ရုရှား အတိုက်အခံခေါင်းဆောင် လုပ်ကြံ သတ်ဖြတ်ခံရခြင်း၏ နောက်ဝယ်

ရုရှား အတိုက်အခံခေါင်းဆောင် လုပ်ကြံ သတ်ဖြတ်ခံရခြင်း၏ နောက်ဝယ်
Published 2 March 2015
နရီမင်း

ဖေဖော်ဝါရီ ၂၇ ရက် ညသန်းခေါင်ယံအချိန် ကျော်လွန်ပြီးကာစဝယ် ကရင်မလင် တံတိုင်းကြီးအနီး တံတားတစ်ခုပေါ် ဖြတ်သန်းလျက် အသက် ၅၅ နှစ်အရွယ် ရုရှားအတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ် လမ်းလျှောက်လာသည်။ သူ၏အနီးမှ ကားတစ်စီး ဖြတ်သန်းသွားသည်။ ကားပေါ်မှ ပစ်ခတ်သံများ ထွက်ပေါ်လာကာ နမ်ဆော့ဗ် လဲကျသွားသည်။ ကျည်ဆန်လေးတောင့် သူ၏ကျောသို့ထိမှန်ကာ နမ်ဆော့ဗ် သေခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင်များ၊ ဂျာနယ်လစ်များနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ အခင်းဖြစ်ပွားရာ နေရာသို့ အပြေးအလွှား ရောက်ရှိလာချိန်၌ ပလက်ဖောင်းပေါ်၌ လဲကျနေသော သူ၏အလောင်းကို တွေ့ရသည်။ မော်စကိုတွင် နောက်ဆုံး လုပ်ကြံသတ်ဖြတ်ခံရသူမှာ လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ စတန်နီဆလက်ဗ်မာကီလော့ဗ်ဖြစ်သည်။ သူသည် ၂ဝဝ၉ ခုနှစ်က မြေအောက် မီးရထားဘူတာရုံတစ်ခု အပြင်ဘက်၌ ဂျာနယ်လစ် အန်နာစတေးရှားဘာဘူရိုဗာနှင့်အတူ သတ်ဖြတ်ခံခဲ့ရသည်။ ယင်းမတိုင်မီက ထင်ရှားသော အမျိုးသမီး ဂျာနယ်လစ် အင်နာပိုလစ်ကော့စကားယားသည် ၂ဝဝ၆ ခုနှစ်၌ နေအိမ်ခန်းအတွင်း သတ်ဖြတ်ခံခဲ့ရသည်။ မော်စကိုမြို့တွင် ထိုကဲ့သို့ ပစ်သတ်မှုများ ဖြစ်ပွားခဲ့ပြီး ခြောက်နှစ်အကြာတွင် နမ်ဆော့ဗ် လုပ်ကြံသတ်ဖြတ်ခံရမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။၁၉၉ဝ ပြည့်လွန်နှစ်များအတွင်း နမ်ဆော့ဗ်သည် သမ္မတ ဘောရစ်ယဲ့ဆင်လက်ထက် အလျင်အမြန် ရာထူးတက်လာသော ထက်မြက်သည့်လူငယ် ပြုပြင်ပြောင်းလဲရေးသမားများထဲမှ တစ်ဦးဖြစ်သည်။ နမ်ဆော့ဗ်သည် နီဇနီနိုဂိုရော့ဒေသ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သို့သော် ပူတင် အာဏာရလာသည့်အခါ နမ်ဆော့ဗ်သည် လိုက်လျောညီထွေ မပြုနိုင်ခဲ့ဘဲ ၂ဝဝ၃ ခုနှစ်တွင် ရုရှားပါလီမန်မှ ထုတ်ပယ်ခံခဲ့ရသည်။ သူသည် အတိုက်အခံပါတီ အမျိုးမျိုးနှင့် အတိုက်အခံ လှုပ်ရှားမှု အမျိုးမျိုးတွင် ပါဝင်လာခဲ့ပြီး သူ၏ စိတ်အားထက်သန်မှုနှင့် ဩဇာတိက္ကမ ရှိမှုတို့က သိသာထင်ရှား ခဲ့သော်လည်း လူကြိုက်များသော နိုင်ငံရေးသမား မဖြစ်ခဲ့ပေ။ နမ်ဆော့ဗ်သည် ၂ဝဝ၉ ခုနှစ်တွင် ဆိုချီမြို့တော်ဝန် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ သူ၏ နောက်ဆုံးပါတီမှာ R.P.R-PARNAS ဖြစ်သည်။ ယင်းပါတီသည် ပူတင်၏ ဗဟိုချုပ်ကိုင်မှု အာဏာကို ဆန့်ကျင်သည့် လစ်ဘရယ်ကျသော လွတ်လပ်သည့် ဈေးကွက်ကို ဖော်ဆောင်လိုသော အင်အားစုဖြစ်သည်။ သို့သော် သူ၏ပါတီသည် ဒူးမားလွှတ်တော်တွင် အမတ်နေရာရရန် လိုအပ်သော အနိမ့်ဆုံး သတ်မှတ်ချက် ငါးရာခိုင်နှုန်းပင် မရခဲ့ပေ။မကြာသေးမီ နှစ်များအတွင်း အလက်ဆေးနာဗာညီကဲ့သို့သော အတိုက်အခံ ပုဂ္ဂိုလ်များကြောင့် နမ်ဆော့ဗ်မှာ မှေးမှိန်နေခဲ့သော်လည်း အထင်ရှားဆုံးနှင့် အခိုင်မာဆုံး အတိုက်အခံတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်နှောင်းပိုင်းနှင့် ၂ဝ၁၂ ခုနှစ်အစောပိုင်း မော်စကိုမြို့၏ တိုတောင်းလှသော ဆန္ဒပြ ရာသီအတွင်း ဆန္ဒပြပွဲတိုင်းလိုလို၌ နမ်ဆော့ဗ်သည် အားကောင်းမောင်းသန် မိန့်ခွန်းပြောသူ တစ်ဦးအဖြစ် ရှိခဲ့သည်။ နမ်ဆော့ဗ်သည် ပူတင်ခေတ်အတွင်း ခြစားမှုများနှင့် ပတ်သက်၍ အစီရင်ခံစာပေါင်း များစွာကို ရေးသားခဲ့ပြီး ဆိုချီအိုလံပစ် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်စဉ်အတွင်း လာဘ်စားမှုများနှင့် လိမ်လည်မှုများအကြောင်း ရေးသားထားသည့် သူ၏ ၂ဝ၁၃ အစီရင်ခံစာကို ရုရှားနိုင်ငံ၏ လွတ်လပ်သော စာနယ်ဇင်းများနှင့် အနောက်တိုင်း ဂျာနယ်လစ်များက အကြီးအကျယ် ကိုးကားခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် နမ်ဆော့ဗ် သေဆုံးခဲ့ပြီးနောက် နမ်ဆော့ဗ်၏ ရေရှည်လက်တွဲလာခဲ့သော မိတ်ဆွေနှင့် မဟာမိတ် အီလီယာယာရှင်က နမ်ဆော့ဗ်သည် ယူကရိန်းစစ်ပွဲ၌ ရုရှားအစိုးရ၏ ပါဝင်ပတ်သက်မှုအကြောင်း အစီရင်ခံစာ အသစ်တစ်စောင် ပြင်ဆင်ထားခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုအခါ အဆိုပါ အစီရင်ခံစာကို စာရေးသူ သေဆုံးပြီးနောက်မှ ထုတ်ဝေရဖွယ် ရှိနေသည်။Photo:AFP
နမ်ဆော့ဗ်သည် မတ်လ ၁ ရက်တွင် ရုရှားအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး ပြုလုပ်ရန် ပြင်ဆင်ထားသူလည်း ဖြစ်သည်။ သူ အသတ်မခံရမီ နာရီပိုင်းအလိုတွင် နမ်ဆော့ဗ်သည် ရေဒီယိုအင်တာဗျူးတစ်ခု ပြုလုပ်လျက် လူထုကို ချီတက်ဆန္ဒပြပွဲကြီး၌ ပါဝင်ကြရန်နှင့် ရုရှားနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းများသည် ယူကရိန်းနှင့် ပတ်သက်သော ပူတင်၏ မူဝါဒနှင့် ဆက်နွှယ်နေကြောင်း ပြောကြားခဲ့သည်။ နမ်ဆော့ဗ်က “အကျပ်အတည်းအတွက် အရေးအကြီးဆုံး အကြောင်းရင်းကတော့ ရန်လိုမှုပါပဲ။ ရန်လိုမှုက ပိတ်ဆို့ခံရမှုတွေဆီ ဦးတည်သွားပြီး အထီးကျန် ဖြစ်စေတယ်” ဟု ပြောကြားခဲ့သည်။နမ်ဆော့ဗ် ဘာကြောင့် အသတ်ခံရသလဲ။ နမ်ဆော့ဗ်ကိုသတ်ရန် အမိန့်ပေးခဲ့သူကို မသိသော်လည်း လက်ရှိနိုင်ငံရေးဝန်းကျင်က ယခုကဲ့သို့ဖြစ်လာရန် တွန်းပို့ခဲ့ကြောင်း သဘောပေါက်နိုင်သည်။ လွန်ခဲ့သည့်နှစ်အတွင်း ခရိုင်းမီးယားကို ရုရှားပိုင်နက်အတွင်းသို့ သွတ်သွင်းခဲ့မှုနှင့် ယူကရိန်းအရှေ့ပိုင်း စစ်ပွဲတို့ကြောင့် ရုရှားသည် နိုင်ငံရေးလောက၌ အသစ်တစ်ဖန် ခေါင်းထောင်ထလာသည်။ ပို၍ ကြမ်းကြုတ်လာသော မူရင်းလမ်းကြောင်းအတိုင်း ဇွတ်မှိတ်လိုက်သော ပုံစံ ပေါ်လာသည်။ ပူတင်အုပ်စိုးသည့် ပထမ ဆယ်စုနှစ်အတွင်း ရုရှားအစိုးရသည် သူ၏ အတိုက်အခံများကို ငတုံးများပုံစံပေါက်အောင် သရုပ်ဖော်ခဲ့သည်။ ယခုအခါတွင်မူ ရုရှားအစိုးရက သူ၏ အတိုက်အခံများကို နိုင်ငံတော်၏ ထင်ရှားလာသည့် ရန်သူများအဖြစ် သရုပ်ဖော်လာသည်။ ခရိုင်းမီယားကို သိမ်းပိုက်ပြီးနောက် လွန်ခဲ့သည့် မတ်လက ပါလီမန်တွင် ပြောကြားသည့် မိန့်ခွန်းတွင် ပူတင်က အမျိုးသားသစ္စာဖောက် အုပ်စုများသည် နိုင်ငံအတွင်း သဘောထားကွဲလွဲမှုများ ကြီးထွားလာအောင် ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။ ပူတင်က အဆိုပါအုပ်စုကို ‘ပဉ္စမမြောက်ကော်လံ’ ဟု အမည်တပ် သတိပေးခဲ့သည်။ ပူတင် ရည်ညွှန်းသူများကို စာရင်းချကြည့်မည် ဆိုပါက သိသာထင်ရှားသူများ ရှိသည်။ အတိုက်အခံအုပ်စုတွင် လူကြိုက်အများဆုံး ခေါင်းဆောင်ဖြစ်လာသည့် ခြစားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ နာဗာညီ၊ လစ်ဘရယ်လေသံဖြင့် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သည့် ရေဒီယိုအသံလွှင့်ဌာန Echo of Moscow ၏ အယ်ဒီတာချုပ် အလက်ဆေးဗီနီဒစ်တော့ဗ်နှင့် ရုရှားအစိုးရလိုလားသော တက်ကြွလှုပ်ရှားသူများနှင့် ဝါဒဖြန့်ချိသူများကို ပြင်းပြင်းထန်ထန် တန်ပြန်ဆန့်ကျင်ရာ၌ ထင်ရှားသော နမ်ဆော့ဗ်တို့ဖြစ်သည်။လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်က ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် နမ်ဆော့ဗ်သည် ပူတင်က သူ့အားသတ်ဖြတ်နိုင်သည်ကို စိုးရိမ်မိကြောင်း ဝန်ခံခဲ့သည်။ သို့သော် ‘သိပ်မဖြစ်နိုင်’ ဟုလည်း ဆိုခဲ့သည်။ နမ်ဆော့ဗ် သေဆုံးခဲ့ပြီး နာရီပိုင်းအတွင်း နမ်ဆော့ဗ်နှင့်အတူ R.P.R-PARNAS ပါတီကို ပူးတွဲထူထောင်သူ ဗလာဒီမာရီဇကော့က Echo of Moscow ကို နမ်ဆော့ဗ်သေဆုံးမှုနှင့် ပတ်သက်၍ ပြောကြားရာ၌ အစိုးရနှင့် အစိုးရကို ထောက်ခံသူများက လုပ်ကြံဖန်တီးထားသည့် အမုန်းတရားဝန်းကျင်ကို အပြစ်တင်ခဲ့သည်။ ပူတင်ကမူ နမ်ဆော့ဗ်သတ်ဖြတ်ခံရမှုအား နိုင်ငံရေးဆိုင်ရာအရ တမင်လှုံ့ဆော်မှု ဖန်တီးခြင်းဟု စွပ်စွဲထားသည်။ နမ်ဆော့ဗ် သေဆုံးမှုသည် စတာလင်ခေတ်ကကဲ့သို့ နိုင်ငံရေး သုတ်သင်မှုလှိုင်းကြီး၏ ရှေ့ပြေးနိမိတ် ဖြစ်လာမည်လား။ လက်ရှိ နိုင်ငံရေး အနေအထားအရ ဘာမဆို ဖြစ်နိုင်သည်။ အာဏာပိုင်များ အနေဖြင့် ၎င်းတို့အတွက် နိုင်ငံရေး အန္တရာယ် အနည်းငယ်မျှ ပေးလာနိုင်လျှင်ပင် မည်သူ့ကိုမဆို သတ်ဖြတ်ပစ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သို့သော် ယင်းက ၎င်းတို့အနေဖြင့် ရေရှည်တွင် မည်သို့မျှ ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်တော့သည့် အဆိပ်ပြင်းသည့် အမုန်းတရားတစ်ရပ် ပေါ်ထွက်လာအောင် ပြုလုပ်ပေးလိုက်သကဲ့သို့ ရှိချိမ့်မည်။

Most Read

Most Recent