ဘာစီလိုနာတွင် ကျင်းပသော ကမ္ဘာ့မိုဘိုင်းပြပွဲတွင် အာရှကုမ္ပဏီများက စမတ်ဖုန်းသစ်များ၊ စမတ်နာရီသစ်များ မိတ်ဆက်ပြသ

ဘာစီလိုနာတွင် ကျင်းပသော ကမ္ဘာ့မိုဘိုင်းပြပွဲတွင် အာရှကုမ္ပဏီများက စမတ်ဖုန်းသစ်များ၊ စမတ်နာရီသစ်များ မိတ်ဆက်ပြသ
Published 2 March 2015

ကမ္ဘာ့မိုဘိုင်းနည်းပညာ လုပ်ငန်းတွင် အကြီးမားဆုံး ပြပွဲတစ်ခုဖြစ်သော Mobile World Congress (MWC) ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။ နောက်ဆုံးပေါ်နည်းပညာ ထုတ်ကုန်များကို မိတ်ဆက်ပြသပြီး နည်းပညာ တိုးတက်မှုများကို ဆွေးနွေးကြမည့် ယင်းပွဲတော်ကို မတ် ၂ ရက်မှစပြီး လေးရက်ကြာ ကျင်းပမည်ဖြစ်သည်။MWC တွင် အာရှဖုန်းကုမ္ပဏီများက နောက်ဆုံးပေါ်နည်းပညာသုံး စမတ်ဖုန်းများ၊ စမတ်နာရီများနှင့် အခြားနည်းပညာ ထုတ်ကုန်များကို မိတ်ဆက်ပြသခဲ့ကြသည်။ တောင်ကိုရီးယား နည်းပညာကုမ္ပဏီဖြစ်သည့် ဆမ်ဆောင်းက Galaxy S6 နှင့် Galaxy S6 Edge တို့ကို မိတ်ဆက်ခဲ့သည်။LG ၏ စမတ်နာရီသစ် LG Watch Urbane LTE (Photo:AFP)
မတ် ၁ ရက်တွင် မိတ်ဆက်ခဲ့သော ဆမ်ဆောင်း၏ ဖုန်းသစ်သည် ယခင် S5 ဖုန်းထက် ဒီဇိုင်းပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည်။ သတ္တုကိုယ်ထည်ကို သုံးစွဲထားပြီး မျက်နှာပြင်နှင့် ကျောဘက်ကို နောက်ဆုံးပေါ် အမာဆုံး Gorilla Glass 4 ကို သုံးစွဲထားသည်။ သို့သော်လည်း ဆမ်ဆောင်း၏ ဖုန်းသစ်သည် ယခင်ကဲ့သို့ ဘက်ထရီကို အစားထိုး၍ရမည် မဟုတ်တော့ပေ။ ထို့ပြင် Galaxy S6 သည် MicroSD ထည့်သွင်းသုံးစွဲ၍လည်း မရတော့ကြောင်း သိရသည်။ မျက်နှာပြင် အစွန်နှစ်ဖက် ကွေးထားသော ဖုန်းအသစ် Galaxy S6 Edge ကိုလည်း မိတ်ဆက်ပြသခဲ့သည်။ ဆမ်ဆောင်းသည် ဖုန်းအသစ်များကို ဧပြီ ၁၀ ရက်တွင် နိုင်ငံ ၂၀ ၌ စတင်ရောင်းချမည်ဖြစ်သည်။ဟွာဝေ၏ စမတ်နာရီသစ် Huawei Watch ကို ဟွာဝေ၏ လူသုံးကုန်ပစ္စည်း လုပ်ငန်းအမှုဆောင် အရာရှိချုပ် ရစ်ချက်ယူ (Photo:AFP)
တောင်ကိုရီးယား နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် LG ကလည်း မျက်နှာပြင်ကွေးထားသော စမတ်ဖုန်းသစ် LG Flex 2 နှင့် စမတ်နာရီသစ် နှစ်မျိုးတို့ကို မိတ်ဆက်ခဲ့သည်။ ထိုင်ဝမ်နည်းပညာကုမ္ပဏီ HTC ကလည်း နောက်ဆုံးပေါ် ဖုန်းသစ်တစ်မျိုးဖြစ်သည့် One M9 ကိုလည်း မိတ်ဆက်ခဲ့သည်။ တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေကလည်း ၎င်း၏ ပထမဆုံး စမတ်နာရီကို မိတ်ဆက်ပြသခဲ့သည်။ ဟွာဝေ၏ စမတ်နာရီသည် ၁ ဒသမ ၄ လက်မ အချင်းရှိသော မျက်နှာပြင်ဝိုင်းကို သုံးစွဲထားပြီး သံမဏိကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။Apple သည် ဘာစီလိုနာတွင် ကျင်းပသော မိုဘိုင်းနည်းပညာပြပွဲကို ပါဝင်ပြသလေ့ မရှိဘဲ ရှောင်ရှားလေ့ရှိသည်။ သို့သော် Apple သည် ဧပြီတွင် ထုတ်ကုန်သစ် Apple Watch ကို စတင်ရောင်းချရန် စီစဉ်နေသည်။                 Ref:AFP

Most Read

Most Recent