ရွေးကောက်ပွဲအတွက် စည်းရုံးခွင့် မရှိသေးချိန် NLD ကို မဲပေးပါဟု မဲဆွယ်ခြင်း မပြုရန် ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရွေးကောက်ပွဲအတွက် စည်းရုံးခွင့် မရှိသေးချိန် NLD ကို မဲပေးပါဟု မဲဆွယ်ခြင်း မပြုရန် ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 2 March 2015

ရွေးကောက်ပွဲအတွက် စည်းရုံးခွင့် မရှိသေးချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးပါဟု မဲဆွယ်ခြင်း မပြုရန်နှင့် ပြည်သူကို ဖြောင့်မတ်စွာ ဆက်ဆံရန် မတ် ၁ ရက်က ပဲခူးတိုင်း ပြည်မြို့တွင် ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် (၁ဝဝ) ပြည့် ဂုဏ်ပြုဟောပြောပွဲတွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ယင်းဂုဏ်ပြု ဟောပြောပွဲတွင် ပြည်ခရိုင် NLD လူငယ်အဖွဲ့မှ တေးသရုပ်ဖော် တင်ဆက်မှုများ ပြုလုပ်ခဲ့ရာ NLD ကို မဲပေးပါဟူသည့် အသုံးအနှုန်းအချို့ ထည့်သွင်းဖျော်ဖြေမှုများ ပြုလုပ်ခဲ့ရာ ယင်းသို့ဖျော်ဖြေမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်ရှိလု့ိ ပြောရမယ်။ အခုအချိန်ဟာ ကျွန်မတို့ ရွေးကောက်ပွဲအတွက် စည်းရုံးခွင့်ရှိသေးတဲ့အချိန် မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ နောက်ပိုင်းအစီအစဉ်ဟာ ရွေးကောက်ပွဲမှာ မဲထည့်ပါလို့ ပြောတာဟာ မလုပ်သင့်တဲ့ ကိစ္စမို့လို့ ကျွန်မရဲ့ အဖွဲ့ချုပ်အတွက် ကျွန်မ တောင်းပန်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ပိုင်ခွင့်ရှိတဲ့ အချိန်ဆိုလို့ရှိရင် ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကန့်သတ်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ သူတို့ သတ်မှတ်လိုက်ပြီးတော့ ဒီအချိန်ကနေစပြီးတော့ ရွေးကောက်ပွဲ မဲဆွယ်လို့ရပြီ ဆိုလို့ရှိရင် ကျွန်မတို့ ရွေးကောက်ပွဲ မဲဆွယ်နိုင်တယ်။ ကျွန်မတို့ ရွေးကောက်ပွဲမှာ နိုင်ချင်တယ်။ ဒါပေမဲ့ မှန်ကန်တဲ့နည်းနဲ့ပဲ နိုင်ချင်တယ်။ ဘယ်နည်းနဲ့မဆို နိုင်ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့ မလုပ်သွားဘူး။ ဒီလို ကျွန်မပြောလို့ ဖျော်ဖြေရေး အစီအစဉ်အတွက် အင်မတန်မှ အားစိုက်ထားတဲ့ လူငယ်တွေ နည်းနည်းတော့ စိတ်မကောင်းဖြစ်မှာပေါ့။ ဒါပေမဲ့ ကိုယ့်အမှားကို ကိုယ်ရင်ဆိုင်နိုင်ရမယ်။ နောင် ဒီလိုမဖြစ်အောင် လုပ်နိုင်ရမယ်။ ဒီလို လူငယ်တွေကို ပြုစုပျိုးထောင်နိုင်မှ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် ကောင်းမယ်။ ခံစရာရှိရင် ခံရဲရမယ်။ ဖေဖေ ပြောခဲ့တယ် လုပ်ရဲတာ သတ္တိမဟုတ်ဘူး ခံရဲတာ သတ္တိတဲ့။ မမှန်တာလုပ်လို့ရှိရင် မမှန်တာ လုပ်တဲ့အတိုင်းပဲ အပြောခံရမယ်။ ဒါဟာ ကျွန်မတို့ မှန်ကန်တဲ့ နိုင်ငံရေးပဲ” ဟု ဆိုသည်။လူဆိုသည်မှာ မှားတတ်သည့်အတွက် လူများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ဆောင်မှုတွင်လည်း အမှားအယွင်းမရှိ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း၊ သို့ရာတွင် အမှားရှိပါက ရင်ဆိုင်ရဲရမည်ဖြစ်ပြီး အမှားကို ပြုပြင်ရမည်ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်အချို့က ငါတို့ဘယ်တော့မှ မမှားဘူးဆိုသည့် ပုံစံမျိုးဖြင့် ရပ်တည်နေကြောင်း၊ ယင်းသည် မည်သူ့ကိုမျှ အကျိုးမပြုဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “ငါဘယ်တော့မှ မမှားနိုင်ဘူးဆိုပြီးတော့ ထင်တဲ့သူဟာ ဘယ်လိုလုပ်ကိုယ့်ကို ပြန်ပြုနိုင်မလဲ။ ငါလည်း မှားနိုင်တာပဲ။ အားနည်းချက်တွေ ရှိနိုင်တာပဲဆိုတာ လက်ခံမှ ကိုယ့်ကိုပြုပြင်ပြီးတော့ ရှေ့ကို တက်နိုင်မှာပါ။ ကျွန်မတို့ ပြည်သူနဲ့ ဆက်ဆံတဲ့အခါမှာ ဖြောင့်ဖြောင့်မတ်မတ်ပဲ ဆက်ဆံချင်တယ်။ ဖြောင့်မတ်တဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးပဲ လုပ်ချင်တယ်။ ဖေဖေဟာ ဖြောင့်မတ်တဲ့၊ သန့်ရှင်းတဲ့ နိုင်ငံရေး လုပ်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ ပြည်သူလူထုက အားကိုးနိုင်တဲ့ လေးစားနိုင်တဲ့ ခေါင်းဆောင်ဖြစ်ခဲ့တယ်” ဟု ပြောကြားသည်။ပြည်သူများ အနေဖြင့်လည်း ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးဆပ်လို ဂုဏ်ပြုလိုပါက ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်သည့် နိုင်ငံအဖြစ် ရောက်ရှိအောင် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးသည် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး တာဝန်သိစိတ်ဖြင့် နိုင်ငံကောင်းမွန်အောင် လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ဖေဖေက ဘယ်လိုနိုင်ငံ ထူထောင်ချင်လဲဆိုတော့ ညီညွတ်တဲ့စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ချင်တာ။ ကျွန်မတို့နိုင်ငံဆိုတာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ။ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုဟာ ညီညွတ်ဖို့ ဆိုလို့ရှိရင် အားလုံးဟာ သဘောထားကြီးဖို့ လိုတယ်။ ကျွန်မတို့ အားလုံးဟာ ငါတို့ ဘာရနိုင်လဲလို့ စဉ်းစားနေရင် ညီညွတ်မှုကို တည်ဆောက်လို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်သည် ပြည်မြို့ခရီးစဉ်တွင် ပြည်မြို့ရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခြင်း၊ ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent