အိန္ဒိယ EXIM Bank ချေးငွေဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ကွက်ပေါင်း ငါးသောင်းကျော် ဖော်ထုတ်မည်

အိန္ဒိယ EXIM Bank ချေးငွေဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ကွက်ပေါင်း ငါးသောင်းကျော် ဖော်ထုတ်မည်
Published 2 March 2015
နေရိုင်း၊ ကျော်မျိုး

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် စက်မှုလယ်ယာစနစ်ကျ လယ်ကွက် ဧက ၃ဝ,ဝဝဝ ကျော်နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဧက ၂ဝ,ဝဝဝ ကျော်အား အိန္ဒိယ EXIM Bank ချေးငွေဖြင့် တိုးချဲ့ဖော်ထုတ်သွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။အိန္ဒိယချေးငွေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နေပြည်တော်နှင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ကရင်၊ မွန်စသည့် ပြည်နယ်တိုင်းဒေသကြီးများ၌ ဆည်ရေသောက်စီမံကိန်းရှိသည့် နေရာများတွင် ဖော်ထုတ်သွားမည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။ရှေးရိုးလယ်ယာကွက်များအား စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်နှင့် သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရန် ကုန်ထုတ်လမ်း၊ ရေပေးမြောင်းများ ပါဝင်သည့် စနစ်ကျ ဟက်တာလယ်ကွက် ဖော်ထုတ်ခြင်းများကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အထိ နေပြည်တော် အပါအဝင် ပြည်နယ်တိုင်းဒေသကြီးတို့တွင် ဧက ၅ဝ,ဝဝဝ ကျော် ဖော်ထုတ်ခဲ့ပြီး ဝန်ကြီးဌာနဘတ်ဂျက်၊ ပြည်ပချေးငွေ၊ နိုင်ငံတကာ အကူအညီများဖြင့် ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။“ဝန်ကြီးဌာန ဘတ်ဂျက်နဲ့ ဧက ၅ဝဝဝ ကျော်လုပ်ဖို့ ရှိပါတယ်။ နောက် IFAD (International Fund Of Agriculture Development) အကူအညီနဲ့လည်း ဧက ၁ဝ,ဝဝဝ ဖော်ထုတ်ဖို့ရှိပြီး ၂ဝ၁၅-၂ဝ၁၆ မှာ ဧက ၄,ဝဝဝ လောက် စလုပ်ဖို့ ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။အဆိုပါ စနစ်ကျဟက်တာကွက်များ ဖော်ထုတ်ခြင်းအတွက် တစ်ဧကလျှင် ကျပ်ငါးသိန်းခွဲခန့် ကုန်ကျကြောင်း၊ ယခုကဲ့သို့ စီမံကိန်းတွင် ပါဝင်ခြင်းမရှိသည့် နေရာများမှ တောင်သူများစုပေါင်း၍ ဖော်ထုတ်လိုကြောင်း တင်ပြလာပါက တစ်ဧကလျှင် ကျပ် ၁၆ဝ,ဝဝဝ ခန့်ဖြင့် စက်မှုလယ်ယာ ဦးစီးဌာနမှ ဖော်ထုတ်ပေးနေကြောင်း သိရသည်။ဖော်ထုတ်ခဲ့ပြီးသည့် စနစ်ကျ လယ်ယာကွက်ပေါင်း ငါးသောင်းကျော်အနက် အစိုးရသစ် လက်ထက်တွင် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အထိ ဧကသုံးသောင်းကျော် ဖော်ထုတ်ခဲ့ကြောင်း၊ ပြည်နယ်များတွင် ကချင် ၁၃၆ဝ ဧက၊ ကယား ၄၁၉ ဧက၊ ကရင် ၁၃၁၁ ဧက၊ မွန် ၇၄၅ ဧက၊ ရခိုင် ၁ဝ၃၉ ဧက၊ ရှမ်း ၄၃၄ ဧကနှင့် တိုင်းဒေသကြီးတို့တွင် မကွေး ၉၅၃ ဧက၊ ပဲခူး ၇၃၁၃ ဧက၊ တနင်္သာရီ ၂ဝဝ ဧက၊ မန္တလေး ၁၅၅၅ ဧက၊ စစ်ကိုင်း ၁၃၉၇ ဧက၊ ဧရာဝတီ ၄၇ဝ၈ ဧက၊ ရန်ကုန် ၄၂၈၆ ဧကတို့ ဖော်ထုတ်ခဲ့ကြောင်း၊ နေပြည်တော်တွင် ၉၄၂၄ ဧကဖြင့် အများဆုံးဖော်ထုတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent