ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းမဖက်ရန် မန္တလေးမြို့တွင်ဆန္ဒပြခဲ့ပြီး ပြည်နယ်နှင့်တိုင်းများရှိတက္ကသိုလ်များမှ သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ချီတက်ရန် ဆွေးနွေးနေကြောင်းသိရ

ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းမဖက်ရန် မန္တလေးမြို့တွင်ဆန္ဒပြခဲ့ပြီး ပြည်နယ်နှင့်တိုင်းများရှိတက္ကသိုလ်များမှ သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ချီတက်ရန် ဆွေးနွေးနေကြောင်းသိရ
Published 3 March 2015

လက်ပံတန်းမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ပိတ်ဆို့ထားခြင်းခံရသော ပင်မသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းခြင်းမပြုရန်အတွက် မတ် ၃ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့တွင်ဆန္ဒပြခဲ့ကြပြီး အခြားပြည်နယ်နှင့်တိုင်းများရှိ တက္ကသိုလ်များတွင်လည်း သပိတ်စစ်ကြောင်းများအဖြစ် ရန်ကုန်သို့ချီတက်ကြရန် ဆွေးနွေးနေကြောင်း သတင်းရရှိသည်။မန္တလေးမြို့တွင် မတ် ၃ ရက် မွန်းလွဲပိုင်းက ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားထု၏တောင်းဆိုချက်များအား ထောက်ခံကြောင်းနှင့် အကြမ်းဖက်မဖြိုခွင်းရန် မန္တလေးမြို့ကျုံးဘေးတွင်ဆန္ဒပြရာမှ အာဏာပိုင်အဖွဲ့အစည်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပါ်ခဲ့သည်။ကျောင်းသားများအပါအဝင် မန္တလေးမြို့ရှိ နိုင်ငံရေးအင်အားစုများစုပေါင်း၍ မန္တလေးမြို့တော်စည်ပင်သာယာရုံးအနီး ဆန္ဒထုတ်ဖော်မှုပြုရာတွင် ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များရောက်ရှိလာပြီး ဆန္ဒထုတ်ဖော်သည့်အဖွဲ့အား ဥပဒေနှင့်အညီ ခွင့်ပြုချက်တောင်းခံပြီးမှ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန်၊ လမ်းပိတ်ဆို့မှုများမဖြစ်ပေါ်စေရန်နှင့် စာမေးပွဲများနီးကပ်ချိန်ဖြစ်ခြင်းကြောင့် ဆန္ဒထုတ်ဖော်မှုရပ်နားပြီး လူစုခွဲပေးရန်ပြောဆိုရာမှ နှစ်ဖက်တင်းမာမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။"ကျောင်းသားတွေက အချက်ရှစ်ချက်တောင်းဆိုပြီးတော့ ရန်ကုန်ကို ကားနဲ့သွားမယ်လို့ညှိနှိုင်းတယ်။ ဒါပေမဲ့ အစိုးရဘက်ကမလိုက်ရောဘဲ ရဲအင်အားသုံးပြီးတော့ ခြိမ်းခြောက်တာမျိုးတွေရှိလာတယ်။ ဒါတွေကိုရှုတ်ချတယ်။ အခုလိုဆန္ဒထုတ်ဖော်မှုကလည်း ကျွန်တော်တို့ရဲ့ပင်ကိုယ်အခွင့်အရေးလို့မှတ်ယူထားတဲ့အတွက် ဘယ်သူ့ဆီကိုမှ ခွင့်ပြုချက်ယူမှာမဟုတ်ဘူး" ဟု မန္တလေးခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဉာဏ်ထိန်လင်းကပြောကြားသည်။ဆန္ဒထုတ်ဖော်သူများနှင့် အာဏာပိုင်အဖွဲ့အစည်းများ အခြေအတင်အစကားပြောဆိုနေစဉ်အတွင်း ၂၆ လမ်း ကျုံးဘေးတစ်လျှောက် ၆၉ လမ်းမှ ၇၂ လမ်းအထိ ရဲကားများနှင့် ရဲအင်အားအလုံးအရင်းချကာ ယာဉ်သွားလာမှုများအား ခေတ္တယာယီပိတ်ဆို့တားဆီးခဲ့သည်။ဆန္ဒထုတ်ဖော်မှုအား ကျောင်းသားမိဘများ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ မန္တလေးမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများစုပေါင်း၍ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန် စီစဉ်ထားရှိသော်လည်း အာဏာပိုင်အဖွဲ့အစည်းများနှင့် အခြေအတင်ဖြစ်ပွားမှုကြောင့် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဆန္ဒထုတ်ဖော်မှုကို ရုပ်သိမ်းခဲ့ရသည်။မတ် ၃ ရက်က ပဲခူးတိုင်း လက်ပံတန်းမြို့တွင် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြားဖြင့် ပိတ်ဆို့တားဆီးခံထားရခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်နှင့်တိုင်းများရှိ တက္ကသိုလ်ကျောင်းများမှ သပိတ်စစ်ကြောင်းများသည်လည်း ရန်ကုန်သို့ချီတက်ကြရန်အတွက် ဆွေးနွေးနေကြသည်ဟုသတင်းရရှိပြီး ကျောင်းသားများကိုအကြမ်းဖက်ဖြိုခွင်းသည့် မည်သည့်လုပ်ရပ်ကိုမှ လက်မခံနိုင်သဖြင့် ယခုကဲ့သို့ ပင်မသပိတ်စစ်ကြောင်းနှင့်ပူးပေါင်းရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း ပြည်နယ်နှင့်တိုင်းများမှ ကျောင်းသားခေါင်းဆောင်များကပြောကြားသည်။"ကျွန်တော်တို့ ပင်မသပိတ်စစ်ကြောင်းနဲ့ လာမယ့်အပတ်ထဲမှာ ပူးပေါင်းဖို့ရှိပါတယ်။ သွားရောက်ပူးပေါင်းမယ့်အဓိကရည်ရွယ်ချက်ကတော့ တိုင်းရင်းသားကိုယ်စားပြုတဲ့ အသံ၊ ပြည်နယ်တစ်ခုရဲ့အသံ၊ တိုင်းရင်းသားကျောင်းသားထုရဲ့အသံတွေပါဝင်နိုင်အောင်လို့ပါ။ မတ် ၄ ရက်မှာလည်း ကယားပြည်နယ် ကျောင်းသားများသမဂ္ဂရဲ့သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပါမယ်။ အဲဒီသဘောကြေညာချက်ထဲမှာပါတဲ့အတိုင်း လက်ရှိသပိတ်မှောက်နေကြတဲ့ကျောင်းသားတွေကို အပြည့်အဝထောက်ခံပါတယ်။ တောင်းဆိုချက်တွေမရမချင်း ပင်မသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းပါဝင်သွားပါမယ်" ဟု ကယားပြည်နယ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ခွန်ရဲမင်းကျော်မှပြောကြားသည်။မကွေးတိုင်း ပခုက္ကူမြို့တွင်လည်း ပင်မသပိတ်စစ်ကြောင်းကိုပိတ်ဆို့ထားမှုအတွက် ကျောင်းသားများစုပေါင်းဆန္ဒပြခဲ့ကြပြီး အကြမ်းဖက်နှိမ်နင်းပါက ယခုထက်အားကောင်းသော ကျောင်းသားလှုပ်ရှားမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျောင်းသားများကပြောကြားသည်။"လက်ပံတန်းမှာရှိနေတဲ့ ကျွန်တော်တို့ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို အစိုးရက ပိတ်ဆို့ထားတဲ့အတွက်နဲ့ ပင်မစစ်ကြောင်းကိုထောက်ခံကြောင်းပြတဲ့အနေနဲ့ အခုလိုလမ်းပေါ်ထွက်ဆန္ဒပြရတာပါ။ အစိုးရအနေနဲ့ ကျွန်တော်တို့ကျောင်းသားတွေနဲ့ အကြိုသဘောတူထားတဲ့ကျောင်းသားတွေကို ထိခိုက်မှုမရှိစေရဘူးဆိုတဲ့အချက်ကို ချိုးဖောက်လိုက်တာပါ။ ကျောင်းသားသပိတ်ကို အကြမ်းဖက်နိမ်နင်းရင် ကျွန်တော်တို့ဘက်ကလည်း ဒိထက်ပိုမိုအားကောင်းတဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာပါ" ဟု ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရှိန်းထက်စိုးကပြောကြားသည်။"လက်ရှိအစိုးရသဘောတူထားတဲ့ အချက် (၁၁) ကိုဖောက်ဖျက်ရာရောက်နေတဲ့အတွက် ကျွန်တော်တို့ညီနောင်တိုင်းရင်းသားများကျောင်းသားသမဂ္ဂ အဖွဲ့လေးဖွဲ့ပူးပေါင်းပြီးတော့ လှုပ်ရှားမှုတွေမြှင့်တင်သွားပါမယ်။ အဖွဲ့လေးဖွဲ့မှာ ကယားပါမယ်၊ မွန်၊ ကချင်၊ ရှမ်းကျောင်းသားများအဖွဲ့က ပူးပေါင်းပြီးတော့ ကြေငြာချက်တစ်စောင်ထွက်ဖို့ရှိပါတယ်။ ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့နဲ့ သွားရောက်ပူးပေါင်းဖို့အတွက် ဒီနေ့ကစပြီး တစ်ပတ်အတွင်းမှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဘယ်လိုအစီအစဉ်နဲ့ထွက်ပြီး စုရပ်ဘယ်မှာလဲဆိုတာကိုတော့ မညှိနှိုင်းရသေးပါဘူး" ဟု ရှမ်းပြည်နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ယာယီ) အတွင်းရေးမှူး (၂) ကိုဝင်းနိုင်ဦးမှပြောကြားသည်။"သပိတ်တွေပြန်စဖို့ ဆွေးနွေးမှုတွေလုပ်နေပါတယ်။ တကယ်လို့ အစိုးရကသာ ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့သပိတ်ကို သေချာပေါက်ပြန်စမှာပါ။ ရန်ကုန်ထိအောင်ချီတက်ပြီး သပိတ်မှောက်တဲ့အခါမှာလည်း အရင်ထက်ပိုအားကောင်းတဲ့ သပိတ်တစ်ခုအနေနဲ့ကိုလုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့သပိတ်တွေပြန်စဖို့အတွက်ကတော့ အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းမှုအပေါ်မှာ မူတည်သွားပါလိမ့်မယ်။ အစိုးရအနေနဲ့ ယခင်ကသဘောတူထားတဲ့ ကျောင်းသားတွေအပေါ် အကြမ်းမဖက်ပါဘူးဆိုတဲ့ကတိကို တည်ဖို့လိုပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် နားထားတဲ့ ကျွန်တော်တို့မြေလတ်သပိတ်စစ်ကြောင်းကို ရန်ကုန်ထိ သေချာပေါက်ပြန်ချီတက်မှာပါ" ဟု မြေလတ်စစ်ကြောင်းနှင့် ပါဝင်ချီတက်ခဲ့သည့် ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ဆန်းဦးကပြောကြားသည်။ပခုက္ကူမြို့ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားများသည် အမျိုးသားပညာရေးဥပဒေအား လွတ်တော်မှအတည်ပြုပြီးနောက် ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် မြေလတ်သပိတ်စစ်ကြောင်းအမည်ဖြင့် ရန်ကုန်မြို့သို့ ဦးတည်ချီတက်သပိတ်မှောက်ခဲ့ကြသည်။

Most Read

Most Recent