စိမ်းရောင်စို တောင်ညို မမှိုင်းတော့ပြီ

စိမ်းရောင်စို တောင်ညို မမှိုင်းတော့ပြီ
Published 3 March 2015
တက္ကသိုလ်မိုးဝါ

အရောင်များနှင့် ပတ်သက်လာလျှင် စိတ်ပညာရှုထောင့်မှ လေ့လာသုံးသပ်ခြင်းဖြင့် လူ၏ သဘောသဘာဝ စိတ်နေစိတ်ထားကို အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည် ထင်သည်။ ဥပမာအားဖြင့် အနီရောင်သည် စွမ်းအင်ပြည့်ဝမှု၊ စိတ်အားထက်သန်မှု၊ လှုပ်ရှားတက်ကြွမှု၊ ရည်မှန်းချက်ရှိမှု၊ မဖြစ်မနေ လုပ်ဆောင်တတ်မှု စသည့် လက္ခဏာရပ်တို့ကို ဖော်ဆောင်ကြောင်း တွေ့ရသည်။ အပြာရောင်သည် ယုံကြည်မှု၊ ငြိမ်းချမ်းမှုနှင့်အတူ သစ္စာရှိမှု၊ သိက္ခာရှိမှု၊ ရှေးရိုးစွဲစွဲမှု၊ အေးစက်စက်နိုင်မှု စသည့် လက္ခဏာများအား ဖော်ပြနေကြောင်း တွေ့ရမည်။ အဝါရောင်မှာမူ ဉာဏ်ပညာပြည့်ဝမှု၊ အကောင်းမြင်မှု၊ ရွှင်ပျစွာ နေထိုင်မှုစသဖြင့် ညွှန်းဆိုနေသည့်ပြင် စိတ်မရှည်ခြင်း၊ ဝေဖန်တတ်ခြင်းနှင့် သူရဲဘောကြောင်ခြင်းတို့ကိုလည်း ဖော်ပြနေသေးသည်။
 
အစိမ်းရောင်မှာ တည်ငြိမ်မျှတမှု၊ ဖွံ့ဖြိုးမှု ဖြစ်သည်သာမက အပေါင်းလက္ခဏာဘက်မှ ကြည့်လျှင် မိမိကိုယ်ကို မှီခိုအားထားမှု၊ အနုတ်လက္ခဏာ ရှုထောင့်မှကြည့်လျှင် အရာရာအား ပိုင်စိုးလိုမှု စသဖြင့် အဓိပ္ပာယ်ကောက်ယူနိုင်သည်။  အသစ်အသစ်လဲခြင်း၊ အသစ် ပြန်လည် မွေးဖွားခြင်းတို့သည်လည်း အစိမ်းရောင်၏ လက္ခဏာရပ်များ ဖြစ်သည်။  
 
အစိမ်းရောင်သည် ယခုအခါ အရောင်တစ်ခုအနေဖြင့် သက်သက်မျှသာ မဟုတ်တော့ဘဲ တောတောင်ရေမြေ၊ အပင်၊ သတ္တဝါဆိုင်ရာ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးနှင့် သက်ဆိုင်သော အသုံးအနှုန်း အရောင်တစ်ခု ဖြစ်နေပြီ။  ပတ်ဝန်းကျင်ဂေဟစနစ် တစ်ခုလုံး၏ အခြေအနေ ဖော်ညွှန်းကိုယ်စားပြုသည့် သင်္ကေတဖြစ်နေပြီ။
 
 ကမ္ဘာကြီး ပူနွေးလာမှုသည် တောတောင် သစ်ပင် ဖြိုလှဲခုတ်ထွင်မှုနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း လူအများ သိပြီးဖြစ်ပေလိမ့်မည်။  သစ်ပင်များ ရှင်းလင်းခုတ်ထွင်မှု များပြားလာလေ ကမ္ဘာကြီး၏ အပူချိန်သည် တိုးမြင့်လာလေ ဖြစ်သောကြောင့် တိုးတက်သော နိုင်ငံများ၌ အဓိကတရားခံဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးပမ်းလျက်ရှိသည်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာသည့် လူသားအပေါ် သက်ရောက်မည့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် အခြားဆိုးကျိုးများအား ကာကွယ်ရန်မှာ မိမိတို့တာဝန်ဖြစ်သည်ဟု တာဝန်တစ်ရပ်အနေဖြင့် ခံယူထားသော နိုင်ငံတို့က နေရာတိုင်း ဖြစ်စဉ်တိုင်းတွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ရန် အပြင်းအထန် ကြိုးပမ်းနေကြ၏။ ယင်းကို အစိမ်းရောင်စီမံကိန်း (Green Project)  ဟုခေါ်သည်။
 
ဤဆောင်းပါးတွင် အစိမ်းရောင်စီမံကိန်း အမျိုးမျိုးအနက် အစိမ်းရောင်အဆောက်အအုံ ဆောက်လုပ်မှု သို့မဟုတ် တာရှည်တည်တံ့မှုရှိမည့် တိုက်တာတည်ဆောက်မှုအကြောင်း တင်ပြမည်ဖြစ်ပါသည်။  ဤအစိမ်းရောင် အဆောက်အအုံစီမံကိန်းမှာ မြန်မာနိုင်ငံနှင့် လုံဝမ သက်ဆိုင်၊ လွန်စွာ အလှမ်းဝေးနေသေးသော စီမံကိန်းမျိုးဖြစ်သည်။ အစိမ်းရောင်တိုက်တာများ ဆောက်လုပ်ရန် အိပ်မက်ပင် မက်နိုင်ဦးမည် မဟုတ်သေး။
 
အစိမ်းရောင် အဆောက်အအုံ ဆောက်လုပ်ခြင်း၏ ယေဘုယျ ရည်ရွယ်ချက်မှာ စွမ်းအင်၊ ရေနှင့် အခြားအရင်းအမြစ်တို့အား ထိရောက်စွာ အသုံးပြုခြင်း၊ နေထိုင်သူ၏ ကျန်းမာရေးအဆင့်နှင့် အလုပ်သမား ကုန်ထုတ်လုပ်မှု မြင့်မားစေခြင်း၊ စွန့်ပစ်အမှိုက်လျှော့ချခြင်း၊ လေထုညစ်ညမ်းမှု လျှော့ချခြင်းနှင့် ပတ်ဝန်းကျင်အရည်အသွေး အခြေအနေမြင့်မားလာစေခြင်း၊ ကာဗွန်ခြေရာ လျော့ကျစေခြင်းစသည်တို့ ဖြစ်သည်။ အစိမ်းရောင် အဆောက်အအုံတည်ဆောက်ရာ၌ ဒီဇိုင်းရေးဆွဲရေးအဖွဲ့ ဗိသုကာများ၊ အင်ဂျင်နီယာများ နှင့်တကွ အလုပ်အပ်နှံသူတို့အားလုံး စီမံကိန်းအဆင့်တိုင်းတွင် အမြဲတစေ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။
 
အစိမ်းရောင် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းသည် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချရန် ရည်ရွယ်သည့် လုပ်ငန်းဖြစ်သည်။ ဆိုလိုသည်မှာ အဆောက်အအုံ ဆောက်လုပ်ရာတွင် ပြန်ပြည့်မြဲအရင်းအမြစ်များ (Renewable Resources)  ကို အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်အား မထိခိုက်စေရေးဟူသော ရည်ရွယ်ချက်ဖြစ်သည်။  သာဓကအားဖြင့် နေရောင်ခြည်ကို ဖိုတိုဗို့လ်တိတ် (Photovoltaic) ကိရိယာအား ထိတွေ့ ဖြတ်သန်းစေခြင်း၊ တိုက်တာ အမိုးပြားပေါ် သစ်ပင်များ၊ အပင်ငယ်များ ပျိုးစိုက်ထားခြင်း၊ မိုးဥယျာဉ် (Rain Garden)  များ စီမံပြုလုပ်ပေးခြင်း စသည်ဖြင့် ဆောင်ရွက်ရန်လိုသည်။ (မိုးဥယျာဉ်ဆိုသည်မှာ အပင်များ စိုက်ပျိုးထားခြင်းဖြင့် ကျလာသမျှသော မိုးရေသန့်များအား စုစည်းကာ မြေကြီးထဲသို့ သတ်သတ်မှတ်မှတ် စိမ့်ဝင်သွားစေရန် ပြုလုပ်ခြင်း ဖြစ်၏။  
ထိုသို့မဟုတ်ပါက သန့်ရှင်းသော မိုးရေသည် အခြားနေရာများသို့ စီးလိုရာစီးမျောသွားလျှင် အမှိုက်သရိုက်များနှင့် ရောနှောကာ ရေထုညစ်ညမ်းမှုကို ဖြစ်စေမည် ဖြစ်သည်)။
 
ထို့ပြင် ကွန်ကရစ် သို့မဟုတ် နိုင်လွန်ကတ္တရာ သုံးမည့်အစား ကျောက်စရစ် သို့မဟုတ် လေပေါက်ပါ ကွန်ကရစ်တုံးများ သုံးခြင်းဖြင့် မြေပေါ်ရှိ ရေကို ညစ်ညမ်းစေခြင်းမှ ကာကွယ်ပေးမည် ဖြစ်သည်။
 
ပတ်ဝန်းကျင် ညစ်ညမ်းထိခိုက်မှု မဖြစ်စေရန်နှင့် လူ၏ ကျန်းမာရေး အဆင့်မြှင့်တင်ရန်အတွက် နည်းစနစ်များ၊ အခြေခံမူများ၊ လုပ်ထုံးလုပ်နည်း များစွာရှိသည့်အနက် အဆောက်အအုံမြေကွက် ရွေးချယ်၍ ဒီဇိုင်းစွမ်းရည် (Design Efficiency) အပါအဝင် လျှပ်စစ်စွမ်းအင် စွမ်းရည်၊ ရေစွမ်းရည်၊ အသုံးပြုသည့် တည်ဆောက်ပစ္စည်းစွမ်းရည် စသည်တို့မှာ အရေးပါလှသည်သာမက အဆောက်အအုံကို ထိန်းသိမ်းခြင်းနှင့် စွန့်ပစ်ပစ္စည်းနှင့် အဆိပ်အတောက်ပစ္စည်းများ လျော့ကျစေရန် ဆောင်ရွက်ခြင်းတို့သည်လည်း အရေးကြီးသည်။
 
ဤနေရာတွင် စင်ကာပူနိုင်ငံ မြို့လယ်ကောင် အော့ချတ် (Orchard)  လမ်းမကြီးရှိ ၂ဝဝဝ ပြည့်နှစ်၏ သည်ဘက်ပိုင်းတွင်မှ ဆောက်လုပ်ပြီးစီးခဲ့သည့် အစိမ်းရောင်  313 @Somerset  ရှော့ပင်းမောလ် အဆောက်အအုံကြီးအကြောင်း အကျဉ်းမျှရေးပါမည်။  အဆိုပါ ရှစ်ထပ် အဆောက်အအုံကြီးအား ကြည့်လျှင် သာမန်သာဖြစ်သည်ဟု ယူဆရသော်လည်း လူအများ မမြင်နိုင်သော သွင်ပြင်လက္ခဏာများစွာ ပါဝင်အောင် တည်ဆောက်ထားသည့် အဆောက်အအုံတစ်ခု ဖြစ်နေသည်ကို တွေ့ရမည်။ ခေါင်ပေါ်၌ နေ၏ အလင်းရောင်ဝင်နိုင်ရန် စီမံထားခြင်း၊ ဆိုလာပြားများ တပ်ဆင်ထားခြင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု သက်သာသော ဓာတ်လှေကား၊ စက်လှေကားများ တပ်ဆင်ထားခြင်း၊ စွမ်းရည်အလွန်တရာ မြင့်သည့် လေအေးစက် ကိရိယာများ အသုံးပြုခြင်း၊ အဆောက်အအုံ၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို တိုင်းတာသော ကွန်ပျူတာဆော့ဖ်ဝဲများသုံးခြင်း စသည့် အစီအမံတို့မှာ အစိမ်းရောင်အဆောက်အအုံတစ်ခု၏ သွင်ပြင်လက္ခဏာများ ဖြစ်သည်။
 
အော့ချတ်လမ်း၏ အခြားတစ်ဖက်၌  Parkroyal on Pickering  အမည်ရှိဟိုတယ်မှာ အစိမ်းရောင်အဆောက်အအုံများဆိုင်ရာ စီမံကိန်းများအနက် လတ်တလော ဆောက်လုပ်ပြီးစီးထားမှုတစ်ခု ဖြစ်သည်။ 
 
ယင်းဟိုတယ်၏ အနုပညာမြောက်မျက်နှာစာတွင် အဆင့်ဆင့်အလွှာလိုက် စိုက်ပျိုးထားသော အပူပိုင်းဒေသ အပင်မျိုးစုံနှင့် နွယ်ပင်များကို မြင်တွေ့ရမည်။  မိုးရေစုသိမ်း ကိရိယာများ၊ လျှပ်စစ်မီးရောင် အာရုံခံကိရိယာများ၊ ပြင်ပအပူကို ဟန့်တားကာကွယ်သည့် အထူးပြု ပြတင်းမှန်များ စသည်တို့ကိုလည်း မြင်တွေ့ရမည်။ ရှေ့ပေါက်မှ ဝင်ရောက်သွားသူတစ်ဦးအဖို့ စွတ်စို စိမ်းလန်းသောသစ်တောတစ်ခုတွင်းသို့ ရောက်သွားသကဲ့သို့ ခံစားစေရမည်။
 
တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတို့၏ လူသားအကျိုးပြု အဆင့်မြင့်နည်းပညာကို အားကျနေရုံနှင့် မပြီးပါ။ မိမိနိုင်ငံတွင် လူသားအကျိုးပြုသည့် ဤနည်းပညာတို့ကို မည်သို့အသုံးချမည်ဆိုသည်ကို စဉ်းစားတွေးဆနေရုံနှင့် မပြီးပါ။ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်မှု၊ ဘဏ္ဍာငွေ မှန်ကန် ထိရောက်စွာ ခွဲဝေသုံးစွဲမှု၊ ဥပဒေ စည်းမျဉ်းစည်းကမ်း လိုက်နာဆောင်ရွက်မှု စသည့် သူတို့၏ လက်တွေ့လုပ်ဆောင်ချက်ကိုလည်း အတုယူ အားကျ လေ့လာရန် လိုသည်။
 
လူသားအကျိုးအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းမှ ထိန်းသိမ်းရန် ကြိုးပမ်းနေကြသော နိုင်ငံတို့အား အစိမ်းရောင်နိုင်ငံဟု ခေါ်ဆိုရန် စိတ်အတွေးထဲ၌ ဆုံးဖြတ်ချက်ချမိသည်။ ဤနိုင်ငံအတွက်မူကား မည်သည့်အရောင်ရွေး၍ သရုပ်ဖော်ရန် သင့်မည်နည်း။  အိပ်မက်မှ ရုတ်တရက်နိုးထသောအခါ အတွေးအိပ်မက်တွင် ပေါ်လာသောအရောင်သည် မတည်တံ့ဘဲ မှုန်ဝါးပျောက်ပျက် သွားလေ၏။

Most Read

Most Recent