အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပါအဝင် သပိတ်စစ်ကြောင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် သပိတ်မှောက်ကျောင်းသားများတွေ့ဆုံဆွေးနွေး

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပါအဝင် သပိတ်စစ်ကြောင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် သပိတ်မှောက်ကျောင်းသားများတွေ့ဆုံဆွေးနွေး
Published 27 February 2015
စိုးမင်းထိုက်၊ မျိုးမင်းထက်

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပါအဝင် ပင်မသပိတ်စစ်ကြောင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် သပိတ်မှောက်ကျောင်းသားများတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအပြီး သပိတ်မှောက်ကျောင်းသားများနှင့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက "လက်ပံတန်းမှာရပ်နားနေတဲ့သပိတ်စစ်ကြောင်းကို စောင့်ကြည့်နေတဲ့သပိတ်စစ်ကြောင်းကို ကိုယ်စားပြုပြီးတော့ ဒီကိုကိုးယောက်လာကြပါတယ်။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ သပိတ်စစ်ကြောင်းနဲ့ပတ်သက်ပြီးတော့ နောက်ပြီးတော့ ဥပဒေပါဥပဒေမူကြမ်းရေးဆွဲရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ မကျေလည်တဲ့ပြဿနာတွေ၊ အကျဉ်းအကျပ်ဆိုက်ရောက်နေတဲ့အခြေအနေတွေ ကျွန်တော်တို့တွေက လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆိုတာရှိခဲ့တယ်။ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအနေနဲ့ ဆက်ပြီးတော့ဖြေရှင်းရမယ်။ ပြဿ နာတွေရှိတယ်။ အဲဒါကို ကျွန်တော်တို့က ဆွေးနွေးဖို့ လွှတ်တော်နာယကနဲ့တွေ့ဆုံဆွေးနွေးဖို့ကြိုးစားပြီးတော့ လာခဲ့တယ်ပေါ့နော်" ဟုပြောကြားသည်။အဆိုပါကျောင်းသားများအနေဖြင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်တွေ့ဆုံခွင့်ပြုရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကစာတင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားစဉ် လွှတ်တော်နာယကနှင့် သပိတ်မှောက်ကျောင်းသားများ တွေ့ဆုံစဉ်"ကျွန်တော်တို့တောင်းဆိုချင်တဲ့ဟာတွေ၊ ပြောချင်တဲ့ဟာတွေ၊ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲနဲ့ ထပ်ပြီးတော့ညှိနှိုင်းဆောင်ရွက်ရမယ့်ဟာတွေ ကျွန်တော်တို့ထပ်ပြီးဆွေးနွေးဆောင်ရွက်ရမယ်။ သပိတ်စစ်ကြောင်း ရန်ကုန်ကို အန္တရာယ်ကင်းကင်းနဲ့ချီတက်လာနိုင်ရေး၊ ရောက်ရှိရေးအတွက်ကို အစိုးရအပေါ်၊ လွှတ်တော်အပေါ် ကျွန်တော်တို့ဆွေးနွေးရမယ့်အချက်တွေရှိတယ်။ ဘာလို့လဲဆိုတော့ ဒါကျွန်တော်တို့ပြောထားပြီးသားလဲဖြစ်တယ်။ အစောကတည်းက ရည်မှန်းချက်ချထားပြီးသားဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့က ဒီဥပဒေအတည်မပြုခြင်း သပိတ်လှန်ထားတာမျိုးမရှိဘူး။ ဒါကြောင့်မို့လို့ ဆက်ပြီးတော့ ကျွန်တော်တို့ဆက်ပြီးတော့ ဘယ်လိုရှေ့ဆက်သွားရမယ်ဆိုတဲ့လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ အကျေအလည်ဆွေးနွေးဖို့အတွက်ကအရေးကြီးတယ်။ ဆွေးနွေးခြင်းဖြင့် အဖြေရှာတဲ့နည်းလမ်းကို ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှစွန့်လွှတ်မှာမဟုတ်ဘူး။ ဆုပ်ကိုင်ထားမှာဖြစ်တယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့တောင်းဆိုချက်တွေကိုရရှိတဲ့အထိ ဆက်လက်ပြီးတော့တောင်းဆိုသွားမယ်" ဟု ကိုကျော်ကိုကိုကပြောကြားသည်။လွှတ်တော်အစည်းအဝေးမစမီအချိန် ဥပဒေကြမ်းကော်မတီနှင့်တွေ့ဆုံရာတွင် "မနက်က ဥပဒေကြမ်းကော်မတီနဲ့တွေ့တာက လွှတ်တော်က အစည်းအဝေးအချိန်နီးလာတဲ့အတွက်ကြောင့် သူတို့ဘက်က မိတ်ဆက်တဲ့သဘောမျိုး၊ ရှင်းပြတဲ့သဘောမျိုးပဲရှိသေးတယ်။ ကျွန်တော်တို့ အကျေအလည်ဆွေးနွေးရခြင်းမရှိသေးဘူး။ အခုအချိန်မှာ ဆက်ပြီးဆွေးနွေးဖို့လိုအပ်ပါတယ်" ဟု ကိုကျော်ကိုကိုကဆိုသည်။"ကျွန်တော်တို့ကျောင်းသားတွေဘက်ကတော့ မိမိတို့ရဲ့မူလရည်မှန်းချက်အတိုင်းပဲဆက်ပြီးဆောင်ရွက်သွားမယ်။ နည်းပရိယာယ်အားဖြင့်တော့ ပုံစံပြောင်းချင်ပြောင်းမယ်။ ဒါပေမဲ့ သပိတ်စစ်ကြောင်း ရန်ကုန်ရောက်ရှိရေးမူသဘောထားကိုတော့ ဆက်ပြီးဆုပ်ကိုင်ထားပါမယ်" ဟု ကိုကျော်ကိုကိုကပြောကြားသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က "အဓိကတော့ အခုလာတဲ့ကျောင်းသားတွေက ပင်မစစ်ကြောင်း လက်ပံတန်းရောက်နေတဲ့သပိတ်စစ်ကြောင်းကကျောင်းသားတွေဖြစ်တယ်။ သူတို့ကို အဓိကတော့ လက်ရှိအခြေအနေကို သူတို့ကျော်လွှားလွတ်မြောက်ဖို့အတွက် ဒါနဲ့ပတ်သက်ပြီးတော့မှ သူတို့အခြေအနေတစ်ခုခု ပျော့ပျောင်းသွားနိုင်အောင်ဆောင်ရွက်ဖို့ ရည်ရွယ်ကြပါတယ်" ဟု မီဒီယာများကိုပြောကြားသည်။ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်တွင် သပိတ်မှောက်ကျောင်းသားများနှင့် လွှတ်တော်နာယကသူရဦးရွှေမန်းတို့တွေ့ဆုံရာတွင် "ကျွန်တော်တို့က ဒီမှာတွေ့ဆုံခွင့်တောင်းထားပါတယ်။ သပိတ်မှောက်ကျောင်းသားတွေရဲ့ကိုယ်စားပြုပြီးတော့လာခဲ့တာပါ" ဟု ကိုကျော်ကိုကိုက သူရဦးရွှေမန်းအားပြောကြားခဲ့ပြီး "တွေ့ဆုံခွင့်က ဒီမှာအလုပ်များတော့ တွေ့ခွင့်တော့မရသေးလို့ပေါ့။  ဥပဒေကြမ်းကော်မတီနဲ့တွေ့ဆုံညှိနှိုင်းလိုက်ပါ" ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြန်လည်ပြောကြားသည်။အမျိုးသားပညာရေးဥပဒေသည် တစ်မျိုးသားလုံးနှင့်သက်ဆိုင်နေပြီး ပြည့်စုံသည့်ဥပဒေဖြစ်ရန်အတွက် နယ်ပယ်အသီးသီးမှအကြံပြုချက်များရယူရမည်ဖြစ်၍ ထိုက်သင့်သည့်အချိန်ယူရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြောကြားထားသည်။အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက အမျိုးသားပညာရေးဥပဒေသည် သာမန်ဥပဒေများနှင့်မတူသည့်အတွက် အဆင့်ဆင့်ကြားနာပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်အတွက် ပြည့်စုံသည့်ဥပဒေဖြစ်ရန်လိုအပ်ကြောင်း၊ ထိုက်သင့်သည့်အချိန်ကာလယူရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် အဆင့်လိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။"ရလဒ်ရယ်လို့တော့ပြောလို့မရဘူးလေ။ သူတို့အနေနဲ့ ရှေ့မှာ လေးပွင့်ဆိုင်သဘောတူညီတဲ့ အဲဒါလေးတွေအကျိုးအကြောင်းပြောပြတယ်။ လက်ရှိအခြေအနေပေါ်မူတည်ပြီး တင်ပြတာတွေရှိတယ်။ ဥပဒေကြမ်းတစ်ခုမှာ ဥပဒေတစ်ခုနဲ့ပတ်သက်ပြီးတော့မှ ဥပဒေတစ်ခုကိုရေးဆွဲဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ရဲ့ ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်တွေအနေအထားရယ်၊ ပြီးတော့ အချိန်ယူရတဲ့ Time Frame ပေါ့နော်။  အဲဒါလေးတွေကို ဥပဒေကြမ်းကော်မတီကရှင်းပြတယ်။ ကျောင်းသားတွေဘက်ကလည်း ဒါလေးတွေနဲ့ပတ်သက်ပြီးတော့မှ သူတို့သိချင်တာတွေမေးကြတယ်။ အမြင်တွေကိုဆွေးနွေးကြတယ်။ ဒီဥပဒေအပေါ် အပြန်အလှန်ဝေဖန်သုံးသပ်ကြတာရယ်၊ ပြီးတော့ ဒါကိုဘယ်လိုကောင်းအောင် ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့အနေအထားမျိုးတွေကို ဆွေးနွေးကြတယ်" ဟု ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ပြောကြားသည်။ဆက်လက်ပြီး ၎င်းက "ဥပဒေကြမ်းကော်မတီကလည်း ဒီနေ့ပြောဆိုဆွေးနွေးတဲ့ဟာတွေအားလုံးကို  လွှတ်တော်နာယကထံကို အသေးစိတ်အစီရင်ခံမှာဖြစ်တယ်။ ဒါတွေအားလုံးဟာ ရှေ့ဆက်လွှတ်တော်ဘက်က ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာတွေကို လွှတ်တော်က စဉ်းစားလို့သုံးသပ်လို့ရသွားမှာဖြစ်တယ်။ ဆွေးနွေးမှုဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်တယ်" ဟုပြောကြားသည်။

Most Read

Most Recent