ဘတ်ဂျက်လိုငွေ နှစ်စဉ်ပြနေခြင်းသည် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပြီး ပြည်သူလူထုကို ထိခိုက်စေသည့်အတွက် အစိုးရအနေဖြင့် ထပ်တိုးဘတ်ဂျက် အပါအဝင် ဘတ်ဂျက်များအား စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်းနှင့် ပြီးခဲ့သည့်နှစ်တွင် စုစုပေါင်းဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၂၇ဝဝ အပြင် ထပ်တိုးဘတ်ဂျက် ကျပ် ၁ဝဝ၃ ဘီလျံ တောင်းခံလိုက်ခြင်းသည် ဘတ်ဂျက်လိုငွေ မြင့်မားလာသည့်အတွက် ငွေကြေးဖောင်းပွမှုကို ဖြစ်စေကြောင်း မတ် ၆ ရက်တွင် UMFCCI ၌ ကျင်းပသော မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း အကြိုစကားဝိုင်း ဆွေးနွေးပွဲတွင် ဘတ်ဂျက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။ပြီးခဲ့သည့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေသည် ကျပ် ၁၆၃၅ ဘီလျံ၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၂၈၈၆ ဘီလျံနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၇၅၁ ဘီလျံ (အဆိုပြုထားဆဲ) လိုငွေပြရန် လျာထားကြောင်း သိရသည်။၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေကို ကျပ် ၁၉၁၆၇ ဘီလျံ လျာထားခဲ့ခြင်းဖြစ်ပြီး အသုံးစရိတ်ကို ကျပ် ၂၁၉၁၈ ဘီလျံ လျာထားကြောင်း၊ ထို့အတွက် ဘတ်ဂျက်လိုငွေသည် ကျပ် ၂၇၅၁ ဘီလျံ ဖြစ်ခဲ့ကြောင်း၊ ယင်းပမာဏသည် မြန်မာနိုင်ငံ၏ ဂျီဒီပီ ကျပ် ၆၆၁၈၇ ဘီလျံ၏ ၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း အသုံးစရိတ်၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ဘတ်ဂျက်ရေးဆွဲရာတွင် အခြားနိုင်ငံများတွင် တိုင်းပြည်၏ စီးပွားရေးအပေါ် မူတည်ပြီး အပြောင်းအလဲရှိကြောင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ စီးပွားရေးကျဆင်းလာခြင်းတို့ ဖြစ်နေသည့်အချိန်တွင် လိုငွေပြဘတ်ဂျက်ကို သုံးလေ့ရှိကြောင်း၊ စီးပွားရေးတက်သည့် အချိန်တွင် ပိုငွေပြဘတ်ဂျက်ကို သုံးတတ်ကြောင်း၊ ထို့အတူ Balance Budget ကို သုံးသည့် ကာလများရှိကြောင်း သိရသည်။“အာရှနိုင်ငံတွေ တော်တော်များများမှာ ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေမှာတော့ ပုံမှန်အားဖြင့် ဘတ်ဂျက်က ငါးရာခိုင်နှုန်း ဝန်းကျင်လောက်တော့ ရှိနေတတ်တယ်။ ဒါပေမဲ့ ဘတ်ဂျက်လိုငွေတွေ နှစ်စဉ်ဆက်တိုက်ပြရင်လည်း မကောင်းဘူး။ ဒါကြောင့် တတ်နိုင်သရွေ့တော့ လျှော့ဖို့လိုတယ်” ဟု ADB မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည် အစိုးရအသုံးစရိတ် မြင့်မားနေမှုနှင့်အတူ အခွန်ကောက်ခံ ရရှိမှုသည်လည်း အားနည်းမှုရှိနေကြောင်း၊ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံသည် အခြားနိုင်ငံများထက် အခွန်ကောက်ခံရရှိမှု နည်းနေဆဲဖြစ်ကြောင်း သိရသည်။“မြန်မာနိုင်ငံမှာ အခွန်ကောက်ခံမှုကရရှိတဲ့ ဝင်ငွေက နည်းနေသေးတာတော့ အမှန်ပဲ။ အခွန်ကနေ ရနိုင်တဲ့ငွေက ၈ ဒသမ ၁၁ ရာခိုင်နှုန်းလောက်ပဲ ရှိနေပါသေးတယ်။ အာဆီယံနိုင်ငံတွေမှာ ကြည့်မယ်ဆိုရင် ၁ဝ ရာခိုင်နှုန်းအထက်မှာ ရနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဝင်ငွေရမှု အခွန်ဘဏ္ဍာ နည်းနေပါသေးတယ်။ ဒီနေရာမှာ အခွန်တိမ်းရှောင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာတစ်ခု ပြောရရင် အခုစားသောက်ဆိုင်တွေမှာ အခွန်ကို ဖြတ်တောက်ပေမယ်လို့ အခွန်တံဆိပ်ခေါင်း မကပ်ဘဲနဲ့ လုပ်နေတာတွေက လုပ်ငန်းရှင်တွေရဲ့ ပြဿနာဖြစ်ပါတယ်။ ဒါ့ကြောင့် စားသုံးသူကပေးရတဲ့ အခွန်က နိုင်ငံတော်လက်ထဲကို မရောက်ဘူး။ ဒါပေမဲ့ စားသောက်ဆိုင်တွေမှာ အခွန်တံဆိပ်ခေါင်း ကပ်မထားတဲ့ အခြေအနေတွေကိုလည်း ကျွန်တော်တို့ တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ လေလွင့်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခွန်ကို စနစ်တကျ စိစစ်ကောက်ခံနိုင်ဖို့ လိုပါတယ်” ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။“အခွန်ကောက်ခံရရှိမှုဟာ အရေးကြီးတာကို လက်ခံပါတယ်။ ဒါပေမဲ့ အခွန်ကောက်တဲ့စနစ်က တော်တော်လေးတိကျဖို့ လိုတယ်။ အထူးသဖြင့် အခုမှ နာလန်ထူဖို့ ကြိုးစားနေတဲ့ လုပ်ငန်းလေးတွေ၊ ကိုယ့်ဘာသာကိုယ်တောင် မလှုပ်သာမကိုင်သာ ဖြစ်နေပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိနေတဲ့ လုပ်ငန်းလေးတွေကိုလည်း ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းဖို့ဆိုပြီး နင်းကန်မကောက်မိဖို့ လိုတယ်။ သူတို့တောင် အခြေခံအဆောက်အအုံ မပြည့်စုံတဲ့ လုပ်ငန်းလေးတွေမှာ ကောက်မယ်ဆိုရင် နာလန်ထူမှာ မဟုတ်ဘူး။ ဒါကြောင့် အခွန်ကောက်ခံမှုနဲ့အတူ စီမံခန့်ခွဲမှုကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနှင်းဦးက ပြောကြားသည်။“Budget Deficit ကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ဘတ်ဂျက်ပေါ်လစီကိုက Deficit ဖြစ်နေတဲ့ အနေအထားကို လက်ခံပြီး ရေးဆွဲထားတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ နောက်ပြီးတော့လည်း ဘတ်ဂျက်ကို တောင်းဆိုတဲ့ အခါမှာလည်း ပထမဦးဆုံး အနေနဲ့ ဝန်ကြီးဌာနတွေက အများကြီးတောင်းလိုက်ရင် လွှတ်တော်ကနေ ဖြတ်မယ်ဆိုတာ သိတဲ့အတွက် ဘယ်တိုင်းပြည်မှာမှ မရှိတဲ့ BE နဲ့ AE ဆိုပြီး နှစ်ကြိမ်တောင်းတာမျိုး ဖြစ်နေပါတယ်။ ဒါကြောင့်လည်း လိုငွေ Deficit တွေဖြစ်လာတယ်။ Deficit ဖြစ်လာတဲ့အတွက် ငွေကြေးဖောင်းပွမယ်ဆိုတာ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း နားလည်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာတယ်ဆိုတာ ဝန်ကြီးဌာနတွေကို တင်ပြပါတယ်။ မနေ့ကပဲ သက်ဆိုင်ရာ ဝန်ကြီးတွေက စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လာပြီးရှင်းသွားတာ ရှိပါတယ်။ သူတို့က တိုင်းပြည်ရဲ့ GDP အချိုးနဲ့ ဘတ်ဂျက်လိုငွေဟာ ငါးရာခိုင်နှုန်းထက် မကျော်ဘူးဆိုရင် အဲဒီတိုင်းပြည်ရဲ့ အခြေအနေ ကောင်းပါတယ်လို့ ဆိုပါတယ်။ အဲဒီလို ဖြစ်တဲ့အတွက် ကျွန်မတို့တိုင်းပြည်မှာ ငါးရာခိုင်နှုန်းထက် မကျော်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ထိန်းသိမ်းနေပါတယ်ဆိုပြီး ဝန်ကြီးတစ်ပါးကလည်း ပြောကြားခဲ့ပါသေးတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။“အစိုးရသက်တမ်း လေးနှစ်မှာလည်း ဘတ်ဂျက်ရေးဆွဲတာကလည်း ပွင့်လင်းမြင်သာမှုက အားနည်းနေသေးတယ် ဆိုတာကို တွေ့ရပါတယ်။ အဲဒါတွေက ဘတ်ဂျက်စာရင်းတွေနဲ့ ပတ်သက်ပြီးတော့ အကြံပြုရမယ်ဆိုရင် စုစုပေါင်းရငွေရဲ့ အများဆုံးက ဘာဖြစ်နေသေးလဲဆိုတော့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း အမြောက်အမြားဟာ ရငွေများ ဖြစ်နေပါသေးတယ်။ ဈေးကွက်စီးပွားရေးကို သွားနေတာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းက ရငွေကို ပိတ်ထားလို့ မဖြစ်ပါဘူး။ အဲဒါကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းက ရတဲ့ရငွေကို အချိုးအစားအားဖြင့် လျှော့ချပြီးတော့ ပုဂ္ဂလိကလုပ်ငန်းကရတဲ့ရငွေကို တိုးလာအောင်လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုရအောင် လုပ်တဲ့နေရာမှာ ပုဂ္ဂလိကလုပ်ငန်းတွေကို အခွန်တိုးတဲ့နေရာမှာလည်း မလွယ်ဘူး ဖြစ်နေပါတယ်။ အခွန်နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ အစိုးရက နှစ်မျိုးလုံးတိုးချဲ့ဖို့ လိုပါတယ်။ တစ်မျိုးက Tax Base ပေါ့။ အခွန်ကောက်တဲ့ အခြေခံပေါ့။ ဘယ်နေရာ ဘယ်နေရာတွေမှာ ရနိုင်သလဲ။ ရနိုင်တာတွေကို တိုးချဲ့ရှာဖွေတာကို Tax Base ခေါ်ပါတယ်။ အဲဒီလို Tax Base တိုးချဲ့ရှာဖွေသလိုပဲ Tax Research က ဘယ်အဆင့်မှာ ဝင်ငွေဘယ်လောက်ရမယ်၊ ဘယ်လောက်ရာခိုင်နှုန်းကောက်မယ် အဲဒါနဲ့ ပတ်သက်ရင်လည်း စဉ်းစားဖို့လိုမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု Human Development Institute မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖေဝင်းက ပြောကြားသည်။မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာတွင် နည်းလမ်းတစ်ခုဖြစ်သည့် အစိုးရငွေတိုက် လက်မှတ်များကို မကြာခင်က ရောင်းချခဲ့ကြောင်းနှင့် လက်ရှိတွင် သုံးလသက်တမ်းရှိ အစိုးရငွေတိုက် လက်မှတ်များကို ကျပ် ၅ဝ ဘီလျံဖိုး လေလံစနစ်ဖြင့် ပုဂ္ဂလိကဘဏ်များကို စတင်ရောင်းချမှုအား ဇန်နဝါရီလ ၂၈ ရက်က ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရရှိသော သတင်းများအရ သိရသည်။လက်ရှိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ခြောက်ရာခိုင်နှုန်းနှင့် ခုနစ်ရာခိုင်နှုန်းကြားတွင် ရှိနေကြောင်း နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက သုံးသပ်ကြသည်။
ဘတ်ဂျက်လိုငွေ နှစ်စဉ်ပြနေခြင်းသည် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပြီး ပြည်သူလူထုကို ထိခိုက်စေသည့်အတွက် အစိုးရအနေဖြင့် ထပ်တိုးဘတ်ဂျက် အပါအဝင် ဘတ်ဂျက်များအား စနစ်တကျ သုံးစွဲသင့်ကြောင်း သုံးသပ်