ရခိုင်ကမ်းလွန်ရေတိမ်နှင့် ရေနက်ပိုင်း လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး ဆောင်ရွက်ရန် Woodside၊ BG တို့ MIC ခွင့်ပြုချက် ရရှိ

ရခိုင်ကမ်းလွန်ရေတိမ်နှင့် ရေနက်ပိုင်း လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး ဆောင်ရွက်ရန် Woodside၊ BG တို့ MIC ခွင့်ပြုချက် ရရှိ
Published 9 March 2015

ရခိုင်ကမ်းလွန်ရေတိမ်နှင့် ရေနက်ပိုင်းလုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး ဆောင်ရွက်ရန် Woodside နှင့် BG တို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။ရခိုင်ကမ်းလွန်ရေတိမ်ပိုင်း လုပ်ကွက် A-4 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး ဆောင်ရွက်ရန်အတွက် BG Exploration & Production Myanmar Ptd.Ltd (Singapore)၊ Woodside Energy(Myanmar) Pte.Ltd (Singapore) နှင့် Myanmar Petroleum Exploration & Production Co.,Ltd(Myanmar) တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ကို ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရခိုင်ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက် AD-2 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး ဆောင်ရွက်ရန်အတွက် BG Exploration & Production Myanmar Ptd.Ltd(Singapore) နှင့် Woodside Energy(Myanmar) Pte.Ltd (Singapore) တို့ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ကို ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်း သိရသည်။ထို့အတူ ရခိုင်ကမ်းလွန်ရေတိမ်ပိုင်း လုပ်ကွက် A-7 တွင် BG Exploration & Production Myanmar Ptd.Ltd(Singapore)၊ Woodside Energy(Myanmar) Pte.Ltd (Singapore) နှင့် Myanmar Petroleum Exploration & Production Co.,Ltd (Myanmar) တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ရခိုင်ကမ်းလွန် ရေနက်ပိုင်းလုပ်ကွက် AD-5 တွင်လည်း Woodside Energy (Myanmar) Pte.Ltd(Singapore) နှင့် BG Exploration & Production Myanmar Ptd.Ltd(Singapore) တို့ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီရှစ်ခုကို ရွေးချယ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် ရွေးချယ်ခံရသည့် ပြည်တွင်းကုမ္ပဏီ ရှစ်ခုမှာ A1 Mining Co.,Ltd.၊ United National Resources Development Services Co.,Ltd.၊ Myanmar Petroleum E&P Co.,Ltd.၊ Smart E&P Co.,Ltd.၊ Parami Energy Development Co.,Ltd.၊ Oil Star Management Services Co.,Ltd၊ Royal Marine Engineering Co., Ltd.၊ Lin Win Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။ကမ်းဝေးရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၂၀ အတွက် ရွေးချယ်ခံရသည့် ကုမ္ပဏီများကို စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် မတ် ၂၆  ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကုမ္ပဏီများထဲတွင် ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။စွမ်းအင်ဝန်ကြီးဌာနမှ ကမ်းနီး၊ ကမ်းလွန် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ပြီး ပဏာမ ရွေးချယ်ခံရသည့် ကုမ္ပဏီများစာရင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ထိုသို့ ပဏာမရွေးချယ်ပြီးနောက် အပြီးသတ် ရွေးချယ်ခံရသည့် ကုမ္ပဏီများကို ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ကမ်းနီး၊ ကမ်းလွန် လုပ်ကွက် ၂၀ အတွက် ရွေးချယ်ခံရသည့် ကုမ္ပဏီများထဲတွင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့် အခြားနိုင်ငံများမှ ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီများဖြစ်သည့် Shell,Chevron, Conocophillips,Total E&P, BG, Woodside Energy တို့ပါဝင်ပြီး အိန္ဒိယကုမ္ပဏီ Oil India တို့ပါဝင်ကြောင်း သိရသည်။ ယင်းလုပ်ကွက် ၂၀ တွင် ရေတိမ်ပိုင်းလုပ်ကွက် ၁၀ ကွက်နှင့် ရေနက်ပိုင်းလုပ်ကွက် ၁၀ ကွက်တို့ ပါဝင်ကြောင်း သိရသည်။ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ၁၆၀ ကျော်အထိရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent