ယခုလအတွင်း ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲ မတိုင်မီ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကေအိုင်အိုခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံမည်

ယခုလအတွင်း ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲ မတိုင်မီ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကေအိုင်အိုခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံမည်
Published 8 March 2015

ရန်ကုန်မြို့၌ ယခုမတ်လ ၁၆ ရက်မှ စတင်ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခုနှစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမတိုင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) မှ ခေါင်းဆောင်များသည် မတ် ၁၂ ရက် သို့မဟုတ် ၁၃ ရက်တွင် နေပြည်တော်၌တွေ့ဆုံရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ကေအိုင်အိုအဖွဲ့သည် လက်ရှိအစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့် အဖွဲ့ဖြစ်ပြီး ၂ဝ၁၁ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် ကေအိုင်အေတပ်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက် ရှိနေသည်။အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က “သွားဖို့ စီစဉ်နေတာလည်း ကြာလှပြီ။ ခုနှစ်ကြိမ်မြောက် ဆွေးနွေးပွဲကလည်း အခု ၁၆ ရက်မှာ လုပ်မယ်ဆိုတာ သတ်မှတ်ပြီးပြီဆိုတော့ အဲဒီမှာ သွားရင်းနဲ့ နေပြည်တော်ကိုလည်း ဝင်ဖြစ်အောင်ဝင်မယ်ဆိုတဲ့ သဘောမျိုးပါ။ ရက်ကတော့ နည်းနည်းအပြောင်းအလဲရှိရင် ရှိနိုင်ပါတယ်ဗျ။ ၁၂၊ ၁၃ တစ်ရက်ရက် ဖြစ်ပါမယ်” ဟု ဆိုသည်။နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကေအိုင်အိုကိုယ်စားလှယ်များ တွေ့ဆုံမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဦးဆန်းအောင်က “တွေ့မယ် မတွေ့ဘူး။ သီးခြားတွေ့မယ် အတူတူတွေ့မယ် ဆိုတဲ့ဟာက အသေးစိတ်ကတော့ မသိရသေးဘူး။ အစိုးရဘက်ကလည်း နေပြည်တော်လာဖို့ ဖိတ်ကြားထားတာတွေ ရှိတဲ့အခါကျတော့ ကေအိုင်အိုဘက်ကလည်း လာဖို့စီစဉ်ထားတာတွေ ရှိပါတယ်။ အခု ခုနှစ်ကြိမ်မြောက် NCCT ဆွေးနွေးပွဲနဲ့ တစ်ခါတည်းပူးတွဲပြီးမှ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျာ။ အဲဒီလို စီစဉ်လိုက်တဲ့ သဘောပါ။ နှစ်ဖက်ညှိနှိုင်းတာတော့ အကြိမ်ကြိမ်ညှိနှိုင်းတာတော့ ရှိတယ်” ဟု ဆိုသည်။အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံရန်နှင့် ခုနှစ်ကြိမ်မြောက် ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ကေအိုင်အိုဘက်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်တို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။“ဒီတစ်ခါ အကျေအလည် ဆွေးနွေးနိုင်အောင် ကေအိုင်အေဘက်က လူစုံတက်စုံ တက်ရောက်တဲ့သဘောလို့ မြင်ပါတယ်။ နေပြည်တော်မှာလည်း ကေအိုင်အိုအနေနဲ့ တစ်ခါမှတွေ့တာ မရှိသေးဘူး။ ဒီပြန်လည်ပစ်ခတ်ပြီးတဲ့နောက်ပိုင်း ၂ဝ၁၁ ရဲ့နောက်ပိုင်းမှာ ကေအိုင်အိုနဲ့ နေပြည်တော်မှာတွေ့ဆုံတာ မရှိသေးဘူး။ တွေ့ဆုံတယ် ဆိုတာကတော့ တကယ်တွေ့ဆုံနိုင်တယ်ဆိုရင် အင်မတန်ကောင်းတဲ့ အလားအလာပါ။ ကျွန်တော်တို့ကတော့ ခရီးသွားလာရေးအတွက် ဆောင်ရွက်ပေးနေတာပါ” ဟု ဦးဆန်းအောင်က ပြောကြားသည်။အစိုးရခေါင်းဆောင်များနှင့် ကေအိုင်အို ကိုယ်စားလှယ်များ တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်တစ်ဦးကလည်း “ဒီခုနှစ်ကြိမ်မြောက် အပေါ်မှာ ကျွန်တော်တို့ ကျွဲကူးရေပါပေါ့။ အရင်တုန်းကဖြစ်ခဲ့တဲ့ အရေးအခင်းတွေပေါ့။ လိုင်ဇာအရေးအခင်းတို့၊ ကိုးကန့်အရေးအခင်းတို့ အဲဒါလေးတွေကိုပါ မြောက်ပိုင်းအဖွဲ့တွေ အနေနဲ့ တစ်လက်စတည်း ညှိစရာရှိ ညှိပြီးတော့ ခုနှစ်ကြိမ်မြောက်ကို တစ်ခါတည်း ဆက်တိုးဖို့ပေါ့။ ဒါက ကျွန်တော်တို့ ဒီဇင်ဘာကတည်းက တင်ထားတဲ့ကိစ္စပါ။ အဲဒါကို ဆက်လက်အကောင်အထည်ဖော်တဲ့ သဘောပေါ့” ဟု ပြောကြားသည်။“သူတို့လာမယ်။ တွေ့တာ မတွေ့တာကိုတော့ တိတိကျကျတော့ ဘာမှမသိသေးဘူး။ ၁၆ ရက် တစ်ခုသေချာတယ်။ ကျန်တာတော့ ဘယ်လိုလာမလဲ ဘယ်နှယောက်လာမလဲ ဆိုတာကတော့ ညှိတုန်းပဲ” ဟု အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့်  NCCT အဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် မတ် ၁၆ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်သည်။ 

Most Read

Most Recent