လမ်းဘေးစားသောက်ဆိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ထိုင်းနိုင်ငံအခြေစိုက် Unilever Food Solution ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးမည်

လမ်းဘေးစားသောက်ဆိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ထိုင်းနိုင်ငံအခြေစိုက် Unilever Food Solution ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးမည်
Published 4 March 2015
သင်းဖြိုး

မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အနေဖြင့် လမ်းဘေးစားသောက်ဆိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ထိုင်းနိုင်ငံအခြေစိုက် Unilever Food Solution ကုမ္ပဏီနှင့် ယခုလအတွင်း လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။အဆိုပါ လက်မှတ်ရေးထိုးသည့် ကုမ္ပဏီနှင့် ပူးပေါင်း၍ လမ်းဘေးစားသောက်ဆိုင်များမှ အစားအစာများအား ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ လမ်းဘေးစားသောက်ဆိုင်များ၏ လိုအပ်ချက်များကို စစ်ဆေးခြင်း၊ ချက်ပြုတ်နည်းများကို သင်တန်းပို့ချခြင်း၊ လမ်းဘေးစားသောက်ဆိုင်အဖွဲ့များ ဖွဲ့စည်း၍ အကြံပြု စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“အရင်ကလည်း ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ဒီလထဲမှာ နှစ်ဦးသဘောတူလက်မှတ် ရေးထိုးသွားမှာပါ။ အဓိက လမ်းဘေးစားသောက်ဆိုင်တွေကို ပိုပြီးစနစ်တကျ ဖြစ်စေချင်လို့ပါ” ဟု မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောကြားသည်။ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ လမ်းဘေးစားသောက်ဆိုင် ၁၇ ဆိုင်ကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန် ရွေးချယ်ထားပြီးဖြစ်ကာ ကျန်းမာရေး စစ်ဆေးမှုများကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အဆင့်မြှင့်တင်မှု လုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လမ်းဘေးစားသောက်ဆိုင် အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ ညဈေးကို စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လက်ရှိတွင် သက်ဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။                     လမ်းဘေးစားသောက်ဆိုင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင် အရည်အသွေးပြည့်မီသည့် ဆိုင်များအား MRA အသိအမှတ်ပြု တံဆိပ်ကပ်ခြင်းများ၊ ဦးစွာရွေးချယ်ထားသည့် လမ်းဘေးစားသောက်ဆိုင် ၁၄ ဆိုင်အပြင် ဒုတိယအဆင့် လမ်းဘေးစားသောက်ဆိုင် ၂၈ ဆိုင်နှင့် တတိယအဆင့် ၅၆ ဆိုင် စသည်ဖြင့် အဆင့်ဆင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ စားသောက်ဆိုင်များ အသင်းကို ၂ဝ၁၁ ခုနှစ် မေ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်သူအများ ဝယ်ယူစားသောက်ရာ၌ သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ ဖြစ်စေရေး၊ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု များပြားလာသည်နှင့်အမျှ အန္တရာယ်ကင်းရှင်း၍ သန့်ရှင်းသည့် အစားအစာများ စားသုံးနိုင်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent