၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မကုန်ဆုံးမီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ခုနစ်ဘီလျံနီးပါး ရှိနေပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက် ပိုမိုများပြားခဲ့

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မကုန်ဆုံးမီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ခုနစ်ဘီလျံနီးပါး ရှိနေပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက် ပိုမိုများပြားခဲ့
Published 4 March 2015
မင်းသီဟဇော်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မကုန်ဆုံးမီ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာ ခုနစ်ဘီလျံနီးပါးရှိပြီး ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက် ပိုမိုများပြားခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၆၉၅၅ ဒသမ ၂၃၈ သန်း (ခုနစ်ဘီလျံနီးပါး) ရှိပြီး ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံး၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၁၀၇ ဒသမ ၀၅၅ သန်းသာ ရှိသဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၂၈၄၈ ဒသမ ၁၈၃ သန်း ပိုမိုများပြားခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ ဝင်ရောက်မှု အများဆုံး ကဏ္ဍမှာ စွမ်းအင်ကဏ္ဍဖြစ်ပြီး ဆောက်လုပ်ငန်းရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရာတွင် လုပ်သားအင်အား အများအပြား အသုံးပြုရသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်စေရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အစိုးရဌာနပိုင် မြေများကို ငှားရမ်းဆောင်ရွက်ခြင်းအပြင် ယခုအစိုးရ လက်ထက်တွင် ပုဂ္ဂလိကပိုင် မြေများကိုပါ ငှားရမ်းဆောင်ရွက်ခွင့်ပြုခြင်း၊ ယခင်က နိုင်ငံခြားသား နောက်ခံဖြင့် ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွှန်ကြားချက်နှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် တရားဝင်ပြောင်းလဲပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံခြားငွေလွှဲပြောင်းခြင်း ကိစ္စများတွင်လည်း ဖြေလျှော့မှုများ ပေးခြင်းတို့ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်မှု တိုးတက်လာခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ယူကေ၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ဂျပန်၊ အိန္ဒိယ၊ နယ်သာလန်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ရုရှား၊ သြစတြီးယား၊ ပနားမား၊ ယူအေအီး၊ ကနေဒါ၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဘရူနိုင်း၊ ဆိုက်ပရပ်၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ စသည့်နိုင်ငံများဖြစ်ကြောင်း သိရသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုသကဲ့သို့ ပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်ကာ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent