ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့က အင်အားသုံးအကြမ်းဖက်ဖြိုခွဲခြင်းမပြုရန် ရန်ကုန်မြို့ရှိ ကျောင်းသားများ မြို့တော်ခန်းမရှေ့တွင်ဆန္ဒပြ

ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့က အင်အားသုံးအကြမ်းဖက်ဖြိုခွဲခြင်းမပြုရန် ရန်ကုန်မြို့ရှိ ကျောင်းသားများ မြို့တော်ခန်းမရှေ့တွင်ဆန္ဒပြ
Published 3 March 2015
အောင်ကျော်ထက်၊ ပြည့်ဖြိုးအောင်

လက်ပံတန်းမြို့၌ရှိနေသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့အနေဖြင့် အင်အားသုံးအကြမ်းဖက်ဖြိုခွဲခြင်းမပြုရန် ရန်ကုန်မြို့ရှိ ကျောင်းသားများမှ မတ် ၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ထိုသို့ဆန္ဒထုတ်ရာ၌ အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသားမိဘများ လာရောက်ပူးပေါင်းမှုများရှိခဲ့ပြီး ဆန္ဒပြဦးရေ ၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။"ကျောင်းသားတွေရန်ကုန်ရောက်လာရင် ဘာဖြစ်မှာမို့လို့လဲ၊ ကျောင်းသားတွေမှာ ဘောပင်တစ်ချောင်း၊ ခဲတံတစ်ချောင်းပဲပါတယ်။ သူတို့ဆီမှာလက်နက်မပါဘူး။ အကြမ်းဖက်တယ်။ လက်နက်နဲ့ခြိမ်းခြောက်တာဟာ ဒါဆိုးရွားတဲ့အစိုးရဖြစ်တယ်လို့ ကျွန်တော်တို့ရှုတ်ချတယ်။ အခုဆိုရင် ကျောင်းသားတွေကို ရန်ကုန်လာလို့မရအောင်ဝိုင်းထားတယ်။  မနက်ကဆို ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းသူတစ်ယောက်တောင် ထိခိုက်ဒဏ်ရာရသွားတယ်။ အခုကျွန်တော်တို့ ဒီမှာလုပ်ရတဲ့ရည်ရွယ်ချက်က ကျောင်းသားတွေကိုအကြမ်းမဖက်ပါနဲ့။ အခုလက်ပံတန်းမှာရှိတဲ့ သပိတ်မှောက်ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက်(၈)ချက်ရှိတယ်။ အဲတာကို ကျွန်တော်တို့လည်းသဘောတူတယ်။ သပိတ်မှောက်ကျောင်းသားများကို ဝန်းရံထားသူများအား အကြမ်းဖက်ဖြေရှင်းခဲ့ရင် နိုင်ငံတော်အစိုးရမှ တာဝန်ယူဖြေရှင်းဖို့ပြောချင်ပါတယ်။ ကျောင်းသားတွေတောင်းဆိုနေတာက ဒီမိုကရေစီပညာရေးလမ်းကြောင်းသွားနေတယ်။ အဲဒါကြောင့် အပ်နဲ့ထွင်းရမှာကို ပဆိန်နဲ့မပေါက်ချင်ပါနဲ့။ ဒီမိုကရေစီနည်းအတိုင်းအရ ရိုးရိုးသားသားနဲ့ဖြေရှင်းပါ။ မရိုးမသားတဲ့ အကြမ်းဖက်ဖြေရှင်းနည်းနဲ့ မဖြေရှင်းပါနဲ့။ ကျောင်းသားများကို ဒီမိုကရေစီးနည်းအတိုင်း ရိုးရိုးသားသားဖြေရှင်းပါလို့ တောင်းဆိုချင်ပါတယ်" ဟု ကျောင်းသားတစ်ဦးဖြစ်သည့် ကိုဖြိုးဓနကပြောကြားသည်။      ယင်းသို့မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ရာတွင် ကျောက်တံတားမြို့နယ် မြို့မိမြို့ဖဆိုသူတစ်ဦးမှ လာရောက်တားမြစ်မှုများရှိခဲ့ပြီး ဆန္ဒပြနေသည့်ကျောင်းသားများအနီး ရဲကားလေးစီးဖြင့် အဓိကရုန်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် လာရောက်လုံခြုံရေးယူမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ယင်းအပြင် ဆန္ဒထုတ်ဖော်နေသည့်ကျောင်းသားများအား ထောက်ခံကြောင်းကို ကထိကကျောင်းဆရာမတစ်ဦးဖြစ်သည့် စာရေးဆရာမရာသက်ပန် (တောင်ငူဆောင်)က "ကျွန်မလည်း ဖေ့ဘွတ်မှာတွေ့ပါတယ်။ ဘုန်းကြီးတွေ ထိုင်ပြီးတော့ ပရိတ်ရွတ်ပေးတယ်။ ကလေးတွေလည်းဆက်သွားရင် တစ်ခုခုဖြစ်မှာဆိုးတဲ့အတွက်ကြောင့် အဲဒါကို ကျွန်မတို့စောင့်ကြည့်နေပါတယ်လို့ပြောချင်ပါတယ်။ ဒီလိုပြောတဲ့အတွက် ကျွန်မအလုပ်တစ်ခုခုထိခိုက်လည်း ကျွန်မ မကြောက်ပါဘူး။ ကျွန်မပညာရေးဝန်ကြီးဌာနကပါ။ ဒီပညာရေးဌာနဘက်မှာလည်း ရာထူးတိုးတာတို့၊ ပြောင်းရွှေ့တာအစ မတရားတာတွေအများကြီးရှိတယ်။ အဲဒါကြောင့် ဒီကလေးတွေကိုလာအားပေးတယ်။ ထောက်ခံပါတယ်" ဟု လာရောက်၍အားပေးစကားပြောကြားသည်။ထိုနောက် ဆန္ဒပြကျောင်းသားများအနေဖြင့် မြို့တော်ခန်းမမှ ဆူးလေဘုရားအားတစ်ပတ်ပတ်ကာ "အကြမ်းဖက်နှိမ်နှင်းမှု အလိုမရှိ၊ ကျောင်းသားသပိတ်အောင်ရမည်" စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

Most Read

Most Recent