ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းကို သက်ဆိုင်ရာကတားဆီးခြင်းမပြုဘဲ ညှိနှိုင်းဆောင်ရွက်ရန် သပိတ်မှောက်ကျောင်းသားများ သဘောထားထုတ်ပြန်

ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းကို သက်ဆိုင်ရာကတားဆီးခြင်းမပြုဘဲ ညှိနှိုင်းဆောင်ရွက်ရန် သပိတ်မှောက်ကျောင်းသားများ သဘောထားထုတ်ပြန်
Published 3 March 2015
ကြည်နိုင်၊ ရှိုင်းလင်းအောင်

ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းကို သက်ဆိုင်ရာကတားဆီးခြင်းမပြုဘဲ ညှိနှိုင်းဆောင်ရွက်ရန် သပိတ်မှောက်ကျောင်းသားများ သဘောထားထုတ်ပြန်ချက်တစ်ခု မတ် ၃ ရက် ညနေပိုင်းကထုတ်ပြန်ခဲ့သည်။အဆိုပါသဘောထားထုတ်ပြန်မှုနှင့်ပတ်သက်ပြီး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲကို ရဲများနှင့်ထိပ်တိုက်တွေ့နေသည့် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးအနောက်ဖက်ကမ်း တန် ၂၅၀ ဆန်စက်လမ်းတွင်ပင်ပြုလုပ်ခဲ့သည်။အဆိုပါသဘောထားထုတ်ပြန်ချက်တွင် ပင်မသပိတ်စစ်ကြောင်းအနေဖြင့် တောင်းဆိုချက်ရှစ်ချက်တောင်းဆိုထားရာ ယင်းတောင်းဆိုချက်အတွက် လက်ပံတန်းမှ သာယာဝတီ၊ ထိုမှတဆင့် ရန်ကုန်သို့ ငြိမ်းချမ်းစွာအိမ်ပြန်ခရီးကို စတင်နေချိန်တွင် ရဲတပ်ဖွဲ့အင်အားဖြင့် တားဆီးခြင်းများကြုံတွေ့နေရကြောင်း၊ မိမိတို့ခရီးစဉ်သည် လက်နက်မဲ့အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာအိမ်ပြန်နေသောခရီးဖြစ်သည့်အတွက် ဖမ်းဆီးလုပ်ဆောင်ထားခြင်း၊ အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဆက်လက်တားဆီးခြင်းများမပြုလုပ်ဘဲ အဆင်ပြေချောမွေ့စွာ ညှိနှိုင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာအစိုးရသို့ပန်ကြားကြောင်း ဖော်ပြပါရှိသည်။"ကျွန်တော်တို့ကတော့ ညှိနှိုင်းမှုဖြစ်စဉ်မှာ အကောင်းဆုံးနဲ့ ချောမွေစွာနဲ့ ကျွန်တော်တို့လိုလားချက်တွေကို မြင်ချင်တယ်။ ဖြစ်စေချင်တယ်။ ဒါပေမဲ့ အဲ့လိုမဖြစ်ဘူးဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ နောက်မဆုတ်စတမ်း ဒီတိုက်ပွဲကိုဝင်မှာပဲဖြစ်တယ်။ ကျွန်တော်တို့အတွက် ဒါက သိပ်ပြီးထွေထွေထူးထူးမဟုတ်ဘူး။ အားလုံးက သရဏဂုံတင်ထားပြီးသား။ စိတ်ဓာတ်ရေးရာအရလည်းမြင့်မားတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းတဲ့နည်းနဲ့တောင်းဆိုတာ အကြမ်းဖက်တာမဟုတ်ပါဘူး။ ဒါကြောင့် ဒီတိုက်ပွဲဟာတရားတယ်၊ မျှတတယ်လို့မြင်တယ်၊ ယူဆတယ်၊ ယုံကြည်တယ်။ နောက်ဆုံးသွေးတစ်စက်ကျန်တဲ့အထိ ဒီနေရာမှာဆက်တိုက်သွားမယ်" ဟု အဆိုပါသပိတ်စစ်ကြောင်းတွင် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လက်ပံတန်းမြို့တွင် ရောက်ရှိနေသော ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ထိုင်သပိတ်ဆင်နွှဲနေသော သပိတ်မှောက်ကျောင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို မတ် ၃ ရက် ည ၁၀:၃၀ နာရီခန့်က တွေ့ရစဉ်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှဦးဆောင်ပြီး အမျိုးသားပညာရေးဥပဒေကို ပြုပြင်ပြောင်းလဲပေးရန်ရည်ရွယ်ပြီး တောင်းဆိုသပိတ်မှောက်နေကြသော ဒီမိုကရေစီပညာရေးပင်မသပိတ်မှောက်စစ်ကြောင်းသည် လက်ပံတန်းမြို့တွင် စခန်းချနေရာမှ မတ် ၃ ရက်မှစတင်ကာ သာယာဝတီသို့ ပြန်လည်ချီတက်ရန် ခရီးစဉ်စတင်ခဲ့ခြင်းဖြစ်သည်။ယင်းသို့ချီတက်စဉ် လက်ပံတန်းမြို့ ကျွန်းကလေးအနောက်ဖက်ကမ်း တန် ၂၅၀ ဆန်စက်လမ်းထိပ်အရောက်တွင် ရဲတပ်ဖွဲ့ဝင်အင်အားသုံးရာကျော်မှ ဆက်လက်ထွက်ခွာခြင်းမပြုရန် ပိတ်ဆို့တားဆီးခဲ့ရာ ကျောင်းသားသပိတ်သည် အဆိုပါနေရာတွင် ထိုင်သပိတ်ဆင်နွဲပြီး အစာငတ်ခံဆန္ဒပြမှုများ ယခုအချိန်ထိပြုလုပ်နေဆဲဖြစ်သည်။ထိုကဲ့သို့ ကျောင်းသားများနှင့် ရဲများ ထိပ်တိုက်ပဋိပက္ခများဖြစ်ပွားမှုကြောင့် ကျောင်းသူတစ်ဦး နံပါတ်တုတ်နှင့်အရိုက်ခံရပြီး နေပူထဲတွင် အစာငတ်ခံဆန္ဒပြမှုကြောင့် ကျောင်းသူတစ်ဦးနှင့် သပိတ်အားဝန်းရံသော အမျိုးသားတစ်ဦးမူးလဲခဲ့ကြောင်း သိရသည်။ထို့ပြင် ကျောင်းသားများထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်တွင် မိဘပြည်သူများအားလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲများအတွက် စိုးရိမ်ပူပန်မှုလျော့ကျစေရန်လည်းကောင်း၊ လွှတ်တော်အတွင်း အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်မူသည် မူကြမ်းအားအတည်ပြုပေးသည့် လုပ်ငန်းစဉ်များကို စောင့်ကြည့်နိုင်ရန်အတွက်လည်းကောင်း၊ မိမိတို့သပိတ်ကို စောင့်ကြည့်သပိတ်လုပ်ငန်းစဉ်အဖြစ် ပုံသဏ္ဌန်ပြောင်းလဲရန် ရည်ရွယ်ပြီး တောင်းဆိုချက်ရှစ်ချက်ကို တောင်းဆိုခဲ့ကြောင်း ဖော်ပြပါရှိသည်။ဆက်လက်ပြီး သက်ဆိုင်ရာမှ ကျောင်းသားများအား ထိုင်သပိတ်ဆင်နွဲခြင်းအား နံနက် ၁၀ နာရီခွဲမှစတင်ကာ ခြောက်နာရီအတွင်းဖယ်ရှားပေးရန်ကြေညာခဲ့ပြီး မဖယ်ရှားပေးပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

မတ် ၃ ရက် ညနေပိုင်း၌ သပိတ်မှောက်ကျောင်းသားများက သဘောထားထုတ်ပြန်ရှင်းလင်းနေစဉ်သို့သော် သက်ဆိုင်ရာမှ ကြေညာထားသောအချိန်ကျော်လွန်သွားသော်လည်း ကျောင်းသားများနှင့် ရဲများမှာ တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်တွေ့သည့်အနေအထားမှ အခြားအနေများသို့ ညနေ ၇ နာရီခွဲခန့်အထိမရောက်ရှိသေးကြောင်း နောက်ဆုံးသိရသည်။ယင်းနှင့်ပက်သက်ပြီး ကိုကျော်ကိုကိုက "အချိန်ပြည့်နေတဲ့အချိန်မှာ အင်အားသုံးမဖြိုခွဲဘူးဆိုတာ ညှိနှိုင်းလုပ်ငန်းစဉ်မပြီးသေးဘူးလို့ ကျွန်တော်မြင်တယ်။ ဘာညှိနှိုင်းမှုဖြစ်စဉ်မရှိသေးတဲ့အတွက် ဘာဆုံးဖြတ်ချက်မှ အထက်ကမကျသေးတဲ့အတွက် သူတို့မှာ ဆက်လုပ်စရာမရှိသေးတာလို့မြင်တယ်။ ဒါပေမဲ့ ကျွန်တော်မြင်တာက အဆုံးစွန်သောလုပ်ပိုင်ခွင့်အာဏာ သူတို့မှာရှိတယ်။ အဲဒီအာဏာကိုအသုံးပြုပြီးတော့ အကြမ်းဖက်မှုတွေ လုပ်ကောင်းလုပ်သွားနိုင်ပါတယ်လို့မြင်တယ်။ ကျွန်တော်တို့အနေနဲ့ ပေါ့ပေါ့လျော့တွက်လို့မရပါဘူး" ဟု မီဒီယာများသို့ဖြေကြားခဲ့သည်။ထို့ပြင် ပင်မကျောင်းသားသပိတ်မှ ကိုနန္ဒစစ်အောင်တို့နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းတို့ မတ် ၃ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပြီး ယင်းဆွေးနွေးမူတွင် ရဲများအနေဖြင့် သပိတ်စစ်ကြောင်းအား မတ် ၃ ရက်တွင် ဖြိုခွင်းမည်မဟုတ်ကြောင်းနှင့် ကျောင်းသားများအနေဖြင့်လည်း ရှေ့ဆက်မတိုးရန် သဘောတူညီမှုရခဲ့သည်ဟု  သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးကပြောကြားခဲ့ကြောင်း ကနဦးသိရသည်။မတ် ၃ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လက်ပံတန်းမြို့ရှိ သံဃာတော်အချို့မှ သပိတ်မှောက်ကျောင်းသားများထံလာရောက်ပြီး အောင်မြေဗိမာန်ကျောင်းသို့ပြန်၍ စဉ်းစားမှုပြုလုပ်ရန် မေတ္တာရပ်ခံမိန့်ကြားခဲ့ကြောင်း သပိတ်မှောက်ကျောင်းသားများဘက်မှ ပြန်လည်လျှောက်ထားမှုများပြုလုပ်ခဲ့ကြောင်း အဆိုပါသံဃာတော်များနှင့် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်အချို့သည် အောင်မြေဗိမာန်ကျောင်းတွင် ဆွေးနွေးခဲ့ကြောင်း သပိတ်မှောက်ကျောင်းသားများသည် ရဲတပ်ဖွဲ့မှတားဆီးထားသည့်နေရာတွင် ထိုင်သပိတ်ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ  ထိုင်သပိတ်ဆင်နွှဲနေသော  သပိတ်မှောက်ကျောင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို မတ် ၃ ရက် ည ၁၁ း ၃၀ နာရီခန့်က  တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းတွင် နယ်ပယ်ပေါင်းစုံမှလိုက်ပါစောင့်ရှောက်နေသောသံဃာတော်များမှလည်း သဘောထားကြေညာချက်တစ်ရပ်ကို မတ် ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။အဆိုပါကြေညာချက်အကျဉ်းချုပ်မှာ သပိတ်မှောက်ကျောင်းသားများတောင်းဆိုနေသော ဒီမိုကရေစီပညာရေးအပြည့်အဝရရန်နှင့် မလိုလားအပ်သောပြဿနာများမဖြစ်ပွားစေရန် လိုက်ပါကူညီခြင်းဖြစ်ကြောင်း၊ အစိုးရမှကတိပြုထားသည့်အတိုင်း အသိအမှတ်ပြုရန်နှင့် သပိတ်မှောက်ကျောင်းသားများအား အကြမ်းမဖက်ရန်တောင်းဆိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အင်အားသုံးတားဆီးခြင်းအပါအဝင် နိုင်ငံပိုင်မီဒီယာများမှ ကျောင်းသားများအပေါ် အထင်အမြင်လွဲမှားစေနိုင်သည့်ကိစ္စများ မပြုလုပ်ရန်နှင့် ဒီမိုကရေစီပညာရေးတောင်းဆိုနေသော ကျောင်းသားကျောင်းသူများသည် ကိုယ်ကျိုးအတွက်မဟုတ်ဘဲ နိုင်ငံ၏ အရေးကြီးသောပညာရေးအတွက် တောင်းဆိုခြင်းဖြစ်၍ ရဟန်းရှင်လူပြည်သူများကူညီပေးရန် တောင်းဆိုကြောင်းတို့ပါဝင်ကြောင်း သိရသည်။မတ် ၃ ရက်၌ပင် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းတွင်လိုက်ပါလာသည့် သံဃာတော်များမှ အစာငတ်ခံဆန္ဒပြမည်ဟုကြေညာခဲ့ပြီး ကျောင်းသားများမှလည်း ရဲတပ်ဖွဲ့မှအတားအဆီးများကို ဖယ်ရှားခြင်းမရှိပါက အားလုံးသဘောတူညီချက်ဖြင့် အစာငတ်ခံဆန္ဒပြမည်ဟု ကြေညာခဲ့သည်။
မတ် ၃ ရက် ည ၁၁ နာရီခွဲအထိ ရရှိ သော သတင်းများအရ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် ထိုင်သပိတ်အဖြစ် အဆာငတ်ခံ ဆန္ဒပြနေသော ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများသည် ၎င်းင်းတို့၏ နေရာတွင် ဆက်လက်ရှိနေသလို ပိတ်ဆို့တားဆီး ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း အဆိုပါနေရာတွင် ပိတ်ဆို့ထားကြောင်းသိရ ပြီး အခြေအနေမှာ တည်ငြိမ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
 

Most Read

Most Recent