ဆော်ဒီအာရေဗျသည် ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့်နိုင်ငံ ဖြစ်လာ

ဆော်ဒီအာရေဗျသည် ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့်နိုင်ငံ ဖြစ်လာ
Published 9 March 2015

၂ဝ၁၄ ခုနှစ်တွင် ဆော်ဒီအာရေဗျသည် အိန္ဒိယကို ကျော်လွန်ကာ ကမ္ဘာ့အကြီးဆုံး စစ်လက်နက်ကိရိယာများ တင်သွင်းသည့်နိုင်ငံ ဖြစ်လာကြောင်း မတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာချက်တစ်ရပ်အရ သိရသည်။ ယင်းလေ့လာချက်ကို ဩဇာရှိသည့် လေ့လာသုံးသပ်ရေး အဖွဲ့ဖြစ်သော IHS Jane's က ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းလေ့လာချက်က အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် တင်းမာမှုများကို မီးထိုးပေးသကဲ့သို့ ဖြစ်ခဲ့သည်။လန်ဒန်မြို့အခြေစိုက် ကာကွယ်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူများ ပါဝင်သည့် အဆိုပါအဖွဲ့၏ အစီရင်ခံစာတွင် ကမ္ဘာ့လက်ရှိ ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၄ ဘီလျံရှိကြောင်း ဖော်ပြထားသည်။ ယင်းပမာဏသည် စီးပွားရေး တစ်ဟုန်ထိုးတိုးတက်လာခြင်းကြောင့် ပြိုင်ဘက်မရှိရေး တောင်းဆိုချက်အရ စစ်လေယာဉ်များ ဝယ်ယူမှုကြောင့်ဖြစ်ပြီး အရှေ့အလယ်ပိုင်းနှင့် အာရှပစိဖိတ်ဒေသတွင် ဒေသတွင်း တင်းမာမှုများကို ပို၍အရှိန်မြင့်လာစေလိမ့်မည်ဟု IHS အဖွဲ့မှ ကျွမ်းကျင်သူ ဘင်မိုးက ပြောကြားခဲ့သည်။ယခု အစီရင်ခံစာတွင် နိုင်ငံပေါင်း ၆၅ နိုင်ငံရှိ ကာကွယ်ရေးပစ္စည်းဈေးကွက်ကို စစ်ဆေးထားပြီး ဆော်ဒီအာရေဗျနိုင်ငံက ကာကွယ်ရေးပစ္စည်းများအတွက် ၂ဝ၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံကျော် သုံးစွဲပြီး ၅ ဒသမ ၅၇ ဘီလျံသုံးစွဲသည့် အိန္ဒိယနိုင်ငံကို ကျော်လွန်သွားကြောင်း သိရသည်။ ဆော်ဒီအာရေဗျသည် လွန်ခဲ့သည့်နှစ်အတွင်း တင်သွင်းမှု ၅၄ ရာခိုင်နှုန်း တိုးတက်လာပြီး ယခုလေ့လာချက်က ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့ကာကွယ်ရေးပစ္စည်းတင်ပို့မှု ခုနစ်ဒေါ်လာရှိတိုင်း ဆော်ဒီအာရေဗျက တစ်ဒေါ်လာနှုန်း သုံးစွဲလိမ့်မည်ဟု ဆိုသည်။ဆော်ဒီအာရေဗျနှင့် ယူအေအီးနှစ်နိုင်ငံပေါင်း ကာကွယ်ရေးပစ္စည်း တင်သွင်းမှုသည် ၂ဝ၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံရှိပြီး အနောက်ဥရောပနိုင်ငံများမှ တင်သွင်းမှု စုစုပေါင်းထက်ပင် ပိုမိုများပြားနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ကာကွယ်ရေးပစ္စည်းများ တင်ပို့သည့် နိုင်ငံများစာရင်း၌ အမေရိကန်သည် ဒေါ်လာ ၂၃ ဒသမ ၇ ဘီလျံဖြင့် ၁ဝ ဘီလျံရှိသော ရုရှားထက်သာလွန်ကာ ထိပ်ဆုံးနေရာကို ရယူထားဆဲဖြစ်သည်။ ခိုင်မာသော အရှေ့အလယ်ပိုင်းဈေးကွက်၌ ကာကွယ်ရေးပစ္စည်း တင်ပို့မှုမှ အကျိုးအမြတ်အရှိဆုံး နိုင်ငံအဖြစ် အမေရိကန်က ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်က ကာကွယ်ရေးပစ္စည်း တင်ပို့မှုတန်ဖိုးသည် ၂ဝ၁၃ ခုနှစ်တွင် ဒေါ်လာခြောက်ဘီလျံရှိရာမှ ၂ဝ၁၄ ခုနှစ်တွင် ၈ ဒသမ ၄ ဘီလျံ ရှိလာသည်။ရုရှားနိုင်ငံ၏ ကာကွယ်ရေးပစ္စည်း တင်ပို့မှု၌ အခိုင်မာဆုံးဈေးကွက်မှာ တရုတ်ဖြစ်ပြီး တရုတ်က အမေရိကန်ထံမှ ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ ဝယ်ယူထားသည်။၂ဝ၁၅ ခုနှစ်တွင် လက်နက်တင်ပို့မှု ကျဆင်းမည်ဟု ခန့်မှန်းထားပြီး ယင်းကျဆင်းမှုကို ပိတ်ဆို့အရေးယူမှုများက ပို၍အရှိန်မြင့်စေလိမ့်မည်ဟု ဆိုသည်။ ၎င်းအပြင် ရေနံဈေးနှုန်း ကျဆင်းမှုကလည်း ရုရှားထံမှ ကာကွယ်ရေးပစ္စည်းများ ဝယ်ယူမည့် ဗင်နီဇွဲလားနှင့် အီရန်ကဲ့သို့သော နိုင်ငံများအပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု ဆိုသည်။             Ref:AFP

Most Read

Most Recent