ဘန်ကောက် ဗုံးပေါက်ကွဲမှုများအတွက် ထိုင်းရဲတပ်ဖွဲ့က ရှပ်နီကွန်ရက်ကို စွပ်စွဲ

ဘန်ကောက် ဗုံးပေါက်ကွဲမှုများအတွက် ထိုင်းရဲတပ်ဖွဲ့က ရှပ်နီကွန်ရက်ကို စွပ်စွဲ
Published 9 March 2015

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဘန်ကောက်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ရှပ်နီထောက်ခံသူများသည် နိုင်ငံကို မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းနေကြောင်း မတ် ၉ ရက်က စွပ်စွဲပြောကြားခဲ့သည်။ဘန်ကောက်ရှိ ထိုင်းရာဇဝတ်မှုဆိုင်ရာ ခုံရုံးတွင် မတ် ၇ ရက်က ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အအုံတစ်ခု၏ ကားရပ်နားရန်နေရာ အနည်းငယ်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။ ဘန်ကောက်မြို့လယ်ရှိ ရှောပင်းမောတစ်ခုတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် တစ်လကျော်အကြာတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးကင်မရာတွင် မြင်တွေ့ခဲ့ရသော အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှင့် တစ်ဖွဲ့တည်းမှ ဖြစ်ဖွယ်ရှိသော နောက်ထပ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို ရှာဖွေနေကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပရာယွတ်ထာဗော်ဆီရီက ပြောကြားခဲ့သည်။“ကျွန်တော်တို့ရဲ့ စုံစမ်းမှုအရ သူတို့က ရှပ်နီတွေနဲ့ အဆက်အသွယ် ရှိပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ မတ် ၇ ရက် ဗုံးဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သူများမှာ ပြီးခဲ့သည့်လက ရှောပင်းမော ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည့် အဖွဲ့ပင်ဖြစ်ကြောင်း ရဲချုပ်ဆွမ်ယော့ပွမ်ပန်မောင်က ပြောကြားခဲ့သည်။“ဒီလိုမျိုးလုပ်ရပ်တွေလုပ်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့တွေ အများကြီးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဆွမ်ယော့က သတင်းထောက်များကို ပြောကြားခဲ့သည်။ရှပ်နီဝတ်များသည် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖြုတ်ချခံ ယင်လက်အစိုးရကို ထောက်ခံကြသည်။ အာဏာသိမ်း စစ်အစိုးရက ရှပ်နီခေါင်းဆောင်များကို စောင့်ကြည့်နေပြီး နိုင်ငံရေး လူစုလူဝေးပွဲများကို ဆောင်ရွက်ခြင်းသည် မာရှယ်လောကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သတိပေးထားသဖြင့် ရှပ်နီတို့၏ အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားမှုသည် တိတ်ဆိတ်နေခဲ့သည်။ရှပ်နီခေါင်းဆောင် ဂျာတူပေါင်က ၎င်းတို့သည် အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း၊ မာရှယ်လော ပြဋ္ဌာန်းထားသည့် အခြေအနေတွင် တင်းမာမှုများ လှုံ့ဆော်ခြင်းဖြင့် မည်သည့်အကျိုးရလဒ်မျှ ရမည်မဟုတ်ဟု အခိုင်အမာ ပြောကြားခဲ့သည်။“ကျွန်တော်တို့ မပတ်သက်ပါဘူး။ ဒါက ကျွန်တော်တို့အတွက် ဆိုးကျိုးပဲ ဖြစ်လာမှာပါ။ ဘယ်သူမှ ဒါလောက် မညံ့ပါဘူး” ဟု နေ့စဉ်ရုပ်သံအစီအစဉ်တွင် ဂျာတူပေါင်က ပြောကြားခဲ့သည်။မာရှယ်လောရုပ်သိမ်းပေးရန် ထိုင်းစစ်အစိုးရကို တောင်းဆိုမှုများ မြင့်တက်လာနေသည်။ ထိုင်းစစ်အစိုးရက ရွေးချယ်တင်မြှောက်ထားသော အမျိုးသားလွှတ်တော်သည် ရှေ့လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ညှိနှိုင်းဆွေးနွေးမည်ဖြစ်သည်။ သို့သော်လည်း ဝေဖန်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်သည် နိုင်ငံရေးကွဲလွဲမှုများကို ရင်ကြားစေ့ပေးနိုင်ခြင်း ရှိမရှိ သံသယရှိနေသည်။Ref:AFP 

Most Read

Most Recent