အိန္ဒိယရှိ ပြည်နယ်တစ်ခု၌ အမဲသားများကို တင်းကျပ်စွာ ပိတ်ပင်၊ လက်ဝယ်တွေ့ရှိပါက ထောင်ငါးနှစ် ကျခံရနိုင်

အိန္ဒိယရှိ ပြည်နယ်တစ်ခု၌ အမဲသားများကို တင်းကျပ်စွာ ပိတ်ပင်၊ လက်ဝယ်တွေ့ရှိပါက ထောင်ငါးနှစ် ကျခံရနိုင်
Published 4 March 2015

အိန္ဒိယအနောက်ပိုင်း မဟာရရ်ထရာပြည်နယ်တွင် အလွန်တင်းကျပ်သော အမဲသား ပိတ်ပင်မှုကို စတင်ပြဋ္ဌာန်းလိုက်ပြီး အမဲသား လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်ကြောင်း မတ် ၂ ရက်က ပြည်နယ်ဝန်ကြီးချုပ်၏ ပြောကြားမှုနှင့် သတင်းများတွင် ဖော်ပြချက်အရ သိရသည်။အိန္ဒိယနိုင်ငံတွင် လူများစုဖြစ်သည့် ဟိန္ဒူများသည် နွားများကို အထွတ်အမြတ်ထားကြပြီး နိုင်ငံတွင်းရှိ ပြည်နယ်အချို့တွင်လည်း နွားသတ်မှုများကို ပိတ်ပင်ထားကြပြီး ဖြစ်သည်။ သို့သော် မဟာရရ်ထရာတွင် ပြဋ္ဌာန်းလိုက်သည့် ပိတ်ပင်မှုမှာ ပိုမိုတင်းကျပ်ပြီး အမဲသားများကို ရောင်းချရုံ၊ လက်ဝယ်ပိုင်ဆိုင်ရုံဖြင့် ပြစ်မှုမြောက်မည်ဖြစ်ကာ ထောင်ဒဏ်ငါးနှစ် (သို့) ငွေဒဏ် ရူပီး ၁ဝဝဝဝ (အမေရိကန်ဒေါ်လာ ၁၆ဝ)ပေးဆောင်ရမည် ဖြစ်သည်။အိန္ဒိယသမ္မတ ပရာနပ်မူခါဂျီက ဥပဒေပြင်ဆင်ချက်ကို ခွင့်ပြုလိုက်ပြီးနောက် ယင်းအစီအစဉ်သည် ဥပဒေတည်လာခြင်းဖြစ်ကြောင်း IndianExpress သတင်းစာက ဖော်ပြခဲ့သည်။ ထိုဥပဒေ ပြင်ဆင်ချက်ကို ပြည်နယ်ပါလီမန်တွင် အတည်ပြုခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခုရှိပြီ ဖြစ်သော်လည်း ခွင့်ပြုချက်ရရန် သမ္မတထံ ပေးပို့ခဲ့ခြင်း မရှိခဲ့ပေ။ထိုဆောင်ရွက်မှု စီမံချက်ထဲတွင် နွားထီးများ၊ သင်းကွပ်ပြီးသား နွားထီးများကို သတ်ဖြတ်ခြင်းအား တားမြစ်ထားပြီး တိမွေးကု ဆေးခန်း၏ ခွင့်ပြုချက်ဖြင့်သာ ခွင့်ပြုထားသည်။ သို့သော် ကျွဲများသတ်ခြင်းကိုမူ တရားဝင် ခွင့်ပြုထားသည်။ မဟာရရ်ထရာ ပြည်နယ်ဝန်ကြီးချုပ် ဒီဗန်ဒရာဖာနာဗစ်က နွားသတ်မှုအား တားမြစ်ရန် ၎င်းတို့၏အိပ်မက် အမှန်တကယ်ဖြစ်လာ၍ သမ္မတကို ကျေးဇူးတင်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။အိန္ဒိယတွင် အမဲသားပိတ်ပင်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လူမှုမီဒီယာများ၌ စကားစစ်ထိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “အိန္ဒိယမှာ မိန်းကလေးတစ်ယောက်လို မွေးလာတာထက် နွားတစ်ကောင်လို မွေးလာတာဟာ ပိုပြီး လုံခြုံနေပါတယ်” ဟု ဆိုနီကာမာတာဆိုသူက တွစ်တာတွင် ရေးသားခဲ့သည်။အိန္ဒိယတွင် အမဲသား အဓိက ထုတ်လုပ်သူများသည် မွတ်စလင်များ ဖြစ်ကြသည်။ အိန္ဒိယလူဦးရေ ၁ ဒသမ ၂၅ ဘီလျံတွင် မွတ်စလင်လူဦးရေ ၁၃ ရာခိုင်နှုန်း ရှိသည်။ မဟာရရ်ထရာပြည်နယ်ကို ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အမျိုးသားရေးဝါဒီပါတီ ဘီဂျေပီနှင့် လက်ယာစွန်းပါတီ ရှိဗ်ဆီနာတို့ မဟာမိတ်ဖွဲ့ အုပ်ချုပ်နေကြသည်။Ref:AFP 

Most Read

Most Recent