တရုတ်ဘက်တွင် ဆန်ဈေး မြင့်တက်လျက် ရှိသော်လည်း မြန်မာ့ဆန်ကိုမူ တရုတ်က ဈေးနှိမ်ဝယ်ယူ

တရုတ်ဘက်တွင် ဆန်ဈေး မြင့်တက်လျက် ရှိသော်လည်း မြန်မာ့ဆန်ကိုမူ တရုတ်က ဈေးနှိမ်ဝယ်ယူ
Published 4 March 2015
ဇော်ဝေ

တရုတ်နှစ်ကူးအပြီး တရုတ်ဘက်တွင် ဆန်တစ်တန် ယွမ် ၆ဝ ဝန်းကျင် ဈေးမြင့်တက်မှု ရှိခဲ့သော်လည်း ဈေးနှိမ်ဝယ်သဖြင့် မူဆယ်နယ်စပ်တွင် ဆန်တစ်အိတ် သုံးယွမ်ခန့် ဈေးကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (မူဆယ်) ဒုတိယဥက္ကဌ ဦးချမ်းသာဦးက ပြောကြားသည်။“ဆန်အရောင်းအဝယ် အခြေအနေအရ ပုံမှန်အားဖြင့် အရောင်းအဝယ် ပြန်လည်စတင် လည်ပတ်နေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ဘက်မှာ  ဆန်တစ်တန်ကို ယွမ် ၆ဝ လောက် ဈေးတက်သွားတာရယ်၊ မူဆယ်မှာ လက်ကျန်များနေတာကြောင့် ဆန်ဈေးကို တစ်အိတ် သုံးယွမ်လောက် ချဝယ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ကုမ္ပဏီကြီးအချို့က မိုးဆန်များကို Oversea တင်ပို့ဖို့ ကြိုပြီး ဈေးကောင်းနဲ့ ဝယ်နေတာရယ်၊ မန္တလေး-မူဆယ် ကားခ လတ်တလော ကြီးမြင့်နေတာရယ်၊ တရုတ်ဘက်က ဈေးချဝယ်နေတာရယ်ကြောင့် နောက်ဝယ်ယူပြီး တက်လာမယ့် ဆန်ကတော့ တွက်ခြေမကိုက်သေးဘဲ ယခင် ကားခ ဈေးအနိမ့်နဲ့ ဆန်များကိုသာ ရောင်းချနေဆဲ အခြေအနေပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (မူဆယ်) ဒုတိယဥက္ကဌ ဦးချမ်းသာဦးက ပြောကြားသည်။တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် နယ်စပ်မှတင်ပို့မှုမှာ ပြည်ပတင်ပို့မှု စုစုပေါင်း၏ သုံးပုံနှစ်ပုံ ရှိခဲ့ပြီး ယခုနှစ် ဆန်တန် ၁ ဒသမ ၅ သန်းကျော် တင်ပို့မှုတွင်လည်း ဆန်တန်တစ်သန်းမှာ နယ်စပ်မှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခုကဲ့သို့ တရုတ်ဘက်သို့ တရားဝင် ဆန်တင်ပို့နိုင်ရေးအတွက် ကုမ္ပဏီကြီးများကို ကြိုတင်ဝယ်ယူ ပြင်ဆင်လာခြင်းနှင့် နယ်စပ်တွင် ဆန်ဈေးနှိမ်ဝယ်ယူခြင်းနှင့် တန်ဆာခတည်ငြိမ်မှု မရှိခြင်းကြောင့် မူဆယ်နယ်စပ်မှ ဆန်၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်တင်ပို့မှုမှာ ယှဉ်ပြိုင်လာသည့် အခြေအနေတွင် ရှိနေပြီး ဆန်စပါးလုပ်ငန်းကို အဓိက လုပ်ကိုင်နေသူများ အနေဖြင့် အစီအစဉ်ကျကျ စဉ်းစားလုပ်ကိုင်ရန် လိုအပ်လာကြောင်း ဦးချမ်းသာဦးက ပြောကြားသည်။တရုတ်သို့ ဆန်တရားဝင်တင်ပို့မှုအတွက် MAPCO၊ FRP၊ Myanmar Rice Mill၊ Golden Land East Asia၊ Bay-intnaung Business Group၊ MRDC၊ Shan (North) SPRDC၊ Ayeyar Pathein၊ Rakhine Rice and Paddy စသည့် အသင်းအဖွဲ့ပိုင် ကုမ္ပဏီများကို ရွေးချယ်ခဲ့ပြီးနောက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် တရုတ်သို့ ဆန်တင်ပို့ ရောင်းချလိုသည့် ကုမ္ပဏီများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထပ်မံဖိတ်ခေါ်ထားကြောင်း သိရသည်။ 

Most Read

Most Recent