အာဏာပိုင်များ မကြိုက်အောင် လုပ်ဆောင်ရုံနှင့် မိသားစု မည်ကဲ့သို့ နစ်နာမလဲ ဆိုသည်ကို စဉ်းစားနေရသည့် အခြေအနေ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာပင် ရှိနေသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အာဏာပိုင်များ မကြိုက်အောင် လုပ်ဆောင်ရုံနှင့် မိသားစု မည်ကဲ့သို့ နစ်နာမလဲ ဆိုသည်ကို စဉ်းစားနေရသည့် အခြေအနေ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာပင် ရှိနေသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 2 March 2015
သက်ပိုင်ဇော်၊ ဝေလင်း၊ အောင်ဇော်ထွန်း၊ မျိုးမင်းထက်

ပြည်သူများအနေဖြင့် အာဏာပိုင်များ မကြိုက်အောင် လုပ်ဆောင်ရုံနှင့် မိမိ၏ မိသားစု မည်ကဲ့သို့ နစ်နာမလဲ ဆိုသည်ကို စဉ်းစားနေရသည့် အခြေအနေမျိုး ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းမှာပင် ရှိနေသေးဟု မတ် ၂ ရက်က မကွေးတိုင်း အောင်လံမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၂ ရက် နံနက်တွင် ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင်လည်း လူထုတွေ့ဆုံဟောပြောမှု ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် အောင်လံမြို့တွင် လူထုတွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က “လွတ်လပ်ရေးရပြီးနောက်မှာ KNU ပေါ့။ ကရင်အမျိုးသား အဖွဲ့အစည်းကနေ လက်နက်ကိုင်ပြီးတော့ တိုက်တဲ့အခြေအနေမှာ ရောက်တဲ့အခါ ဝန်ကြီးအဖွဲ့ထဲမှာပါတဲ့ ကရင်တိုင်းရင်းသား ဝန်ကြီးတစ်ယောက်ကို အစိုးရကနေ ယာယီ ထိန်းသိမ်းထားလိုက်တယ်။ လက်နက်ကိုင်တဲ့ ကရင်တပ်တွေနဲ့ အဆက်အသွယ် ရှိသလားဆိုတဲ့ သံသယနဲ့ပေါ့ ထိန်းသိမ်းထားတယ်။ ထိန်းသိမ်းထားတော့ ဒီဝန်ကြီးရဲ့ မိသားစုက ရန်ကုန်မှာ နေစရာမရှိတော့ ဝန်ကြီးကို ထိန်းသိမ်းလိုက်ပြီဆိုတော့ ဝန်ကြီးရာထူးလည်း ပျောက်သွားပြီဆိုတော့ ဝန်ကြီးအိမ်လည်း စွန့်လွှတ်ရတာပေါ့။ အဲဒီတော့ မေမေတို့ကလည်း မိတ်ဆွေတွေပဲဆိုပြီး အိမ်ပေါ်မှာပဲ တင်ထားတယ်။ ဝန်ကြီးကတော်ရယ် ဝန်ကြီးရဲ့ ကလေးတွေရယ်။ အဲဒီတုန်းက ဘယ်သူကမှ ဒါကို စိုးရိမ်စရာလို့လည်း မမြင်ဘူး။ ဒါဟာ သဘာဝကျတယ်လို့ပဲ မြင်တယ်။ ကိုယ့်မိတ်ဆွေတွေ ကိုယ့်ရဲ့ အသိအကျွမ်းတွေ အခက်အခဲနဲ့ တွေ့ကြုံရရင် ကူရမှာပေါ့။ အိမ်ပေါ်မှာ တင်ထားတာ ဘယ်သူကမှလည်း ထောက်လှမ်းရေးကလည်း ဘာထောက်လှမ်းရေးကမှ လာမမေးဘူး။ ဘယ်သူကမှလည်း ပြဿနာဖြစ်အောင် မလုပ်ဘူး။ မိတ်ဆွေ အချင်းချင်း ကူညီတာပဲဆိုပြီး လက်ခံတယ်။ အဲဒါဟာ ဒီမိုကရေစီရဲ့ အားသာချက် တစ်ခုပဲ” ဟု ပြောကြားသည်။မတ် ၂ ရက်က မကွေးတိုင်း အောင်လံမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဟောပြောနေစဉ်
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ဒီဝန်ကြီးကိုတော့ အဲဒီအချိန်က စစ်ဆေးနေတယ်။ ဒါပေမဲ့ ဝန်ကြီးကို စစ်ဆေးနေလို့ ဝန်ကြီးကတော်နဲ့ ဝန်ကြီးသားသမီးတွေမှာ အပြစ်ရှိတာ မဟုတ်ဘူး။ သူတို့မှာ ဘာအပြစ်မှ မရှိဘူး။ ဝန်ကြီးကို စစ်ဆေးတာနဲ့ သူ့ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် လိုက်ပြီးတော့ ဒုက္ခပေးတယ်ဆိုတာ ဒီမိုကရေစီစနစ် မဟုတ်ပါဘူး။ အဲဒီတုန်းက ကျွန်မတို့နိုင်ငံမှာ ပြည်သူလူထုက စိတ်လုံခြုံမှု ရှိတယ်ဆိုတာ စဉ်းစားကြည့်ပါ။ အခုခေတ်မှာ ဆိုလို့ရှိရင် ကိုယ်တစ်ယောက်တည်း အာဏာပိုင်တွေ မကြိုက်အောင် လုပ်တာနဲ့ ကိုယ့်မိသားစု ဘယ်လိုများ နစ်နာမလဲဆိုတာကို အများကြီး စဉ်းစားရသည့် အခြေအနေဟာ အခု ၂ဝ၁ဝ နောက်ပိုင်းမှာတောင် ရှိနေသေးတယ်။ ၂ဝ၁ဝ အရင်ပိုင်းကတော့ ပိုဆိုးတာပေါ့။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲက အဖွဲ့ဝင်တွေဆိုရင် ဒါကို ကောင်းကောင်း နားလည်ပါတယ်။ ဘယ်လို အန္တရာယ်တွေကြားက လုပ်ရတယ်ဆိုတာ” ဟု ပြောကြားသည်။ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်သည့် နိုင်ငံမှာ မိမိနိုင်ငံ၏ ပြည်သူလူထုကို လွတ်လပ်ပြီးလုံခြုံသည့် လူထုဖြစ်အောင် ပို့ဆောင်မည့်စနစ် ထူထောင်နိုင်သော နိုင်ငံဖြစ်ကြောင်း၊ ယင်းကဲ့သိုသော နိုင်ငံမျိုးဖြစ်အောင် လက်ရှိအချိန်ထိ ကြိုးစားနေဆဲ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ဒီလိုနိုင်ငံမျိုး ဒီလိုစနစ်မျိုး ကျွန်မတို့နိုင်ငံမှာ အမြစ်မတွယ်သေးပါဘူး။ ဒီလို အမြစ်တွယ်သွားမှ ကျွန်မတို့ ပြည်သူတွေဟာ လွတ်လည်း လွတ်လပ်မယ်။ လုံလည်း လုံခြုံမယ်။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်အကောင်းဆုံးနည်းနဲ့ ဖန်တီးနိုင်မယ့် အခွင့်အရေးတွေ ရမယ်။ အဲဒီလို အခွင့်အရေးတွေရမှ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်။ ချမ်းသာမယ်။ ဒီလိုလမ်းပေါ်မှာ သွားဖို့အတွက် ပထမဆုံး စရမှာက အချင်းချင်း ညီညွတ်မှုရှိဖို့ပဲ။ အဲဒါကတော့ ဘယ်သွားသွား ဆော်ဩရပါတယ်” ဟု ၎င်းက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ၊ ဇလွန်နှင့် ဟင်္သာတမြို့များတွင် လူထုတွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး မတ် ၁ ရက်တွင် အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့များနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် လူထုတွေ့ဆုံမှု ပြုလုပ်ခဲ့သည်။   

Most Read

Most Recent