခံထားရတယ်ပေါ့လေ။ နောက်ပြီး လိုက်ဖမ်းလို့ ပြေးနေရတော့  လုံးလုံးအဆက်သွယ် မရတော့ဘူး ဖြစ်နေပါတယ်”ဟု မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ ခန့်က ပြောကြားသည်။
ပဋိပက္ခဖြစ်နေသည့်နေရာတွင် သတင်းရယူနေသည့် သတင်းထောက်တစ်ဦးက    “လောလောဆယ်တော့ ကျွန်တော်တို့ တိုက်ပေါင်းစုံက သတင်းထောက်တွေစုပြီး တစ်နေရာမှာ ပုန်းနေရတယ်။ အဖမ်းခံရတဲ့ သတင်းထောက်တွေရှိတယ်လို့ ကြားတယ်။ နောက်ပြီး ပိတ်မိနေပြီး အဆက်သွယ်မရတဲ့ သတင်းထောက်တွေ ရှိနေသေးတဲ့အတွက် သူတို့နဲ့ အဆက်သွယ်ရအောင် လုပ်နေပါတယ်” ဟု မွန်းလွဲ ၂ နာရီခွဲက ပြောကြားသည်။
 
အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးမှုများပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ဝေဖန်ရှုတ်ချနေကြ
 
ရဲတပ်ဖွဲ့မှ လက်ပံတန်းဒေသခံများ၊ ကျောင်းသားများသာမက သတင်းရယူနေကြသည့် သတင်းထောက်များကိုပါ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးမှုများပြုလုပ်ခဲ့သည့်အပေါ် ဝေဖန်ရှုတ်ချမှုများစွာ ထွက်ပေါ်ခဲ့ပြီး  အစိုးရအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ မတိုင်မီတစ်ရက်တွင် ယခုကဲ့သို့ အကြမ်းဖက်ခဲ့ခြင်းသည် ရိုးသားမှုမရှိဘဲ တိုင်းပြည်ဆူပူစေရန် ချိန်သားကိုက် လုပ်ဆောင်သကဲ့သို့ ဖြစ်နေကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။
 

 
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်နှင့် ကျောင်းသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်
 
သတင်းစာဆရာ ဦးဖိုးသောကြာက “ကျွန်တော်တစ်ယောက်တည်းရဲ့ သဘောထားနဲ့ ပြောရမယ်ဆိုရင် ဒါ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ လုံခြုံရေးကို ဥပဒေနဲ့အညီ ထိန်းသိမ်းရမယ့် ရဲတပ်ဖွဲ့က လုံခြုံရေးအရ စောင့်ထိန်းလိုက်နာရမယ့်၊ ကျင့်ဝတ်တွေ၊ ဥပဒေတွေကို ကျော်လွန်ပြီးတော့ နှိမ်နင်းတယ်လို့ ယူဆပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို ကျော်ပြီးတော့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အခုလို အဓိကရုဏ်းတို့၊ ပဋိပက္ခတွေကို ထိန်းသိမ်းတဲ့ နည်းလမ်းတွေကိုကျော်လွန်ပြီး ကျင့်သုံးတယ်လို့ ဒီလိုပဲ ခံယူပါတယ်။ ဒါကြောင့်  ကျွန်တော်တစ်ယောက်အနေနဲ့သော်လည်းကောင်း၊ သတင်းစာဆရာတစ်ယောက်အနေနဲ့သော် လည်းကောင်း၊ လူပုဂ္ဂိုလ်အရသော် လည်းကောင်း ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ပါတယ်။ ၁၉၆၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ၇ ဇူလိုင်ကို ကျွန်တော် သတင်းထောက်တစ်ယောက်အနေနဲ့ ကျော်လွှားခဲ့ဖူးပါတယ်။ ဒီလို ၇ ဇူလိုင်လို့ အဖြစ်အပျက်မျိုး အခုလို ပြန်ပြီး ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ လွဲနေမယ်ဗျ။ အချိန်မီဖြေရှင်းနိုင်မှုမရှိရင် ဒုတိယ ၇ ဇူလိုင်လို အဖြစ်အပျက်မျိုး ပြန်ပြီး ဖြစ်လာနိုင်တယ်။ ဘာလို့ဆိုရင် ဆယ်တန်းစာမေးပွဲလည်း ရှိတယ်ဆိုတာ အစိုးရကလည်း သိတယ်။ ကျောင်းသားတွေကလည်း သိတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းရမယ်ကိစ္စမှာ ကျွန်တော် ထင်တယ်ဗျ။ သားသမီးနဲ့မိဘမှာဆိုရင် မိဘ က ဒီကိစ္စကိုပိုပြီး သည်းညည်းခံသင့်တယ် 
လို့ ယူဆတယ်ဗျ။ သားသမီးနဲ့ မိဘလို့ သဘောထားမယ်ဆိုရင်ပေါ့။ ဒါမှမဟုတ် ဒီကိစ္စကို လူကြီးနဲ့ လူငယ်လို့ သဘောထားမယ်ဆိုရင်လည်း လူကြီးက ပိုစိတ်ရှည်ရမယ်ဗျ။ လူကြီးနဲ့တူတဲ့အစိုးရက ပိုပြီး စိတ်ရှည်ရမယ်။ နောက် ဒီဆယ်တန်းစာမေးပွဲကို တစ်နှစ်ပတ်လုံး ကြိုးစားလာတဲ့ ကလေးလေးတွေကို စိတ်အနှောင့်အယှက် မဖြစ်အောင်လည်း ထည့်သွင်းစဉ်းစားသင့်တယ်ဗျ။ ဒီလို မစဉ်းစားဘဲ အခုလို အကြမ်းဖက်နှိမ်နင်းတယ်။ 
 

သတင်းထောက်များကိုပါ လိုက်လံရိုက်နှက်ဖမ်းဆီးသည့်အတွက် တိမ်းရှောင်လာသောသတင်းထောက်အချို့အားတွေ့ရစဉ်
အကြမ်းဖက်နှိမ်နင်းတာကလည်း နှိမ်နင်းသင့်တဲ့ အတိုင်းအတာကို ကျော်ပြီးတော့ နှိမ်နင်းတယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုရင် အင်တာနက်တွေမှာ ကြည့်ရတာကလည်း ကျွန်တော်တို့ သတင်းထောက်တွေကိုလည်း ခြေသလုံးတွေ အညိုအမည်းစွဲနေအောင် ရိုက်နှက်တယ်။ ကားပေါ်တွေကနေလည်း ဆွဲချပြီး ရိုက်နှက်တယ်ဗျာ။ ကျောင်းသားတွေ မဟုတ်ဘူး။ ကျောင်းသူတွေကိုတောင် လူနာတင်ယာဉ်တွေက ဆွဲချပြီး ရိုက်နှက်တယ်ဗျာ။ ဒါ တော်တော်လူမဆန်တဲ့ အလုပ်ပါ။ ဒါလုံခြုံရေးသမားတွေ လုပ်ရမယ့်အလုပ် မဟုတ်ဘူးဗျ။ ကျွန်တော်တို့ သတင်းထောက်တွေက သူခိုးတွေ မဟုတ်ဘူး။ ဓားပြတွေ မဟုတ်ဘူး။ ဒါတွေကို နားလည်ဖို့တော့ လိုတာပေါ့ဗျာ။ ဒီလောက်မှ နားမလည်ရင်လည်း အစိုးရ မလုပ်နဲ့တော့ဗျာ။ ကျွန်တော့်သဘောကတော့ ဒါပဲ”ဟု ဝေဖန်ပြောကြားသည်။
 
ဘလော့ကာ ကိုနေဘုန်းလတ်က “ရန်ကုန်မှာ အကြမ်းဖက်ဖြိုခွင်းကတည်းက ကျွန်တော်တို့ ပြောပြီးသားပါ။ ကျွန်တော်တို့ အကြမ်းဖက်တာကို လုံးဝလက်မခံပါဘူး။ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ရှင်းလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားအချင်းချင်းကို ဒီလိုမလုပ်သင့်ပါဘူး။ ကျောင်းသားတွေဆိုတာ ကလေးတွေလေ။ အဲဒါကို ဘာလို့ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း လုပ်လဲဆိုတာကို ကျွန်တော်တို့ စဉ်းစားလို့ကိုမရဘူး။ အေးဆေးဖြေရှင်းနိုင်မယ့်နည်းလမ်းကို မစဉ်းစားတတ်ကြဘူးလား မသိဘူး။ 
အစိုးရက ပြဿနာဖြစ်ရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိရဲ့သားနဲ့ ဘာလို့ အကြမ်းဖက်တဲ့ နည်းလမ်းကိုပဲ သုံးရတာလဲဆိုတာကို ကျွန်တော်လည်း စဉ်းစားလို့ကို မရဘူး။ နောက်ပြီး သတင်းထောက်တွေကိုလည်း ဖမ်းတယ် ဆီးတယ်ဆိုတာက ပိုဆိုးတယ်ဗျ။ သတင်းထောက်ဆိုတာက စစ်မြေပြင်မှာတောင်မှ ပစ်လို့ရတာ မဟုတ်ဘူး။ အဲဒါတွေကိုရော နားမလည်ဘူးလားပေါ့။ တပ်ဖွဲ့တွေ နားမလည်ဘူးလားဆိုတာကလည်း အစိုးရမှာ တာဝန်ရှိတာပေါ့” ဟု ပြောကြားသည်။
 
“ဒီကိစ္စက အဓိပ္ပာယ်မရှိပါဘူး။ အကြမ်းမဖက်ပါဘူးလို့ ပြောတဲ့အစိုးရက အကြမ်းဖက်တယ်။ အခုဒီကိစ္စကို ဘယ်သူက တာဝန်ယူမှာလဲ။ မညှာမတာ လူတစ်ယောက်ကို ရက်ရက်စက်စက် ဝိုင်းရိုက်တဲ့ ကိစ္စတွေ။ လူနာတင်ယာဉ်ထိ လိုက်ရိုက်တယ်ဆိုတော့ လွန်လွန်းနေပြီ”ဟု ဦးကျော်သူက ဆိုသည်။
 

သံဃာတစ်ပါးအားဖမ်းဆီးရန် လုပ်ဆောင်နေစဉ်
“နိုင်ငံရေးအကျဉ်သားဟောင်းများအနေနဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို လက်မခံပါဘူး။ ပြီးတော့ ဒီဟာကလူထုကို အကြောက်တရား ပြန်ပေးတယ်လို့ ယူဆပါတယ်။ ဘယ်အရာမဆို တွေ့ဆုံညှိနှိုင်းဆောင်ရွက်ဖို့ပဲ လိုလားပါတယ်။ ဒီလိုအကြမ်းဖက်ဖို့ကို လုံးဝ လက်မခံပါဘူး။ ဒါဟာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်တရာမှလည်း စိုးရိမ်စရာလည်း ကောင်းတယ် ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ ကျွန်တော့်အမြင်အရတော့ နိုင်ငံရေးအရ တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တယ်လို့ ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့သားသမီးအရွယ်လေးတွေ၊ သတင်းထောက်တွေကို အကြမ်းဖက် ဆန့်ကျင်တာမျိုး မဖြစ်ဖို့ကို နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ခံရပါမယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီဟာကို တာဝန်ယူဖြေရှင်းဖို့ လိုအပ်ပါတယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်အောင်က ဆိုသည်။
 
အကြမ်းဖက်မှုအပေါ်  ဥပဒေပညာရှင်များကလည်း  ဝေဖန်ရှုတ်ချ
 
တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက “ဒီ အကြမ်းဖက်ဖြိုခွင်းတယ်ဆိုတာကတော့ အေးချမ်းစွာ ဆန္ဒပြနေတဲ့အပေါ်ကို အကြမ်းဖက်ဖြိုခွင်းပိုင်ခွင့် မရှိဘူး။ အဓိကတော့ ကျောင်းသားတွေအနေက ဘယ်သူ့ကို အနိုင်အထပ်ပြုနေလဲ၊ ခြိမ်းခြောက်နေလဲ၊ အန္တရာယ်ပေးနေလဲ ဒီလိုလုပ်ဆောင်မှုတွေ မရှိဘဲနဲ့ ရဲတပ်ဖွဲ့အနေနဲ့က ဖမ်းဆီးခွင့်မရှိဘူး။ အင်အားသုံး ဖြိုခွင်းပိုင်ခွင့် မရှိဘူး။ အခုကပြောသလို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြတယ်။ လူအစုအဖွဲ့ လုပ်တယ်ဆိုရင် ပြဋ္ဌာန်းဥပဒေရဲ့ ပုဒ်မများနဲ့ အရေးယူပေါ့။ 
အကြမ်းဖက်ဖြိုခွင်းခွင့်တော့ မရှိဘူး။ မီဒီယာတွေ ဖမ်းတာကတော့ ခင်ဗျားတို့က တာဝန်ကျေကျေနဲ့ လုပ်သွားတာကို ပြည်သူသိသွားမှာ စိုးတဲ့အတွက် အဲဒီလို လုပ်တယ်မြင်တယ်”ဟု ပြောကြားသည်။
 

လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းနေစဉ်
ရှေ့နေဦးဖိုးဖြူက “ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုမှာ သူတို့ရဲ့အမြင်က လွဲမှားနေတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့သူတွေကို အကြမ်းဖက်ဖြိုခွင်းဖို့အတွက် ဥပဒေအရ အာဏာအပ်နှင်းထားခြင်း မရှိပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသားတွေ၊ ကျောင်းသားတွေကို ဝန်းရံထောက်ခံကြတဲ့ အရပ်သားတွေဟာ အများပြည်သူကို အနှောင့်အယှက်ဖြစ်စေတဲ့သူတွေ မဟုတ်သလို ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသူတွေလည်း မဟုတ်ကြဘူး။ အကြောင်းအရာတစ်ခု၊ မူဝါဒတစ်ခု ပြုပြင်ပြောင်းလဲရေးအတွက်ကို သူတို့တွေရဲ့ စွမ်းဆောင်နိုင်တဲ့ အခြေအနေတစ်ခုနဲ့ ဆန္ဒဖော်ထုတ်ကြတာ၊ ငြင်းဆိုနေကြတာ သတ်သတ်ပဲ ဖြစ်ပါတယ်။ ဒါကို တရားမဝင် လူစုလူဝေး၊ ဥပဒေနဲ့မညီတဲ့ လူစုလူဝေးလို့ အစိုးရက မှတ်ယူနေတာကိုက မှားယွင်းနေတဲ့ အဓိပ္ပာယ်ကောက်ယူမှု တစ်ရပ်ပဲ ဖြစ်တယ်ဗျ။ ဒီလိုအခြေအနေအတွက် လွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတွေရဲ့ ကျင့်သုံးမှုတွေ၊ ဥပဒေကို ရှုမြင်ပုံတွေဟာ ဘယ်လိုကျင့်သုံးနေသလဲ၊ 
ဘယ်လိုလွဲမှားနေလဲဆိုတာကို မေးခွန်းတွေ ထုတ်မေးရမယ့် အခြေအနေရောက်နေပါပြီ။ ဥပဒေကြောင်းအရဆိုရင်ကိုပဲ ဥပဒေမဲ့ လူစုလူဝေး၊ ဥပဒေနဲ့ ဆန့်ကျင်သော လူစုလူဝေးလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မရှိပါဘူး”ဟု သုံးသပ်ပြောကြားသည်။
 
လက်ပံတန်းတွင် ကျောင်းသားများနှင့် သတင်းထောက်များအား အကြမ်းဖက်ဖမ်းဆီးမှုနဲ့ ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “ကျွန်တော်ပြောချင်တာကတော့ ရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂက လူစုလူဝေး ထိန်းသိမ်းနည်းတွေကို သင်ပေးခဲ့တဲ့အထဲမှာ ဒီလိုမျိုး လုပ်ဆောင်မှုတွေရော ပါသလားလို့ မေးချင်ပါတယ်။ ကျောင်းသားတွေက သူတို့ဘာသာ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ဒါကို ပြည်သူတွေက ဝိုင်းဝန်းကြတယ်။ အဲဒီလိုနေကြတဲ့သူတွေကို ရဲတပ်ဖွဲ့ကနေ ရိုက်နှက်ဖမ်းဆီးတယ် ဆိုတာကတော့ တော်တော်လေးကို မကောင်းတဲ့လုပ်ရပ်ပါ။ အဲဒါတင်မကဘူး သတင်းထောက် သတင်းသမားတွေကိုပါ ရဲတပ်ဖွဲ့က အဲဒီလို ရိုက်နှက်ဖမ်းဆီးတယ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာ မရှိတော့ဘူးလို့ ထင်ပါတယ်။ 
အခုလို လုပ်ဆောင်နေတာတွေဟာ မကောင်းတဲ့ လုပ်ရပ်တွေပါ။ နောက်ပြီး ဓာတ်ပုံတွေမှာ တွေ့ရတာက ကျောင်းသူအမျိုးသမီးလေးတွေကို ဖမ်းဆီးတဲ့အခါမှာ ရဲမေတွေမပါဘဲ အမျိုးသားရဲတွေပဲပါပြီး ဖမ်းဆီးတာတွေကို လုပ်ဆောင်နေတယ်။ 
အဲဒီလိုလုပ်ဆောင်နေတာဟာ အမျိုးသမီးလေးတွေကို ကာယိန္ဒြေပျက်ပြားစေပါတယ်” ဟု ပြောကြားသည်။
 

ကျောင်းသားသပိတ်စစ်ကြောင်းမှ ယာဉ်တစ်စီးအား ရဲတပ်ဖွဲ့ဝင်များကဖျက်ဆီးနေစဉ်
ယနေ့ ဖြစ်ပွားခဲ့သော လက်ပံတန်းအပါအဝင် ကျောင်းသားသပိတ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံထားရသူများအား ထပ်မံအကြမ်းဖက် ရိုက်နှက်ကန်ကျောက်ခြင်း၊ လူနာတင်ယာဉ် အပါအဝင် မော်တော်ယာဉ်များကို အငြိုးထား ဖျက်ဆီးခြင်းစသည့် တရားလက်လွတ် ဖြိုခွဲမှုများကို တွေ့ရကြောင်း၊ ထိုသို့ အကြမ်းဖက်ဖြိုခွင်းမှုမှန်သမျှ ကျွနု်ပ်တို့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ထို့အပြင် ငြိမ်းချမ်းစွာ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများတွင် ဖမ်းဆီးခံရသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အလေးအနက် တောင်းဆိုကြောင်း ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ကြေညာချက် ထုတ်ပြန်သည်။
 
လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းအနီးရှိ ဓာတ်အားပေးစက်ရုံ လမ်းဆုံတွင် ထိုင်သပိတ် ပြုလုပ်နေသော ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ရှင်းလင်းလူစုခွဲခဲ့ပြီး ၁၂၇ ယောက်ကို ထိန်းသိမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန Facebook စာမျက်နှာ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 

 
လှည်းတန်းဆန္ဒပြမှုတွင်ပါဝင်သော ကျောင်းသားတစ်ဦးအား ရိုက်နှက်ဖမ်းဆီးစဉ်
 
လက်ပံတန်းမြို့တွင် ပိတ်မိနေသည့် ကျောင်းသားသပိတ်စစ်ကြောင်းကို အစိုးရအနေဖြင့် အကြမ်းဖက်ဖြေရှင်းခြင်း မပြုလုပ်ရန်နှင့် မတ် ၅ ရက်က မြို့တော်ခန်းမရှေ့တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအင်အားစု ၆ဝ ကျော်က သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်းရဲတပ်ဖွဲ့က ယခုကဲ့သို့ အကြမ်းဖက်ဖြိုခွဲမှုများ ဆက်လက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏လုပ်ရပ်အပေါ် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများ၏ဝေဖန်ချက်များ"အကယ်၍ ရန်ကုန်ကိုချီတက်ခဲ့သည်ရှိသော် အကြမ်းမဖက်ဖို့ ယခင်အစိုးရလုပ်သလို ဖြိုခွဲတာမျိုး ရိုက်နှက်တာမျိုး အကြမ်းဖက်တာမျိုးမလုပ်ဖို့အတွက် ကြေညာချက်တစ်ခုထုတ်ခဲ့တယ်။ အခုတော့ ဒီလိုလုပ်လာတယ်ဆိုတော့ ဒါဟာ ယခင်အစိုးရတွေလုပ်တဲ့ လုပ်နည်းလုပ်ဟန်နဲ့တူနေတယ်။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံကိုထူထောင်ဖို့ ဒီမိုကရေစီအစိုးရတစ်ခုအနေနဲ့ပြောင်းလဲဖို့ ကောင်းမွန်တဲ့အစိုးရတစ်ရပ်ကို အသွင်ကူးပြောင်းဖို့ကြိုးပမ်းနေတဲ့ကာလမျိုးမှာ အခုလိုပေါ့လေ ကျောင်းသားတွေဆန္ဒပြတဲ့ဟာကို ရိုက်နှက်ဖြိုခွဲတာမျိုးကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်။ ဒီလိုမဖြစ်ဘဲနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးတော့ ဖြေရှင်းတာအကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။ မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်တယ်။ ပြုပြင်ပြောင်းလဲဖို့အတွက် တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့အတွက် မီဒီယာရဲ့အခန်းကဏ္ဍကလည်းအရေးကြီးတယ်။ မီဒီယာဟာ လွတ်လွတ်လပ်လပ်သတင်းယူခွင့် သတင်းဖော်ပြခွင့်၊ ရေးသားခွင့်တွေရှိရမယ်။ သတင်းတစ်ခုကိုရယူဖို့အတွက် အခွင့်အရေးရှိရမယ်။ အဲဒီတော့ သတင်းယူဖို့ကြိုးစားတဲ့ ကြိုးပမ်းတဲ့သတင်းထောက်တွေကိုလည်းပဲ ရိုက်နှက်ဖမ်းဆီးတာမျိုးတွေကတော့မလုပ်သင့်ဘူး။ မဖြစ်သင့်ဘူးလို့ပြောချင်ပါတယ်"ဦးအေးသာအောင် (ရခိုင်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင်)"ဘာပဲဖြစ်ဖြစ်လေ ပြဿနာအကြောင်းအရာတစ်ခုပေါ်လာတဲ့နေရာမှာ တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့လမ်းကြောင်းကို ကြိုက်တယ်။ အကြမ်းဖက်၊ အင်အားသုံးဆောင်ရွက်တဲ့နည်းလမ်းကို ကျွန်တော်အနေနဲ့သဘောမကျဘူး။ ဘာပဲပြောပြော ပြဿနာ တစ်ရပ်က အဖြေရှာဖို့အတွက်က တွေ့ဆုံဆွေးနွေးပြီး အကျေအလည်ညှိနှိုင်းပြီးမှ ဖြေရှင်းသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီအပေါ်မှာ ဆန္ဒပြသူတွေအပေါ်မှာ ဒီလိုအင်အားသုံးပြီးမှ အကြမ်းဖက်ဖြိုခွင်းတာတွေမလုပ်သင့်ဘူးလို့ ကျွန်တော်အနေနဲ့ယူဆပါတယ်"ဦးမင်းသူ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)"NNER အနေနဲ့ရော နိုင်ငံရေးပါတီက ပုဂ္ဂိုလ်အချို့ပါ ကြားထဲဝင်ပြီးတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးမထွက်အောင် ဝိုင်းကြိုးပမ်းပေးကြတာပေါ့နော်။ အဲဒီကြားထဲကမှ အစိုးရအနေနဲ့ အကြမ်းမဖက်ဖို့ အားလုံးကဝိုင်းတောင်းဆိုနေတဲ့အချိန်မှာ အခုလိုအကြမ်းဖက်တဲ့ကိစ္စကတော့ လုံးဝမဖြစ်သင့်ဘူး။ ပြည်သူလူထုရဲ့ဆန္ဒကို အလေးမထားရာရောက်သလို အာဏာကိုထိပါးလာလို့ရှိရင် ဘယ်သူမှမငဲ့ကွက်နိုင်ဘူးဆိုတဲ့အနေအထားမျိုး ပေါ်သွားတာပေါ့နော်။ အဲဒါကို ကျွန်တော်တို့အနေနဲ့ကတော့ လုံးဝလက်မခံနိုင်ဘူး။ မဖြစ်သင့်ဘူးလို့မြင်တယ်။ နောက်တစ်ခု ဒီသတင်းသမားတွေကို ဖမ်းတယ်ဆီးတယ်လို့ ပုံတွေတက်လာတယ်။ ဒီသတင်းမှာတက်လာတာတွေ့ရတာပေါ့နော်။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့အနေအထားမျိုး ကျွန်တော်တို့ပြည်သူတွေကို အစိုးရကပါ လွတ်လပ်ခွင့်ပေးထားမှသာလျှင် နှစ်ဖက်လုံးအတွက်အကျိုးရှိမယ်။ စတုတ္ထမဏ္ဍိုင်ကို ပြည်သူကအလေးမထားသလို အစိုးရကလည်း ဖိနှိပ်တဲ့အနေအထားမျိုး သူတို့ကိုထိန်းချုပ်တဲ့အနေအထားမျိုး သွားပြီးကျင့်ကြံမယ်ဆိုလို့ရှိရင် ပဉ္စမမဏ္ဍိုင်ဆိုတဲ့လူထုကလည်း အစိုးရကိုယုံကြည်မှာမဟုတ်ဘူး။ နိုင်ငံတကာကလည်း အစိုးရပေါ်မှာ ယုံကြည်မှုနည်းစေနိုင်တယ်။ ဒီဥစ္စာဟာ နောင်လာမယ့်ရွေးကောက်ပွဲအတွက် စတုတ္ထမဏ္ဍိုင်ကို ထိန်းညှိချင်တဲ့အနေထားမျိုးလားဆိုတာကိုလည်း ထည့်တွက်စရာဖြစ်လာတာပေါ့"ဦးစိုင်းလိတ် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ)"ကျောင်းသားတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေအကြား ဖြစ်ပေါ်နေတဲ့ကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆက်လက်ဆောင်ရွက်စေချင်ပါတယ်"ဦးစိုးနိုင် (ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)"တစ်ကယ်တော့ဒီကိစ္စမဖြစ်သင့်ဘူး။ ဒီကျောင်းသားတွေကိုထောက်ခံတဲ့အဖွဲ့တွေကို မြို့တော်ခန်းမရှေ့မှာ အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စ ရှေ့မှာဖြစ်ခဲ့ပြီးပြီ။ ဒါကို တစ်နိုင်ငံလုံးက နိုင်ငံရေးပါတီတွေအပါအဝင် အဖွဲ့အစည်းတွေကလည်း လက်မခံကြဘူး။ ဒါကို ကျောင်းသားတွေအနေနဲ့ အချက်ရှစ်ချက်ကိုသဘောတူတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ညှိပြီးတော့ သူတို့ဆက်လက်ချီတက်လာတယ်လို့ကြားရတယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေမျိုးမှာ သဘောတူတယ် မတူဘူးဆိုတာတော့ သေသေချာချာထုတ်ပြန်တာမဟုတ်တဲ့အတွက် သူတို့ ဘာကြောင့်ပဲဖြစ်ဖြစ် ရန်ကုန်ကိုတက်လာတာသည် ညှိနှိုင်းမှုတစ်စုံတစ်ရာပေါ်အခြေခံပြီး တက်လာတယ်လို့ထင်တယ်။ ပြီးတော့ပြီးခဲ့တဲ့  ၉ ရက် ညနေမှာ အစိုးရအဖွဲ့ကနေ တစ်စုံတစ်ရာအကြောင်းပြန်မယ်ဆိုတဲ့အသံတွေထွက်ပေါ်လာပြီး ဒါလည်း ဘာမှဂဃဏန ဆက်ပြီးဆောင်ရွက်တာမတွေ့ဘူး။ ဒီအပေါ်မှာ အစိုးရကဆောင်ရွက်ရမယ့်ကိစ္စတွေကို ငြင်ငြင်သာသာနဲ့ ဖြေရှင်းဆောင်ရွက်ပြီးနေရမယ့်ကိစ္စတွေ ကိုလျစ်လျူရှုပြီးတော့မှ အကြမ်းဖက်တဲ့နည်းတစ်မျိုးတည်းကိုပဲ အသုံးပြုတယ်ဆိုတာက မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ပြီးတော့ အခြားနည်းရွက်စရာတွေအများကြီးရှိပါရက်နဲ့ ဒီအကြမ်းဖက်နည်းတစ်မျိုးထဲကိုပဲသုံးတက်တယ်ဆိုတာက အစိုးရမှာ အရည်အချင်းကောင်းတစ်ရပ် လိုအပ်နေတာကိုတွေ့ရတယ်။ အဲဒီတော့ ဒီလိုအခြားအရည်အချင်းနဲ့ ဆောင်ရွက်ရမယ့်ကိစ္စကို အကြမ်းဖက်တဲ့အရည်အချင်းတစ်မျိုးထဲပဲ ကိုင်တွယ်ဖြေရှင်းတက်တယ်ဆိုတာ ဒါမသင့်လျော်တဲ့ကိစ္စဖြစ်တယ်။ နောက်ပြီးတော့ ဒီလိုအကြမ်းဖက်တာသည် ပြီးဆုံးသွားမဲ့ကိစ္စမဟုတ်ဘဲနဲ့ ပိုပြီးတော့မှ ရန်စပိုရှည်အောင် လုပ်လိုက်တာနဲ့တူသလို။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ မကျေလည်မှုတွေပိုများလာအောင် လုပ်တာနဲ့တူတယ်လို့ ဒီလိုပဲပြောလိုပါတယ်။ တစ်ကယ်တော့ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ထဲနဲ့ဆောင်ရွက်တယ်ဆိုတာထက် လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း တိုင်ပင်ပြီးတော့မှ ဒါအားလုံးပါဝင်ပြီးတော့ ဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်တဲ့အတွက် လွှတ်တော်မှာ ဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှုပြုသင့်တယ်။ ဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လူထုခေါင်းဆောင်အပါအဝင် အားလုံးဆွေးနွေးပြီးတော့မှ တစ်ခုခုတော့ ဆောင်ရွက်သင့်တယ်လို့မြင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တက်နိုင်သလောက်ဆောင်ရွက်သွားမယ်လို့ စဉ်းစားထားပါတယ်"                    ဦးခိုင်မောင်ရည် (အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)"ကျွန်တော်တွေ့ရတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရပေါ့လေ။ အင်မတန်မှ လူမဆန် ရက်စက်ပြီးတော့ မိုက်ရိုင်းတဲ့ဖြိုခွင်းမှုတစ်ခုလို့ မြင်ပါတယ်ဗျ။ အပြစ်မဲ့တဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကျောင်းသူကျောင်းသားတွေ ပြည်သူလူထုတွေ၊ သတင်းမီဒီယာတွေပေါ်မှာ အင်မတန်မှ လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက်ဖြိုခွဲမှုတစ်ခုလို့ ကျွန်တော်ကမြင်ပါတယ်။ အဲဒီလိုဖြိုခွဲမှုအတွက်ကို နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရတစ်ခုလုံး ပြည်ထောင်စုလွှတ်တော် တိုင်းဒေသကြီးအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ ကျောင်းသားတွေနဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးသလိုပဲ သတင်းမီဒီယာတွေကိုလည်း ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲနဲ့ လုံးလုံးကြီးကိုဆန့်ကျင်တယ်လို့မြင်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီအပြောင်းအလဲကိုသွားနေတယ်လို့ ယုံကြည်ဖို့အတွက်ကို ဒီလိုအပြု အမူတွေဟာ အတော်ကို အနှောင့်အယှက်အတားအဆီးဖြစ်စေတယ်လို့ မြင်ပါတယ်"ဒေါက်တာရန်မျိုးသိမ်း (မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ)

Most Read

Most Recent