ဆည်အသစ်တည်ဆောက်ခြင်း၊ အဟောင်းပြုပြင်ခြင်း၊ မြောင်းဖောက်ခြင်းများအတွက် လယ်သိမ်းခံရမှုများရှိ၍ တောင်သူများ နစ်နာရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ဆည်အသစ်တည်ဆောက်ခြင်း၊ အဟောင်းပြုပြင်ခြင်း၊ မြောင်းဖောက်ခြင်းများအတွက် လယ်သိမ်းခံရမှုများရှိ၍ တောင်သူများ နစ်နာရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 4 March 2015

ဆည်အသစ်တည်ဆောက်ခြင်း၊ အဟောင်းပြုပြင်ခြင်းနှင့် မြောင်းဖောက်ခြင်းများအတွက် လယ်သိမ်းခံရမှုများရှိ၍ တောင်သူများ နစ်နာရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။ဦးနိုင်ငံလင်းက “လယ်ဆည်ရဲ့ မူဝါဒထဲမှာ စိုက်ပျိုးရေတိုးတက်ရရှိရေး ဖြစ်ပါတယ်။ စိုက်ပျိုးရေ တိုးတက်ရရှိဖို့ ဆောင်ရွက်ရာမှာလည်း ဆည်ရေသောက်စနစ်ကို စနစ်တကျ ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဆည်အသစ်ဆောက်တာတို့၊ အဟောင်းပြင်တာတို့၊ မြောင်းဖောက်တာတို့လုပ်ရင် ပထမဦးဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲက လယ်သိမ်းရတာပါပဲ” ဟု ဆွေးနွေးသည်။ဒက္ခိဏသီရိမြို့နယ်တွင် ဆည်ရေသောက် မြောင်းဖောက်သည့်အတွက် ပဲခင်းများအား ဘူဒိုဇာနှင့် ထိုးခြင်းများရှိကြောင်း၊ နစ်နာကြေးပေးသည်ကို မကြားရသေးကြောင်း၊ ဥတ္တရသီရိမြို့နယ်တွင်လည်း ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဒက္ခိဏသီရိမြို့နယ် ကျေးစာဥရွာအနီးရှိ အင်းနီဆည်အား ပြုပြင်နေကြောင်း၊ ဆည်ရေသောက်ရမည် ဖြစ်သည့်အတွက် ကျေနပ်နေသည့် တောင်သူများ ရှိသကဲ့သို့ ဆည်ရေလွှမ်းနိုင်သည့် တောင်သူများက စိုးရိမ်မှုများ ရှိနေကြောင်း၊ လယ်ဆည်ဝန်ကြီးဌာနမှ နစ်နာကြေးအဖြစ် တစ်ဧကနှစ်သိန်းနှုန်း ပေးမည်ဟုဆိုကြောင်း၊ လယ်လေးဧကရှိသည့် တောင်သူတစ်ဦး ရေလွှမ်းဧရိယာထဲ ပါသွားပါက နစ်နာကြေး ငွေရှစ်သိန်းဖြင့် ဘဝရပ်တည်နိုင်ရန် ခက်ခဲကြောင်း၊ ပြေလည်အောင် လုပ်ပေးစေချင်ကြောင်း ဦးနိုင်ငံလင်းက ပြောကြားသည်။“ဆည်ရေသောက်စနစ် တည်ဆောက်ပြီးတဲ့ ဒေသတွေမှာ လိုအပ်တဲ့အချိန် ရေရဖို့ လိုအပ်ပါတယ်။ မလိုအပ်တဲ့ အချိန်မှာ ရေမလွှတ်မိဖို့ အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင်လည်း စနစ်တကျ တည်ဆောက်ထားတဲ့ ရေကျော်ပေါက်တွေကသာ ရေထွက်အောင် စီမံထားဖို့ လိုပါတယ်” ဟု ဦးနိုင်ငံလင်းက ဆွေးနွေးသည်။

Most Read

Most Recent