စီမံကိန်းလုပ်ငန်းများခွင့်ပြုရာတွင် လိုအပ်မှု ရှိ မရှိ၊ အမှန်တကယ်သုံးစွဲမှု ရှိ မရှိကို စိစစ်ရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကပြောကြား

စီမံကိန်းလုပ်ငန်းများခွင့်ပြုရာတွင် လိုအပ်မှု ရှိ မရှိ၊ အမှန်တကယ်သုံးစွဲမှု ရှိ မရှိကို စိစစ်ရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကပြောကြား
Published 27 February 2015

စီမံကိန်းလုပ်ငန်းများခွင့်ပြုရာတွင် လိုအပ်မှု ရှိ မရှိ၊ အမှန်တကယ်သုံးစွဲမှု ရှိ မရှိကို စိစစ်ရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးနန္ဒကျော်စွာကပြောကြားသည်။ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးနန္ဒကျော်စွာက နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်သည့် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။"ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရက စီမံကိန်းလုပ်ငန်းများခွင့်ပြုဆောင်ရွက်ရာတွင် ယခုကဲ့သို့တင်ပြချက်များမှာ အမှန်တကယ် လိုအပ် မလိုအပ်၊ အမှန်တကယ်လိုအပ်ခဲ့လျှင် အမှန်တကယ် သုံး၊ မသုံး အဲဒါတွေကိုစိစစ်ဖို့လိုပါတယ်။ သို့မှသာလျှင် ဖြစ်သင့်တာတွေကိုဖြစ်ဖို့နဲ့ မဖြစ်သင့်တာတွေကိုမဖြစ်ဖို့အတွက် ကောင်းမွန်မှန်ကန်သော တင်ဒါစနစ်ကို လက်တွေ့ကျကျကျင့်သုံးဆောင်ရွက်စေခြင်းအားဖြင့်  ပြည်သူများရဲ့ငွေ၊ နိုင်ငံတကာအစိုးရရဲ့ဘဏ္ဍာငွေများကို မှန်ကန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်" ဟု  ဒုတိယလွှတ်တော်နာယက ဦးနန္ဒကျော်စွာက လွှတ်တော်၌ပြောကြားသည်။လွှတ်တော်အိမ်ရာဆောက်လုပ်ရေးအတွက် အစိုးရအဖွဲ့မှ ခွင့်ပြုငွေ ဘီလျံ ၂၀ ကျော်ရရှိခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအကူအညီဖြင့် တင်ဒါစနစ်ကို စနစ်တကျဆောင်ရွက်ခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကြောင့် အရည်အသွေးပြည့်မီသည့် အဆောက်အအုံများဖြစ်ပေါ်လာမည့်အပြင် ခုနစ်ဘီလျံကျော်ပိုထွက်လာပြီး ပြည်သူ့ငွေကို အလေအလွင့်ဖြစ်စေခြင်းမှကာကွယ်ပေးခဲ့ပြီး ယင်းငွေများကိုလည်း မြို့ပြ၊ ရေသန့်နှင့် လျှပ်စစ်လုပ်ငန်းများတွင် မှန်ကန်စွာအသုံးပြုနိုင်ခွင့်ရခဲ့သည်ဟု ဦးနန္ဒကျော်စွာကဆိုသည်။"ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ဖော်ဆောင်တဲ့အချိန်ကာလမှာ တင်ဒါစာရွက်များကို ယခုကဲ့သို့ စနစ်တကျစီမံဆောင်ရွက်နိုင်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊  စစ်ဆေးခြင်းများဆောင်ရွက်လုပ်ဆောင်နိုင်ခြင်းအားဖြင့် ပြည်သူ့ငွေများကို အလေ့အလွင့်မရှိ သုံးစွဲနိုင်မှာဖြစ်တဲ့အပြင် ဈေးကွက်အရလည်း ကောင်းမွန်သောယှဉ်ပြိုင်မှုများကို ဖြစ်ထွန်းလာစေပြီး အရည်အသွေးလည်း ပိုမိုမြင့်လာစေမှာဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။

Most Read

Most Recent