မတ် ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဆူးလေ၌ လက်ပံတန်းတွင်ပိတ်မိနေသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ထောက်ခံကြောင်းနှင့် ဖြိုခွဲခြင်းမပြုရန် ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူများတွင်ပါဝင်သူ ၈၈ မျိုးဆက်ခေါင်းဆောင်များကို မတ် ၆ ရက် နံနက်က ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။သို့ရာတွင် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ထောက်ခံကြောင်းနှင့် ဖြိုခွဲခြင်းမပြုရန်ဆန္ဒပြခဲ့သည့် မန္တလေးမြို့ မှ တက်ကြွလှုပ်ရှားသူများကိုမူ ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မငါးခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။၈၈ မျိုးဆက်ခေါင်းဆောင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက်(ငြိမ်း/ ပွင့်) က မတ် ၅ ရက် ညပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဖမ်းဆီးမှုကို ရှုတ်ချကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ပြောကြားခဲ့သည်။ ထိုသို့ပြောကြားအပြီး ဖမ်းဆီးခံရသူ ၈၈ မျိုးဆက်ခေါင်းဆောင် သုံးဦးအပါအဝင် ကျောင်းသားငါးဦးအား သက်ဆိုင်ရာက မတ် ၆ ရက် နံနက် ၆ နာရီတွင် ပြန်လည်လွှတ်ပေးခဲ့သည်။
ကျွန်တော်တို့ရှစ်ဦးကို ရန်ကင်းမြို့နယ် လယ်ဆည်ရုံးဘေးက ကြံလုပ်ငန်းကိုခေါ်သွားပြီး ည ၁ နာရီအထိ စစ်ကြောရေးဝင်တယ်။ ကျွန်တော်တို့ကို ဘာအမှုနဲ့ဖမ်းတာလဲမေးတော့ စစ်ဆေးမေးမြန်းဖို့ပဲလို့ပြောပြီး ကျွန်တော်တို့ရဲ့ကိုယ်ရေးရာဇဝင်တွေကို ည ၁ နာရီအထိ အကြိမ်ကြိမ်စစ်ဆေးတယ်။ ဒီမနက်ပြန်လွှတ်တော့ ကျွန်တော်တို့ရှစ်ဦးကို ပုဒ်မ ၁၈ နဲ့အရေးယူဖို့ စီစဉ်ထားတယ်လို့ အရှေ့ပိုင်းခရိုင်ရဲမှူးကြီးကပြောတယ် . . .
ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွဲခြင်းမပြုရန် ထောက်ခံဆန္ဒပြသူများက မတ် ၅ ရက် ညနေ ၄ နာရီတွင် တတိယနေ့အဖြစ် မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်စဉ် အင်အားသုံးရိုက်နှက်ဖြိုခွဲကာ ၈၈ မျိုးဆက်ခေါင်းဆောင်သုံးဦးအပါအဝင် ကျောင်းသားငါးဦးအား ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။ဖမ်းဆီးခေါ်ဆောင်ခံရသူများတွင် ကိုဇင်မင်းဖြိုး၊ ကိုဇော်လင်းထွဋ်နှင့် ကိုဟိန်းထက်အောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်း၊ မနုနုအောင်၊ ကိုမျိုးသန့်နှင့် အခြားကျောင်းသားနှစ်ဦးအပါအဝင် ရှစ်ဦးတို့ကို ဒိုင်နာကားများဖြင့် တင်ဆောင်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့ရှစ်ဦးကို ရန်ကင်းမြို့နယ် လယ်ဆည်ရုံးဘေးက ကြံလုပ်ငန်းကိုခေါ်သွားပြီး ည ၁ နာရီအထိ စစ်ကြောရေးဝင်တယ်။ ကျွန်တော်တို့ကို ဘာအမှုနဲ့ဖမ်းတာလဲမေးတော့ စစ်ဆေးမေးမြန်းဖို့ပဲလို့ပြောပြီး ကျွန်တော်တို့ရဲ့ကိုယ်ရေးရာဇဝင်တွေကို ည ၁ နာရီအထိ အကြိမ်ကြိမ်စစ်ဆေးတယ်။ ဒီမနက်ပြန်လွှတ်တော့ ကျွန်တော်တို့ရှစ်ဦးကို ပုဒ်မ ၁၈ နဲ့အရေးယူဖို့ စီစဉ်ထားတယ်လို့ အရှေ့ပိုင်းခရိုင်ရဲမှူးကြီးကပြောတယ်။အရေးယူလို့ တရားရုံးတင်ရင် ခင်ဗျားတို့လာရောက်ပေးပါလို့ပြောတယ်။ လက်ပတ်အနီအရပ်ဝတ်တွေက ကျွန်တော်တို့ကိုဖမ်းတာပြောတော့ အဲဒါသူတို့မသိဘူး။ သူတို့နဲ့မဆိုင်ဘူး။ အုပ်ချုပ်ရေးအဖွဲ့ကလုပ်တာ။ အဲဒါကို ရဲတပ်ဖွဲ့ကပူးပေါင်းဖြေရှင်းတာဖြစ်တယ်လို့ပြောတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက်ဖြေရှင်းတာနဲ့ပတ်သက်ပြီး လက်မခံဘူး။ လုံးဝရှုတ်ချတယ်" ဟု ပြန်လည်လွတ်မြောက်လာသည့် ကိုဇော်လင်းထွဋ်က မတ် ၆ ရက်တွင်ပြောကြားသည်။ထိုသို့ ၈၈ မျိုးဆက်ခေါင်းဆောင်သုံးဦးအား သက်ဆိုင်ရာက ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ထောက်ခံကြောင်းနှင့် ဖြိုခွဲခြင်းမပြုရန်ဆန္ဒပြခဲ့သည့် မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူများကိုမူ ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မငါးခုဖြင့် အမှုဖွင့်ထားဆဲဖြစ်ကြောင်း သိရသည်။ ဖွင့်ထားသည့်ပုဒ်မများမှာ ပုဒ်မ ၁၈၊ ပုဒ်မ ၁၁၄၊ ၁၄၃၊ ၁၄၅ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြစ်ကြောင်း သိရသည်။အလားတူ ပိတ်ဆို့တားဆီးခံထားရသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းကိုထောက်ခံကြောင်း လက်ပံတန်းမြို့တွင်ဦးဆောင်ဆန္ဒပြခဲ့သူ ဒေသခံ ၁၁ ဦးအား အမှုဖွင့်ထားကြောင်းနှင့် သုံးဦးကိုဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။ထိုသို့အမှုဖွင့်ရာတွင် ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ထားခြင်းဖြစ်ပြီး ကျန်ရှစ်ဦးကို ဖမ်းဆီးအရေးယူရန် ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။