နိုင်ငံခြားသားများကို ဖြားယောင်းနေသည့် IS တို့၏ စိတ်ကူးယဉ် နိုင်ငံတော်

နိုင်ငံခြားသားများကို ဖြားယောင်းနေသည့် IS တို့၏ စိတ်ကူးယဉ် နိုင်ငံတော်
Published 8 March 2015

အစ္စလာမ္မစ်နိုင်ငံတော် (IS) ဟု ဆိုလိုက်လျှင် ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ ခေါင်းဖြတ်ခြင်းများ အစရှိသော ကြောက်မက်စက်ဆုပ်ဖွယ် ရုပ်ပုံလွှာများ ပေါ်လာမည်။ သို့သော် IS အဖွဲ့ကမူ စွန့်စားခန်းများ၊ နေအိမ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မေတ္တာတရားသည်ပင် အပါအဝင် ၎င်းတို့နိုင်ငံတော်သို့ မက်လုံးများပေးကာ နိုင်ငံခြားသားများကို ဆွဲဆောင်ဖြားယောင်းရန် ကြိုးပမ်းနေသည်။ခေတ်မီဆန်းပြားလှသော လူသစ်စုဆောင်းရေး နည်းစနစ်များကို အသုံးပြုလျက် ဂျီဟတ်ဝါဒီတို့သည် အနောက်တိုင်းနိုင်ငံများမှ ၎င်းတို့ကိုထောက်ခံသူ ရာပေါင်းများစွာကို ဆီးရီးယားနှင့် အီရတ်ရှိ ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေများဆီသို့ လာရောက်အောင် ဆွဲဆောင်နိုင်ခဲ့သည်။ IS တို့သည် Caliphate ဟုခေါ်သော အစ္စလာမ္မစ်နိုင်ငံတော်ကို ထူထောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အဆိုပါနိုင်ငံကို တမန်တော်မိုဟာမက်အား နိုင်ငံရေးနှင့် ဘာသာရေးအရ ဆက်ခံသည့် ခေါင်းဆောင်တစ်ဦးက ဦးဆောင်ပြီး ယင်းခေါင်းဆောင်ကို မွတ်စလင် လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ ခေါင်းဆောင်အဖြစ် သတ်မှတ်သည်။IS တို့သည် အစပိုင်း၌ ဂျီဟတ်တိုက်ခိုက်ရေး သမားများအဖြစ် ရာထူးများပေးကာ လူငယ်များကို ဆွဲဆောင်သိမ်းသွင်းရန် အဓိကထားသည်။ သို့သော် IS တို့သည် အနောက်တိုင်းမှ ငယ်ရွယ်သော အမျိုးသမီးများကို ပစ်မှတ်ထားလာပြီး လန်ဒန်မြို့ရှိ နေအိမ်များမှ ထွက်ပြေးလာကာ ဂျီဟတ်များနှင့် လာရောက်ပူးပေါင်းသည့် ဆယ်ကျော်သက်အရွယ် ဗြိတိန်နိုင်ငံသူ သုံးဦးအကြောင်း လွန်ခဲ့သည့်လက ဇာတ်ဆန်ဆန် သရုပ်ဖော်ပြခဲ့သည်။ နိုင်ငံရေး ကျွမ်းကျင်သူများက IS နယ်မြေအတွင်း တွေ့ရှိရမှုများကြောင့် များစွာတို့မှာ ထိတ်လန့်တုန်လှုပ်ခဲ့ကြကြောင်း၊ သို့သော် လွန်စွာနောက်ကျသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။“IS တွေက ငယ်ရွယ်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို စိတ်ကူးယဉ် အစ္စလာမ္မစ် နိုင်ငံတော်အကြောင်း ပြောပါတယ်။ သူတို့က ကမ္ဘာပေါ်မှာ တစ်ခုတည်းသော တကယ့်အစ္စလာမ္မစ်နိုင်ငံတော် ဖြစ်တဲ့အကြောင်း၊ သူတို့အနေနဲ့ အဲဒီအစ္စလာမ္မစ်နိုင်ငံတော်မှာ ထင်ရှားသူတွေ ဖြစ်လာနိုင်တဲ့အကြောင်း ပြောပါတယ်” ဟု ကာနက်ဂီအန်ဒိုးမန့်အဖွဲ့၏ အရှေ့အလယ်ပိုင်းဌာန အကြီးအကဲ လီနာခါတစ်က ဘေရွတ်မြို့တွင် ပြောကြားခဲ့သည်။နိုင်ငံရေးကျွမ်းကျင်သူများက ယခုလက်ရှိတွင် ဂျော်ဒန်နိုင်ငံ၏ နှစ်ဆအရွယ်အစားရှိပြီး လူဦးရေခြောက်သန်းခန့် နေထိုင်နေသည့် အစ္စလာမ္မစ်နိုင်ငံတော်သို့ သွားရောက်ကြသော အနောက်တိုင်းသားပေါင်း ၃ဝဝဝ ခန့်ရှိပြီး ယင်းတွင် အမျိုးသမီး ၅၅ဝ ခန့် ပါဝင်သည်ဟု ဆိုသည်။မကြာသေးခင်က အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုတွင် လန်ဒန်မှ အလွန်ခင်မင်ကြသော သူငယ်ချင်းသုံးဦးဖြစ်သည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးတို့သည် လန်ဒန်မှ တူရကီသို့ လေယာဉ်ဖြင့် ရောက်လာပြီးနောက် ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်သွားကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။အဆိုပါ ဗြိတိန်နိုင်ငံသူ သုံးဦးအနက် တစ်ဦးသည် စကော့တလန်ပြည် ဂလက်စကိုးမြို့မှ အက်ဆာမာမွတ်အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် အဆက်အသွယ်ရခဲ့သည်ဟု ယုံကြည်ရသည်။ အက်ဆာမာမွတ်သည် လွန်ခဲ့သည့်နှစ်က IS တိုက်ခိုက်ရေးသမား တစ်ဦးနှင့် လက်ထပ်ရန်အတွက် ဆီးရီးယားသို့ သွားရောက်ခဲ့သည်ဟု သတင်းရရှိထားသည်။ အက်ဆာမာမွတ်၏ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုသော “ခရီးသွားတစ်ဦး၏ ဒိုင်ယာရီ” ဟု အဓိပ္ပာယ်ရသည့် Diary of a Muhajirah ဘလော့ဂ်သည် အမျိုးသမီးများအတွက် ရည်ရွယ်သည့် IS တို့၏ ဝါဒဖြန့်ချိရေး ပင်မရင်းမြစ်တစ်ရပ် ဖြစ်လာသည်။တိခရစ်မြို့ကို IS တို့ထံမှ ပြန်လည်သိမ်းယူသည့် စစ်ဆင်ရေး၌ မတ် ၆ ရက်တွင် အီရတ်နိုင်ငံ အက်ဒဝါမြို့ ဆင်ခြေဖုံး၌ နံရံပေါ်တွင် ရေးဆွဲထားသည့် IS အဖွဲ့၏ အလံရှေ့တွင် အီရတ်အစိုးရဘက်မှ တပ်သားတစ်ဦး V ပုံသဏ္ဌာန်အမှတ်အသား ပြုလုပ်လျက် အောင်ပွဲခံနေစဉ် (Photo:AFP)
“ကျွန်မတို့ ဒီမှာ အိမ်လခပေးစရာ မလိုဘူး။ အိမ်တွေအားလုံးကို အလကားပေးထားတယ်။ ကျွန်မတို့ လျှပ်စစ်ဓာတ်အားခတွေ ရေဖိုးတွေလည်း ပေးစရာ မလိုဘူး။ လစဉ် ကုန်ပစ္စည်းတွေလည်း ရတယ်။ ခေါက်ဆွဲတို့၊ ခေါက်ဆွဲခြောက်တို့၊ စည်သွတ်ဘူးတို့၊ ဆန်တို့၊ ကြက်ဥတို့ အကုန်အလကားရတယ်” ဟု အက်ဆာမာမွတ်က မကြာသေးခင်က ပို့စ်တစ်ခုတွင် ရေးသားထားသည်။မာမွတ်က အလုပ်လုပ်ချင်လျှင်လည်း ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၌ အမျိုးသမီးများ အလုပ်လုပ်နိုင်သည်ဟု ဆိုသည်။ IS တို့၏ နယ်မြေတွင် လက်ထပ်ထိမ်းမြားခြင်းသည်လည်း အလွန်ခမ်းခမ်းနားနားရှိကြောင်း မာမွတ်က ရေးသားထားသည်။IS တိုက်ခိုက်ရေးသမားများ အနေဖြင့် မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားများအတွက် ခွင့်ခုနစ်ရက်ရမည်ဖြစ်ပြီး သတို့သမီး အသစ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ ခန်းဝင်ပစ္စည်းကို ရွေးချယ်နိုင်ကြောင်း၊ သို့သော် သတို့သမီးများက လက်ဝတ်ရတနာများအစား ကလက်ရှ်နီကော့ဗ် ရိုင်ဖယ်များကိုသာ တောင်းဆိုကြကြောင်း ရေးသားထားသည်။ဆက်လက်၍ လက်ထပ်လိုက်သော စုံတွဲများအား လက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ၇ဝဝ ပေးကြောင်း မာမွတ်က ရေးသားထားသည်။ “ကျွန်မတို့မှာ မီးရှူးမီးပန်းတွေ မရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ မင်္ဂလာအခမ်းအနားမှာ သေနတ်တွေ ဖောက်ကြတယ်။ အလ္လာဟူအက္ကဘာ (ဘုရားသာ အကြီးမြတ်ဆုံး) အော်ကြတယ်” ဟု ဆိုသည်။မာမွတ်၏ ဘလော့ဂ်တွင် ဖော်ပြထားသော မုတ်ဆိတ်မွေးဖွားဖွားနှင့် တိုက်ခိုက်ရေးသမားတစ်ဦး အဖြူရောင်သတို့သမီးဝတ်စုံ ဝတ်ထားသည့် သူ၏ဇနီးအသစ်စက်စက်တစ်ဦး ယှဉ်တွဲရပ်နေပုံကို ဖော်ပြထားပြီး “အာဇာနည်တွေအဖြစ်နဲ့ ငါတို့ သေဆုံးသွားမှပဲ ခွဲကြမယ်” ဟု ပုံစာထိုးထားသည်။အင်္ဂလိပ်ဘာသာစကားကို အသုံးပြုသည့် အွန်လိုင်းမဂ္ဂဇင်း တစ်စောင်ဖြစ်သော Dabiq ကဲ့သို့သော IS တို့၏ အခြားလူသစ်စုဆောင်းရေး လက်နက်များကလည်း ရောက်ရှိလာမည့် နိုင်ငံခြားသားများ ရရှိမည့် အကျိုးအမြတ်များကို မက်လုံးပေးကာ ဖြားယောင်းနေသည်။ “သင်နဲ့ သင့်မိသားစုအတွက် အိမ်တွေနဲ့ အရင်းအမြစ်တွေက အလျှံအပယ်ပါပဲ” ဟု Dabiq မဂ္ဂဇင်း၌ ရေးသားထားသည်။ အီရတ်အာဏာပိုင်များ၏ ပြောကြားချက်အရ ထွက်ပြေးသွားသော အရပ်သားများက ထားခဲ့သော နေအိမ်များကို IS တို့က ၎င်းတို့၏ တိုက်ခိုက်ရေးသမားများအတွက် ပြန်လည်နေရာချထားပေးကြောင်း သိရသည်။

Most Read

Most Recent