ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၅၀၀၀ ကျော်ခန့်ထားရန်လျာထားပြီး လူဦးရေနှင့် ဆရာဝန်အချိုးမှာ တိုးတက်လာခြင်းမရှိသေးကြောင်း ပြည်ထောင်စုလွှတ်တော် ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းများ စိစစ်ရေးပူးပေါင်းကော်မတီ၏အစီရင်ခံစာတွင် သုံးသပ်တင်ပြထားသည်။အဆိုပါပူးပေါင်းကော်မတီ၏အစီရင်ခံစာတွင် လူဦးရေနှင့် ဆရာဝန်အချိုးမှာ သုံးနှစ်ဆက်တိုက်တိုးတက်လာခြင်းမရှိသည့်အတွက် စီမံကိန်းများ၊ လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ ကျန်းမာရေးအသုံးစရိတ်များကို ဝန်ကြီးဌာနမှလျာထားရာတွင် လိုအပ်ချက်ကိုဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို ထည့်သွင်းရေးဆွဲကာ တိုးမြှင့်သုံးစွဲရန်လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။လက်ရှိတွင် လူဦးရေနှင့် ဆရာဝန်အချိုးမှာ လူဦးရေ ၁၀၀၀ လျှင် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၀ ဒသမ ၆၊ ၂၀၁၄-၂၀၁၅ ခုနှစ် တွင် ၀ ဒသမ ၇၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၀ ဒသမ ၇ လျာထားသည်ကိုတွေ့ရကြောင်း၊ တစ်နှစ်အောက် ကလေးသေဆုံးနှုန်း ၃၅ ဦးရှိခဲ့ရာမှ ၃၂ ဒသမ ၇ ဦးသို့လည်းကောင်း၊ ငါးနှစ်အောက်ကလေး သေဆုံးနှုန်း ၂၇ ဒသမ ၂ မှ ၂၆ ဦးသို့လည်းကောင်း၊ သားဖွားမိခင်သေဆုံးနှုန်း ၁၄၆ ဦးရှိရာမှ ၁၃၀ ဦးသို့လည်းကောင်း လျှော့ချနိုင်ရန် ကျွမ်းကျင်ဝန်ထမ်းနှင့် မွေးဖွားမှုနှုန်းကို ၇၇ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ အထိ တိုးတက်ရန်ရည်မှန်းထားသည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ကျန်းမာရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၃၅၀ ဘီလျံလျာထားကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၇၀ ဘီလျံသာသုံးစွဲခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပါဝင်မှုအချိုးအနေဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၆ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက်တိုးတက်လာကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျပ် ၇၉ ဘီလျံ တိုးတက်လာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကျန်းမာရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းတွင် ဆောင်ရွက်ဆဲလုပ်ငန်း၊ ဖြည့်စွက်လုပ်ငန်းနှင့် လုပ်ငန်းသစ်များ စုစုပေါင်း ၁၂၆၈ ခုရှိကြောင်း၊ အဆိုပါလုပ်ငန်းများတွင် လွှတ်တော်၌ ကတိကဝတ်ဖြစ်ခဲ့သည့်လုပ်ငန်းများ ထပ်မံဖြည့်စွက်ရန်လိုအပ်သည့်လုပ်ငန်းများ ကျန်ရှိနေကြောင်းဖော်ပြထားသည်။လုပ်ငန်းစီမံကိန်းအနေဖြင့် (လုပ်ငန်းသစ်) ကုသရေး ၄၆ ခု၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်း ၁၂၄ ခု၊ ထပ်မံဖြည့်စွက်မည့် ဆောင်ရွက်ဆဲစီမံကိန်းသုံးခု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းစီမံကိန်းသစ်တစ်ခု စုစုပေါင်း ၁၇၄ ခုအတွက် ကျပ်သန်း ၂၇၀၀၀ ခန့်လိုအပ်မည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းစီမံကိန်းများအတွက် ဆောလျင်စွာ တင်ဒါခေါ်ယူနိုင်ရန်နှင့် သတ်မှတ်အချိန်ပြီးစီးရန် ကြီးကြပ်သွားရန်လိုကြောင်း ကော်မတီ၏အစီရင်ခံတွင် ဖော်ပြထားသည်။ထို့အပြင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် မြို့နယ်တိုင်းရင်းဆေးကုဌာနတိုးချဲ့ဖွင့်လှစ်ရန်၊ နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံတည်ဆောက်ရန် လျာထားသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်စီမံကိန်းဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်၊ ဆေးဝါးနှင့် ဆေးဘက်ပညာရှင်များ စုစုပေါင်း ၃၁၅၁ ဦး၊ သူနာပြုဦးရေ ၁၃၀၀၊ အခြေခံကျန်းမာရေးဝန်ထမ်းဦးရေ ၂၄၄၀ လေ့ကျင့်မွေးထုတ်ရန် လျာထားကြောင်းသိရသည်။ထို့ပြင် ပြည်သူ့ဆေးရုံများတွင်တိုးချဲ့ လူနာဆောင်များ၊ OT Complex Imaging Complex နှင့် CT Scan ထားရှိနိုင်ရန်၊ လားရှိုးနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အဆင့်တိုးမြှင့်ရန်၊ အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများအရည်အသွေးပြည့်မီ၍ အန္တရာယ်ကင်းရှင်းရန်အတွက် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနများကို ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ဆဲလုပ်ငန်း ၅၂၅ ခု၊ ဖြည့်စွက်လုပ်ငန်း ၁၅၂ ခုနှင့် လုပ်ငန်းသစ် ၅၉၆ ခုဆောင်ရွက်ရန်ရည်မှန်းထားကြောင်း လွှတ်တော်ပူးပေါင်းကော်မတီ၏အစီရင်ခံစာအရ သိရသည်။
ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၅၀၀၀ ကျော်ခန့်ထားရန်လျာထားပြီး လူဦးရေနှင့်ဆရာဝန်အချိုး တိုးတက်လာခြင်းမရှိသေးကြောင်း လွှတ်တော်ကော်မတီသုံးသပ်