နိုင်ငံ၏စီးပွားရေးလိုငွေပြနေမှုနှင့် ငွေကြေးဖောင်းပွမှုရှိနေခြင်းကိုလျှော့ချရန် အခွန်ရရှိမှုအား မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး တရားမဝင်တင်သွင်းမှုများကို ထိရောက်စွာတားဆီးရန်လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ်ပြောကြား

နိုင်ငံ၏စီးပွားရေးလိုငွေပြနေမှုနှင့် ငွေကြေးဖောင်းပွမှုရှိနေခြင်းကိုလျှော့ချရန် အခွန်ရရှိမှုအား မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး တရားမဝင်တင်သွင်းမှုများကို ထိရောက်စွာတားဆီးရန်လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ်ပြောကြား
Published 3 March 2015

နိုင်ငံ၏စီးပွားရေးလိုငွေပြနေမှုနှင့် ငွေကြေးဖောင်းပွမှုရှိနေခြင်းကိုလျှော့ချရန် အခွန်ရရှိမှုအား မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး တရားမဝင်တင်သွင်းမှုများကို ထိရောက်စွာတားဆီးရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်ဦးက နေပြည်တော်တွင်ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။"ဘဏ္ဍာရေးစနစ်ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်၏စီးပွားရေးလိုငွေပြနေမှုနှင့် ငွေကြေးဖောင်းပွမှုရှိနေခြင်းကိုလျှော့ချရန်အတွက် အခွန်ရရှိမှုမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ရာ ၎င်းကိစ္စအတွက် အခွန်နှုန်းထားတိုးမြှင့်ခြင်း သို့မဟုတ် Tax Base ချဲ့ထွင်ခြင်းများ  ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အခွန်နှုန်းထားတိုးမြှင့်ခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်းတွေ့ရှိရပါတယ်။ ၎င်းအပြင် အခွန်နှုန်းထားမြှင့်တင်ခြင်းနဲ့အတူ ဖြစ်ပေါ်လာနိုင်သော တရားမဝင်တင်သွင်းမှုများကို ထိရောက်စွာတားဆီးရန်လိုအပ်ကြောင်း တွေ့ရှိရပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကပြောကြားသည်။အိမ်နီးချင်းနိုင်ငံကြီးအချို့၌ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်လာခြင်းကြောင့် မိမိနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလျှော့ချလာခြင်းနှင့် ငွေကြေးလည်ပတ်မှုအခက်အခဲဖြစ်လာနိုင်သည့် အခြေအနေများကြောင့် ပုဂ္ဂလိကဘဏ်အချို့အပေါ် နိုင်ငံသားများ၏ ယုံကြည်မှုကျဆင်းမသွားစေရေး စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း ဦးတင်မောင်ဦးကဆိုသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍတွင် နိုင်ငံတစ်နိုင်ငံတည်းကိုသာ မှီခိုအားထားရခြင်းမဖြစ်စေဘဲ စီးပွားရေးဆက်သွယ်ဆောင်ရွက်နိုင်သော နိုင်ငံများစွာနှင့် ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။"စက်ပစ္စည်းများဝယ်ယူခြင်းနဲ့ပတ်သက်လို့ မူဝါဒချမှတ်ရာမှာ နိုင်ငံတကာအဆင့်မီဖို့၊ ပြည့်စုံကောင်းမွန်ဖို့လိုအပ်တာမှန်သလို နိုင်ငံတော်ရဲ့ လက်ရှိစီးပွားရေးအခြေအနေနဲ့ ပြည်သူလူထုရဲ့ လူနေမှုဘဝအခြေအနေမှန်တွေကို ထည့်သွင်းစဉ်းစားပြီး အမှန်တကယ်မဖြစ်မနေလိုအပ်ပြီး ဈေးနှုန်းသင့်တင့်မျှတတဲ့ စက်ပစ္စည်းတွေကိုသာ တစ်ဆင့်ပြီးတစ်ဆင့်ဖြင့် ဖြည့်တင်းဝယ်ယူတဲ့မူဝါဒကို ချမှတ်ဖို့လိုပါတယ်။ နိုင်ငံတကာမှာ စက်ပစ္စည်းများဝယ်ယူခြင်းနဲ့ပတ်သက်လို့ လွှတ်တော်ကို ကြိုတင်တင်ပြဆွေးနွေးပြီး အကျင့်ပျက်ခြစားမှုပပျောက်စေတဲ့ (Procurement Law) နဲ့အညီ ဆောင်ရွက်ကြတဲ့အတွက် ဥပဒေအမြန်ဆုံးထုတ်ပြန်ပြီး ဥပဒေနဲ့အညီဆောင်ရွက်ကြဖို့လိုပါတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက အကြံပြုတိုက်တွန်းထားသည်။

Most Read

Most Recent